News

POST TYPE

IT

မအူပင်လမ်းညွှန်မိုဘိုင်းလ် APP ရေးသားသူ မောင်ထက်အောင်လင်းနှင့် တွေ့ဆုံခြင်း
26-Dec-2017 tagged as

ပြည်တွင်း၌ နည်းပညာ တီထွင်မှုများကို ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များမှ ကျောင်းသားလူငယ်များက ကြိုးပမ်းဆောင်ရွက်နေကြသည်။ မအူပင် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားလူငယ်များက ဒေသတွင်းပြည်သူများအတွက် အသုံးဝင်မည့် မိုဘိုင်းလ် APP များ၊ Web App များနှင့် Hardware ထုတ်ကုန်များကို ဖန်တီးတီထွင်ခဲ့ကြသည်။ ယင်းတို့အနက်မှ မအူပင်မြို့ခံများ၊ ကျောင်းသားကျောင်းသူများနှင့် အလည်အပတ်လာရောက်ကြသည့် ဧည့်သည်များအတွက် မအူပင်လမ်းညွှန် မိုဘိုင်းလ် APP ရေးဆွဲသည့် မောင်ထက်အောင်လင်းနှင့် တွေ့ဆုံပြီး မိုဘိုင်းလ် APP ရေးသားသည့် အတွေ့အကြုံများနှင့် နယ်မြို့များရှိ လူငယ်များ၏ အခက်အခဲများအကြောင်း မေးမြန်းပြီး ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : ညီလေးတို့အနေနဲ့ မအူပင်မြို့အတွက်လုပ်ခဲ့တဲ့ Maubin Directory မိုဘိုင်းလ် App မှာ ဘယ်လို အချက်အလက်တွေ ထည့်သွင်းပေးထားသလဲ။ ဒီမြို့အတွက်ရော ဘယ်လောက်အထိ အထောက်အကူ ပေးနိုင်မလဲလို့ မျှော်မှန်းထားသလဲ။
HAL : ကျွန်တော်တို့ရေးသားခဲ့တဲ့ Maubin Diectory မိုဘိုင်းလ် App မှာ မအူပင်မြို့ပေါ်မှာရှိတဲ့ ဘုရားပုထိုးတွေ၊ ဘဏ်တွေ၊ ဆိုင်တွေ၊ ဆေးရုံတွေ၊ ရုံးတွေ၊ စားသောက်ဆိုင်တွေ၊ တက္ကသိုလ်နယ်မြေအကြောင်းတွေ၊ ကျောင်းသားကျောင်းသူတွေအတွက် အဆောင်တွေကို ထည့်သွင်းထားပါတယ်။ အဓိက ရည်ရွယ်ထားတာကတော့ မအူပင်မြို့မှာ တက္ကသိုလ်တွေရှိတဲ့အတွက် ကျောင်းသားကျောင်းသူတွေကို အဓိက ရည်ရွယ်ပါတယ်။ မအူပင်မြို့မှာ ကျောင်းတက်နေတဲ့ ကျောင်းသားကျောင်းသူတွေမှာ ရပ်ဝေးကနေ တက်ရောက်တဲ့သူတွေ များပါတယ်။ သူတို့တွေ မအူပင်မြို့ရောက်လာတဲ့အခါ မအူပင်မြို့အကြောင်းကို ဒီ Application ကနေတစ်ဆင့် သိရှိသွားဖို့ ရည်ရွယ်ပါတယ်။ ဥပမာ- နေဖို့ အဆောင်တွေရှာချင်ရင်လည်း ဒီ App ကနေ အလွယ်တကူ ရှာဖွေနိုင်မယ်။ ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေနဲ့ အဆောင်ခတွေပါ ထည့်သွင်းထားတဲ့အတွက် အချိန်ကုန် သက်သာနိုင်တယ်။ ပြီးတော့ တည်နေရာတွေကိုပါ Google map နဲ့ ထောက်ပြထားတဲ့အတွက် တော်တော်လေး အထောက်အကူဖြစ်မှာပါ။

