News

POST TYPE

IT

ထိုင်းနိုင်ငံတွင် ၂၀၂၁ အပြီး e-Government စနစ် တိုးမြှင့်ဆောင်ရွက်မည်

ဘန်ကောက်၊ ဒီဇင်ဘာ ၃၁

လာမည့် ငါးနှစ်အတွင်း ထိုင်းနိုင်ငံ အစိုးရဌာနအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်၌ e-Documents စနစ်များကို အသုံးချပြီး e-Government စနစ်ကို အပြည့်အဝ အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် Thailand 4.0 Vision ဆိုသည့် ဦးတည်ချက်များ ချမှတ်ကာ Big Data, Data Centre, Analytics Centre ဌာနများကို တည်ဆောက်၍ e-Government စနစ်ကို အထောက်အပံ့ပေးနိုင်စေရန် စီစဉ်ထားကြောင်း ယင်းသတင်းက ဆိုသည်။

ထိုင်းနိုင်ငံတွင် EGA (Electronic Government Agency) ကို ၂၀၁၆ ခုနှစ်ကတည်းက ဖွင့်လှစ်ကာ အကောင်အထည်ဖော်နေပြီး ၂၀၂၁ ခုနှစ်ကို အပြီးဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

ဒစ်ဂျစ်တယ်အစိုးရ ပရောဂျက်အဖြစ် e-Government စနစ်ကို အကောင်အထည်ဖော်ရာတွင် ငါးနှစ်အတွင်း အစိုးရဌာနပေါင်း ၄၀၀ ၌ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်သည့်အနေအထားကို ရောက်ရှိစေရန် ပြင်ဆင်လျက်ရှိကြောင်း The Nation တွင် ရေးသားထားသည်။

EGA အဖွဲ့မှ ဥက္ကဋ္ဌ ဆက်ဆာခွန်သော့က အစိုးရအဖွဲ့၏ non-stop ဝန်ဆောင်မှုသည် ပြည်သူများကို တစ်နေရာတည်းတွင် အားလုံး အဆင်ပြေစွာဖြင့် ပြီးမြောက်စေမည်ဖြစ်ကြောင်း၊ Website များကတစ်ဆင့် လုပ်ငန်းဆိုင်ရာ မှတ်ပုံတင်ခြင်း၊ အခွန်ပေးဆောင်ခြင်း၊ သက်သေခံကတ်ပြားများ ပြုလုပ်ခြင်းများကို အမြန်ဆုံး၊ အသက်သာဆုံး လုပ်ဆောင်ပေးနိုင်တော့မည်ဟု ပြောကြားသည်။

ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်သက်သေခံကတ်ပြား (Digital ID) များကို အွန်လိုင်းကတစ်ဆင့် စိစစ်ထုတ်ပေးခြင်းများအား လာမည့် ၂၀၁၈ ခုနှစ်က စတင်ပြီး ဆောင်ရွက်သွားမည်ဟု ယင်းကဆိုသည်။

ထိုင်းနိုင်ငံသားများအတွက် ဒစ်ဂျစ်တယ်သက်သေခံကတ်ပြားများကို ထုတ်ပေးရာတွင် လုံခြုံရေးအဆင့်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘဏ်များတွင် ပထမဆုံး အသုံးပြုနိုင်ရန် စီစဉ်ထားသည်။ 

ဘဏ်များအနေနှင့် ဒစ်ဂျစ်တယ်သက်သေခံကတ်များကို ထုတ်ပေးထားခြင်းကြောင့် နိုင်ငံသားတစ်ဦး၏ ဒေတာအချက်အလက်များကို အလွယ်ဆုံးနှင့် အမြန်ဆုံး စစ်ဆေးလာနိုင်မည်ဖြစ်ပြီး၊ လက်ရှိတွင်လည်း ထိုင်းနိုင်ငံ အစိုးရဌာနပေါင်း ၅၆ ခုခန့်တွင် မှတ်ပုံတင်နှင့် မိတ္တူများကို ယူဆောင်လာစရာမလိုအောင် ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း The Nation တွင် ရေးသားထားသည်။