News

POST TYPE

IT

လွန်ခဲ့သည့် သုံးနှစ်အတွင်း တရုတ်နိုင်ငံတွင် Website ပေါင်း ၁၃၀၀၀ ကို ပိတ်ခဲ့ဟုဆို
27-Dec-2017


ဘေကျင်း၊ ဒီဇင်ဘာ ၂၆

တရုတ်နိုင်ငံတွင် ၂၀၁၅ ခုနှစ်ကတည်းက စတင်ပြီး ဥပဒေချိုးဖောက်ခြင်းနှင့် တားမြစ်ထားသည့် အချက်များကို ဖောက်ဖျက်သည်ဆိုသော အကြောင်းပြချက်ဖြင့် Website ပေါင်း ၁၃၀၀၀ ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

တရုတ်အစိုးရသည် သမ္မတရှီကျင့်ဖျင် အစိုးရလက်ထက်တောက်လျှောက် အင်တာနက်ကို ထိန်းချုပ်ပိတ်ပင်ထားခဲ့သည်မှာ ၅ နှစ်တိုင်ရှိနေပြီဖြစ်ပြီး လက်ရှိအာဏာရ ကွန်မြူနစ်ပါတီအပေါ် လွတ်လပ်စွာ ဝေဖန်ပြောဆိုခြင်းများကို ကျပ်တည်းစွာ တားမြစ်ပိတ်ပင်ထားခဲ့သည်။

အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အကာအကွယ်ပေးသည့် အနေနှင့်လည်းကောင်း မလျော်ကန်သည့် ပုံများပျံ့နှံ့ခြင်း မဖြစ်စေရန်လည်းကောင်း၊ အကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုသည့် အချက်အလက်များကို တားဆီးသည့် အနေနှင့်လည်းကောင်း ဥပဒေများထုတ်ပြန်ကာ တားဆီးပိတ်ပင်ရခြင်းဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အာဏာပိုင်များက မလျော်ကန်သည့်ပုံများနှင့် အကြမ်းဖက်မှုများကို ဖော်ပြသည့် Website, Blog နှင့် ဆိုရှယ်ကွန်ရက်တို့ကို အဓိကပစ်မှတ်ထားပြီး တိုက်ခိုက်ပိတ်ပင်နေခြင်းဖြစ်ကြောင်းလည်း Xinhua သတင်းတွင် ရေးသားထားသည်။

တရုတ်အစိုးရသည် Website ပေါင်း ၁၃၀၀၀ ကိုသာမက အင်တာနက်ကို အသုံးပြုနေကြသည့် account ပေါင်း ၁၀ သန်းခန့်ကိုလည်း ပိတ်ပင်ထားခဲ့ပြီး အပိတ်ခံရသည့် account များသည် ဆိုရှယ်မီဒီယာများပေါ်က ဖြစ်သည်။

အင်တာနက် လုံခြုံစွာလုပ်ဆောင်ရေးသည် ပါတီ၏ ရေရှည်အာဏာကို ဆက်ကိုင်ထားရေးနှင့်လည်း ဆက်စပ်နေကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးရေးနှင့် ပြည်သူတစ်ဦးချင်း အကျိုးစီးပွားကို မထိခိုက်စေရေးအတွက် ပိတ်ပင်ရခြင်းဖြစ်ကြောင်း Xinhua တွင် ဖော်ပြထားသည်။

ထို့ပြင် တရုတ်အာဏာပိုင်အဖွဲ့ (Cyberspace Administration of China) သည် Website ပေါင်း ၂၂၀ဝ ခန့်ကို ကိုင်တွယ်လုပ်ဆောင်နေသူအပေါင်းကိုလည်း ဤကာလအတွင်း ခေါ်ယူတွေ့ဆုံကာ သတိပေးမှုများကို ပြုလုပ်ခဲ့ကြောင်း Reuters တွင် ရေးသားထားသည်။