Voice : ဒီ App က Maubin Education Expo 2017 ပွဲမှာလည်း ပြခဲ့သေးတယ်နော်။ ပြပွဲမှာ ဘယ်လို အတွေ့အကြုံတွေ ရခဲ့လဲ။ အဲ့ဒီပြပွဲအကြောင်းလည်း ပြောပြပေးပါဦး။
HAL : ဟုတ်ကဲ့ ကျွန်တော်တို့ ဒီ Spplication ကို Maubin Education Expo 2017 မှာလည်း ပြခဲ့သေးပါတယ်။ Maubin Education Expo လို့ ဆိုတဲ့အတွက် မအူပင်မြို့က ကျောင်းသားကျောင်းသူတွေအတွက် တော်တော်လေး အကျိုးရှိစေတဲ့ ပွဲလေးတစ်ပွဲပါ။ မအူပင်တစ်မြို့လုံးက ပညာရေးထုတ်ကုန်တွေကိုလည်း လေ့လာခွင့်ရရှိပါတယ်။ အဲ့ပွဲရဲ့ အဓိက Target ထားတာက ၁၀ တန်းဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေအတွက်ပါ။ သူတို့လေးတွေ တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးတဲ့အခါမှာ ဘယ်လိုတက္ကသိုလ်တွေ ရွေးချယ်မလဲ၊ ဒီမြို့က တက္ကသိုလ်တွေမှာရော ဘာတွေ သင်ကြလဲ၊ ဒီတက္ကသိုလ်က ဘွဲ့ရရင် ဘာအခွင့်အလမ်းတွေ ရနိုင်လဲ၊ ဒါအကြောင်းလေးတွေကို သိရှိသွားပါတယ်။

Voice : ဒီ App အတွက် လိုအပ်တဲ့ အချက်အလက်တွေကိုရော ဘယ်လိုရယူခဲ့သလဲ။ အဲ့ဒီနေရာမှာရော ဘယ်လိုအခက်အခဲတွေ ရှိခဲ့သေးလဲ။ ဒေသခံတွေဘက်ကရော ဒီအပေါ်မှာ စိတ်ဝင်စားမှုရှိကြလားဗျ။
HAL : ဒီ App အတွက် အချက်အလက်တွေကို ကျွန်တော်တို့ မအူပင်မြို့ပတ်ပြီး စုဆောင်းခဲ့ရပါတယ်။ အခက်အခဲလေးတွေတော့ ရှိခဲ့ပါတယ်။ အချိန်ကလည်း အရမ်းကပ်ခဲ့တဲ့အတွက် အချက်အလက်စုံလင်အောင် မစုဆောင်းနိုင်ခဲ့တာမျိုးတွေ ပြီးတော့ စုဆောင်းတဲ့နေရာမှာ မြို့ခံလူထုကတော့ သိပ်တော့ စိတ်ပါဝင်စားမှုတော့ မတွေ့ရဘူးဗျ။ ဒါပေမဲ့ ပြပွဲမှာ ပြခဲ့တုန်းကတော့ တော်တော်လေး စိတ်ဝင်စားခဲ့ပါတယ်။

Voice : ဒီလို App ကို လုပ်ဖြစ်တဲ့ရည်ရွယ်ချက်ကရော ဘာကြောင့်လဲ။
HAL : ဒီ App ကို ရေးဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ခုန Maubin Education Expo မှာ ပြဖို့အတွက်ပါ။ အဲ့အတွက် ကွန်ပျူတာတက္ကသိုလ် (မအူပင်) ကလည်း ဝင်ရောက်ပြသရမှာ ဖြစ်တဲ့အတွက် မအူပင်မြို့နဲ့ ကိုက်ညီမယ့် Application တစ်ခုအနေနဲ့ ရေးဖြစ်သွားတာပါဗျ။

