News

POST TYPE

IT

တရုတ်စီးပွားရေးအဖွဲ့များ ၂၀၁၇ အတွင်း စံချိန်တင်လာရောက်
01-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန်အတွက် ၂၀၁၇ ခုနှစ်အတွင်း တရုတ်စီးပွားရေးအဖွဲ့ ၄၀ ခန့်က မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ သိရသည်။

အဆိုပါ တရုတ်စီးပွားရေး အဖွဲ့များသည် ယခင်နှစ်များက ၁၀ ဖွဲ့ခန့်သာ လာရောက် ဆွေးနွေးခဲ့သော်လည်း ၂၀၁၇ ခုနှစ်အတွင်း အများဆုံး အရေအတွက်ဖြစ်သည့် ၄၀ ခန့် လာရောက် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

“၂၀၁၇ ထဲမှာတော့ ဥရောပဘက်က လာဆွေးနွေးတာ နည်းသွားတယ်။ အမေရိကန် လုပ်ငန်းရှင်တွေလည်း များပါတယ်”ဟု ကုန်သည် စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောဆိုသည်။

ပြည်ပ လုပ်ငန်းရှင် အများစုက မြန်မာအစိုးရ၏ လုပ်ကိုင်ပုံ မပြတ်သားခြင်း၊ ဥပဒေ အားနည်းချက်များနှင့် အခွန်အခများကြောင့် လာရောက် ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေကြပြီး ထိုအချက်များကြောင့်ပင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မဝင်ရောက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော် ကုမ္ပဏီများ ဥပဒေနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို ပြဋ္ဌာန်းပြီးဖြစ်သည့်အတွက် FDI ဝင်ရောက်မှု မြင့်လာမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

လက်ရှိ၌ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်ထားသည့်နိုင်ငံဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်စမှ နိုဝင်ဘာလကုန်အထိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ရောက် ရင်းနှီးမြှုပ်နှံထားကြောင်း အဆိုပါဌာနထံမှ သိရသည်။

S-04

  • VIA