News

POST TYPE

IT

ကြည်း ရေ လေ ပျံသန်းမောင်းနှင်နိုင်သည့် ကမ္ဘာ့အကြီးဆုံးလေယာဉ် တရုတ်စတင်ပျံသန်း
29-Dec-2017

ဘေဂျင်း၊ ဒီဇင်ဘာ ၂၈

တရုတ်နိုင်ငံသည် ပြည်တွင်းထုတ်ပစ္စည်းများကို အခြေခံထားသည့် ကမ္ဘာ့အကြီးဆုံး ကြည်းရေလေ သုံးမျိုးမောင်း လေယာဉ်ပျံကြီးတစ်စီးကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

Kunlong ဟု အမည်ပေးထားသည့် AG600 လေယာဉ်ကြီးသည် တောင်ပံနှစ်ဖက်အကျယ် ၁၂၇ ပေရှိပြီး တရုတ်နိုင်ငံတောင်ပိုင်း ဇူဟိုင်းမှစတင်ပျံသန်းကာ တစ်နာရီခန့် စမ်းသပ်ပျံသန်းခဲ့ပြီး အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

ကြည်းရေလေ သုံးသွယ်မောင်းနိုင်သည့် လေယာဉ်များထဲတွင် တရုတ်တို့ထုတ်လိုက်သည့် Kunlong လေယာဉ်ကြီးသည် ကမ္ဘာ့အကြီးဆုံး စာရင်းဝင်ခဲ့ပြီး လူ ၅၀ သယ်ဆောင်နိုင်ကာ ၁၂ နာရီမျှ မရပ်မနား ပျံသန်းနိုင်မည်ဖြစ်သည်။

ယင်းလေယာဉ်ကြီးကို စစ်သုံးအဖြစ် ရည်ရွယ်ထားပြီး၊ ရေတပ်ကယ်ဆယ်ရေးနှင့် မီးသတ်လုပ်ငန်းများအတွက်လည်း လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း၊ ယင်းလေယာဉ်ကြီးမျိုး ၁၇ စင်းကို နောက်ထပ် ထုပ်လုပ်ပေးရန် အမှာစာများ ရရှိပြီးဖြစ်ကြောင်း နိုင်ငံတော်ပိုင် လေကြောင်းပစ္စည်းထုတ်လုပ်ရေးဌာနက ပြောကြားသည်။

လေယာဉ်ကြီးတစ်ခုလုံး၏ ၉၈ ရာခိုင်နှုန်းသော ပစ္စည်းများကို ပြည်တွင်းက ထုတ်လုပ်သည့် ပြည်တွင်းဖြစ်များနှင့်သာ တည်ဆောက်ထားကြောင်း၊ လေယာဉ်ကိုယ်ထည်အရွယ်အစားသည် Boeing 737 အရွယ်အစားရှိပြီး ဘီလီယံကြွယ်သူဌေးကြီး ဟိုးဝပ်ဟု၏ လေယာဉ်ထက် အနည်းငယ်သာသေးကြောင်း Reuters တွင် ရေးသားထားသည်။

AG600 လေယာဉ်ကြီးများကို တရုတ်က တည်ဆောက်ရန် ကြိုးပမ်းနေခြင်းမှာ တောင်တရုတ်ပင်လယ်တွင် ကျွန်းသစ်တည်ဆောက်ရေးအတွက် ရည်စူးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ တရုတ်တို့၏ တောင်တရုတ်ပင်လယ်ပြင် စိုးမိုးရေးအတွက် အစီအစဉ်လည်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

အကျယ် ကီလိုမီတာ ၄၅၀၀ ရှိသည့် ကျွန်းတုကြီးတစ်ခုကို တရုတ်တို့က တောင်တရုတ်ပင်လယ်အတွင်း တည်ဆောက်လျက်ရှိပြီး၊ ထိုကျွန်းတွင် စစ်လက်နက်ပစ္စည်းများ တပ်ဆင်ရန်နှင့် သယ်ပို့ရန်အတွက် Kunlong လေယာဉ်များသည် အဆင်အပြေဆုံးဖြစ်သောကြောင့် တရုတ်တို့က ယင်းပရောဂျက်ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စင်ကာပူ နန်ယန်တက္ကသိုလ်မှ စစ်ရေးဆန်းစစ်သူ ဂျိမ်းစ်ချားက ပြောကြားသည်။