News

POST TYPE

IT

ကမ္ဘာကျော်သိပ္ပံပညာရှင်များ


ရောဘတ်ကော့ 
Robert Koch (1843-1910)

ရောဘတ်ကော့သည် ဂျာမနီနိုင်ငံမှ ဆေးပညာရှင်တစ်ဦးဖြစ်သည်။ Bacteriology နှင့် Microbiology ဆိုသည့် ဆေးဝါးပညာရပ်ဆိုင်ရာ သဘောတရားများကို စတင် ထုတ်ဖော်ခဲ့သူဖြစ်သည်။ ၁၈၇၆ ခုနှစ်တွင် ထောင့်သန်းနာ (Anthrax) ရောဂါဝေဒနာ ကူးစက်ပုံများကို လေ့လာဖော်ထုတ်ခဲ့သလို၊ ၁၈၈၂ ခုနှစ်တွင် တီဘီ (Tuberculosis) ဆိုသည့် ရောဂါကို ဖြစ်စေသော ပိုးမွှားများကိုလည်း ရှာဖွေတွေ့ရှိခဲ့သူဖြစ်သည်။ Koch ဆိုသည့်ဖော်မြူလာတစ်ခုကို ဖော်ထုတ်ခဲ့သူလည်းဖြစ်သည်။ ၁၉၀၅ ခုနှစ်တွင် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိခဲ့သည်။

အစောပိုင်းဘဝ
ဂျာမနီနိုင်ငံ Glausthal တွင် ၁၈၄၃ ခုနှစ်က မွေးဖွားသည်။ အရွယ်နှင့် မလိုက်အောင် ထူးချွန်သည့် ပါရမီရှင်လေး တစ်ယောက်ဖြစ်သည်။ အသက် ၅ နှစ်အရွယ်တွင် သတင်းစာ ဖတ်တတ်နေပြီဖြစ်သည်။ ဂန္ထဝင်စာပေများကို ဖတ်ရခြင်းအားနှစ်သက်ပြီး စစ်တုရင်ကိုလည်း ကျွမ်းကျင်စွာ ထိုးနိုင်သည်။ အထက်တန်း ကျောင်းသားဘဝကတည်းက သိပ္ပံပညာကို စိတ်ဝင်စားခဲ့သည်။ ဇီဝဗေဒပညာရပ်ကို လိုက်စားရန် ဆုံးဖြတ်ခဲ့သည်။ ၁၈၆၆ ခုနှစ်တွင် ဂျာမနီနိုင်ငံ Gottingen တက္ကသိုလ်မှ ဆေးပညာဘွဲ့ကို ရရှိခဲ့သည်။

လုပ်ဆောင်ချက်များ
ဆေးကျောင်းသားဘဝကတည်းက ရောဂါဗေဒပညာရပ်များကို စိတ်ဝင်စားခဲ့သည်။ အထူးသဖြင့် ကူးစက်ရောဂါများအကြောင်းကို လေ့လာသုတေသနပြုခဲ့သည်။ ဂျာမနီနိုင်ငံတောမြို့လေးများကို လှည့်လည်ပြီး ဆေးကုသခဲ့သည်။ ပြင်သစ်-ပရပ်ရှားစစ်ပွဲတွင် ဆေးတပ်ဆရာဝန်အဖြစ် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်ပွဲအပြီးတွင် သူ့ကို Wollstein အရပ်ဒေသဆိုင်ရာ ဆေးအရာရှိအဖြစ် ခန့်အပ်ခြင်းခံရသည်။

သူ၏အဓိကတာဝန်မှာ ထိုနယ်အတွင်း ဖြစ်ပွားနေသော ကူးစက်ရောဂါဝေဒနာများကို လေ့လာရန်ဖြစ်သည်။ သူက ဒေသအတွင်း ဖြစ်ပွားနေသည့် ထောင့်သန်းနာသည် တိရစ္ဆာန်များမှ လူများကို ကူးစက်နေခြင်းဖြစ်ကြောင်း စိတ်ဝင်စားစွာ လေ့လာခဲ့သည်။ ယခင်က ထိုရောဂါကို တိရစ္ဆာန်များကတစ်ဆင့် ကူးစက်ကြောင်း အသိတရားများ မရှိခဲ့ကြပေ။ ၁၈၉၀ ပြည့်နှစ်တွင် သူက တိရစ္ဆာန်များကတစ်ဆင့် ထောင့်သန်းနာကူးစက်ပုံကို လက်တွေ့ ဖော်ထုတ်ပြသနိုင်ခဲ့သည်။ သူဖော်ထုတ်ခဲ့သည့် သဘောတရားကို Koch ဖော်မြူလာဟု မှတ်တမ်းတင်ခြင်း ခံရသည်အထိ သမိုင်းဝင်ခဲ့သည်။ သူက ထိုသဘောတရားကို ဂျာမန်ရောဂါဗေဒပညာရှင် ဖရက်ဒရစ်ဟန်လေနှင့်အတူ ပူးတွဲဖော်ထုတ်ခဲ့သောကြောင့် Henle-Koch Postulates အဖြစ်လည်း ထင်ရှားသည်။

နောက်ဆုံးကာလ
ရောဘတ်ကော့၏ တီထွင်လုပ်ဆောင်ချက်များသည် ၁၉၀၅ ခုနှစ်တွင် ကမ္ဘာက အသိအမှတ်ပြုလာရသည်အထိ ဖြစ်ခဲ့ရသည်။ သူ့ကို ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆု ချီးမြှင့်လိုက်သောကြောင့် ဖြစ်သည်။ လက်ရှိ ရောဂါဗေဒဆိုင်ရာ ကူးစက်ရောဂါများကို ရှာဖွေလေ့လာခြင်းတွင် ကော့၏ သုတေသန ပြုလုပ်ချက်များအပေါ်တွင် တည်မှီနေရသေးကြောင်း တွေ့ရသည်။ 

ကော့သည် ၁၉၁၀ ပြည့်နှစ်တွင် ဂျာမနီနိုင်ငံ Black Forest အရပ်၌ ကွယ်လွန်ခဲ့သည်။ သူကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ်သာရှိသေးသည်။