News

POST TYPE

IT

မြန်မာ-တရုတ် ခရီးသွားကဏ္ဍ မြှင့်တင်ရေးစာချုပ် ချုပ်ဆို
27-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးနှင့် ခရီးသွားကဏ္ဍ မြှင့်တင်ရေးအတွက် တစ်နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောကြားသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် တရုတ်နိုင်ငံ ဟူဘေး (Hubei) ပြည်နယ်ခရီးသွား လုပ်ငန်းကော်မတီတို့အကြား ခရီးသွားကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရန် ဒီဇင်ဘာလ ၂၅ ရက်နေ့က သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်းနှင့်ပတ်သက်၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။

“ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ထိုးထားတာပါ။ စာချုပ်သက်တမ်း တစ်နှစ်အတွင်းမှာ အပြန်အလှန် ခရီးစဉ်တွေ၊ လေကြောင်းလိုင်းတွေ၊ ဆိုက်ရောက်ဗီဇာစနစ်တွေပါ ခွင့်ပြုပေးနိုင်အောင် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ ပါတယ်”ဟု ဦးသက်လွင်တိုးက ပြောဆိုသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွား မြှင့်တင်ရေးပွဲများ အပြန်အလှန် ကျင်းပမည်ဖြစ်ပြီး စင်းလုံးငှားလေယာဉ် အသုံးပြု ခရီးစဉ်များလည်း စီစဉ်ရန်ရှိကြောင်း၊ e-Visa သာမက ဆိုက်ရောက်ဗီဇာ ရရှိရေး ဆောင်ရွက်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ 

တရုတ်ခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေနှင့် ပြည်ဝင်ခွင့်ဗီဇာ ဖြေလျှော့ပေးနိုင်ရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနနှင့် ညှိနှိုင်းမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးရည်မွန်က ပြောဆိုထားဖူးသည်။

လက်ရှိခရီးသွားလုပ်ငန်း ဈေးကွက်အတွင်း၌ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဥရောပနိုင်ငံအချို့မှ ကမ္ဘာလှည့် ခရီးသည်များ မြန်မာနိုင်ငံသို့ ဝင်ရောက်မှု လျော့နည်းလာသည့်အတွက် တရုတ်ခရီးသွားများ ပိုမိုဝင်ရောက်ရန် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ကလည်း စီစဉ်နေသည်။

“လက်ရှိမှာ ပြင်သစ်တို့၊ ဂျာမန်တို့က လျော့သွားတယ်။ အခုလို တရုတ်ဈေးကွက်ကို ဦးတည်တာက ကောင်းတဲ့ဖြေရှင်းနည်းတစ်ခုပါပဲ”ဟု ဧည့်လမ်းညွန်တစ်ဦးက ပြောကြားသည်။

တရုတ်ခရီးသည်များအနေနှင့် ပြည်ပနိုင်ငံများသို့ ခရီးထွက်ရာ၌ ဈေးဝယ်မှု အဆင်ပြေခြင်း၊ စားသောက်ဖွယ်ရာ အသစ်အဆန်းများကို ဝယ်ယူစားသုံးခြင်း၊ ဆွဲဆောင်မှုရှိသော နေရာအသစ်များကို လည်ပတ်ခြင်း စသည့်စံနှုန်းများဖြင့် ရွေးချယ်လေ့ရှိကြောင်း တရုတ်ခရီးသွား ဧည့်လမ်းညွန်များက ပြောဆိုသည်။ 

J-14

  • VIA