News

POST TYPE

IT

ခေတ်မီဆိုလာကားလမ်း တရုတ်နိုင်ငံတွင် တည်ဆောက်

ဘေကျင်း၊ ဒီဇင်ဘာ ၂၆

တရုတ်နိုင်ငံ ကျိနန်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာကားလမ်းမကြီးတစ်ခုကို လျှပ်စစ်ကားများအတွက် ရည်စူးကာ ဖောက်လုပ်နေကြောင်း People's Daily Online သတင်းတွင် ဖော်ပြထားသည်။

၂ ကီလိုမီတာ (၁ ဒသမ ၂ မိုင်ခန့်) ရှည်လျားသည့် အဝေးပြေး ဆိုလာကားလမ်းမကြီးကို လျှပ်စစ်ကားများသည် ဖြတ်သွားရင်းက အားသွင်းသွားနိုင်ရေးအတွက် ရည်စူးကာ ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

နှစ်လမ်းသွား ဆိုလာကားလမ်းမကြီးသည် ရာသီဥတုက သုညအမှတ်အောက်ရောက်ပြီး နှင်းများကျနေလျှင်လည်း နှင်းများ အရည်ပျော်သွားစေနိုင်သည့် အလိုအလျောက် အပူပေးစနစ်များကို တပ်ဆင်ထားသည်။

အဆင့်မြင့်နည်းပညာများဖြင့် တည်ဆောက်နေသည့် Photovoltaic အဝေးပြေးလမ်းမကြီးသည် ကျိနန်မြို့အမြန်လမ်းမကြီးအဖြစ် ရှန်ဒေါင်းမြို့အထိရောက်အောင် ဖောက်လုပ်သွားရန် စီစဉ်ထားပြီး ယခုနှစ် ဒီဇင်ဘာလအကုန်တွင် ဖွင့်လှစ်မည်ဖြစ်သည်။

ကားလမ်းမကြီးများပေါ်တွင် ကားဝန်ကိုခံနိုင်ရည်ရှိသည့် ဆိုလာပြားများကို တပ်ဆင်ထားပြီး၊ ကားများဖြတ်သွားသည်နှင့် ဘီးနှင့် လမ်း၏ ပွတ်အားကတစ်ဆင့် ကားများကို လျှပ်စစ်ဓာတ်အား ပြန်လည်ဖြည့်တင်းပေးနိုင်မည်။

ထိုအဝေးပြေး ဆိုလာလမ်းမကြီးသည် ကားလမ်းပေါ်တွင် သွားနေသောကားများကို လျှပ်စစ်အား ဖြည့်ပေးနိုင်ရုံမက ကားလမ်းအနီးဝန်းကျင်ရှိ မြို့များကိုလည်း လျှပ်စစ်ဓာတ်အားများ ဖြန့်ဝေပေးနိုင်ရန် စီစဉ်ထားသည်။

ဆိုလာကားလမ်းများကို အလွှာသုံးထပ်ဖြင့် တည်ဆောက်ထားပြီး အပေါ်ယံလွှာသည် ဖောက်ထွင်းမြင်နိုင်သည့် ကွန်ကရစ်အကြည်လွှာဖြစ်ကာ ဆာလ်ဖိတ်ကွန်ကရစ်လွှာအဖြစ် ဖန်တီးထားသည်။

အလယ်လွှာသည် လျှပ်စစ်စွမ်းအင်ကို ဖြန့်ထုတ်လည်ပတ်ပေးနေမည့် အလွှာဖြစ်ကာ ဆိုလာပြားများကို အလယ်ထပ်တွင် စီစဉ်ထည့်သွင်းထားသည်။

အောက်ဆုံးအလွှာသည် လျှပ်စစ်ဓာတ်အားအတွက် လိုအပ်သည့် အပူဓာတ်များကို ထိန်းသိမ်းထားပြီး Photovoltaic စနစ်ဖြင့် မြေကြီးမှ အစိုဓာတ်ကိုရယူပြီး ဓာတ်ပြုကာ လျှပ်စစ်စွမ်းအင်ကို ထုတ်နိုင်စေရန် တီထွင်ထားခြင်းဖြစ်ကြောင်း People's Daily Online တွင် ရေးသားထားသည်။

ဆိုလာအမြန်ကားလမ်းမကြီးကို Qilu Transportation Development Group က တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ကြောင်း Jiemain News တွင် ဖော်ပြထားသည်။