Voice : ပြည်တွင်းနည်းပညာနယ်ပယ်မှာ ညီလေးတို့လို ကျောင်းသားလူငယ်တွေအနေနဲ့ နည်းပညာလေ့လာမှုတွေ၊ အခုလိုဖန်တီးမှုတွေ လုပ်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေရှိသလဲ။ ဒါတွေကို ဘယ်လို ကျော်ဖြတ်ခဲ့သလဲ။
HAL : ပြည်တွင်းက လူငယ်တွေအနေနဲ့ နည်းပညာနယ်ပယ်ကို ထိုးဖောက်တဲ့နေရာမှာ အခက်အခဲလေးတွေတော့ ရှိပါတယ်။ နယ်ကျောင်းဖြစ်တဲ့အတွက် ပိုပြီး အခက်အခဲရှိပါတယ်။ အဓိကက မအူပင်မြို့ရဲ့ လျှပ်စစ်မီး အခက်အခဲတွေ၊ အင်တာနက် အခက်အခဲတွေပေါ့ဗျာ။ Application တွေအတွက် အချက်အလက် စုဆောင်းတဲ့နေရာမှာ အခက်အခဲလေးတွေရှိတယ်။ တခြားအခက်အခဲလေးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ကျောင်းက ကူညီမှုတွေ၊ နည်းပညာနယ်ပယ်က စီနီယာတွေ ဆရာတွေ သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ပဲ ဒီအခက်အခဲတွေကို ဖြတ်ကျော်ခဲ့ရပါတယ်။

Voice : ညီလေးတို့ ဒီ App ကို သူငယ်ချင်းနှစ်ယောက် ပူးပေါင်းပြီး လုပ်ခဲ့တာနော်။ အဲ့ဒါမျိုးအတွက်ကျတော့ Teamwork ကို ဘယ်လိုတည်ဆောက်ရသလဲ။
HAL : ဒီ App ကို ကျွန်တော်နဲ့ အစ်မချောစုမွှေးနဲ့ ပူးပေါင်းပြီး ရေးခဲ့ရတာပါ။ အစ်မချောစုမွှေးက အရင်စရေးတာပါ။ ကျွန်တော်က ပြပွဲမှာ ပြမယ်ဆိုမှ သူနဲ့ ပူးပေါင်းပြီး ရေးဖြစ်တာပါ။ ပူးပေါင်းရေးတဲ့အခါကျတော့ အချက်အလက်စုဆောင်းတာမျိုးတွေကျ အစ်မက လုပ်ပေးပါတယ်။ ကျွန်တော်က Coading ရေးတယ်။ ဒီလိုမျိုးတွေ လုပ်ခဲ့ရပါတယ်။

Voice : လူငယ်တွေအနေနဲ့ နည်းပညာတီထွင်မှုတွေ၊ လေ့လာမှုတွေ လုပ်နေနိုင်ဖို့ ဘယ်လိုအထောက်အပံ့တွေ လိုအပ်ဦးမလဲ။
HAL : လူငယ်တွေ နည်းပညာတီထွင်မှုတွေ ဖန်တီးမှုတွေ လုပ်နေနိုင်ဖို့ အဓိကလိုအပ်တာ အစိုးရအကူအညီပါ။ ကျောင်းသားကျောင်းသူတွေ နည်းပညာကို စိတ်ပါဝင်စားပြီး တီထွင်မှုတွေလုပ်နိုင်ဖို့အတွက် အစိုးရဆီက ဘတ်ဂျက်တွေနဲ့ တခြားထောက်ပံ့မှုတွေ လိုအပ်ပါတယ်။ တခြားနိုင်ငံတွေ နည်းပညာနဲ့ တိုင်းပြည်တည်ဆောက်နေချိန်မှာ ကျွန်တော်တို့နိုင်ငံကလည်း နည်းပညာနဲ့ အမီလိုက်နိုင်ဖို့ လိုပါတယ်။ ဒီအတွက် ကျောင်းသားကျောင်းသူတွေဆီကနေ နည်းပညာစိတ်ကူးစိတ်သန်းတွေ အများကြီးရနိုင်ပါတယ်။ ဒီလိုဖြစ်နိုင်ဖို့အတွက် အစိုးရအနေနဲ့လည်း ကျောင်းသားကျောင်းသူတွေကို အထောက်အပံ့တွေ ပေးသင့်ပါတယ်။ နည်းပညာတက္ကသိုလ်တွေ ကွန်ပျူတာတက္ကသိုလ်တွေက ကျောင်းသားတွေကို စာကျက်စာဖြေချည်းပဲမဟုတ်ဘဲ တီထွင်ဖန်တီးမှုတွေ လုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးသင့်ပါတယ်။

Voice : ကျောင်းတစ်ဖက်နဲ့ဆိုတော့ အချိန်ခန့်ခွဲတာတွေ ဘာတွေ ဘယ်လိုလုပ်သလဲ။ ကျောင်းစာကလည်း ရှိသေးတော့လေ။
HAL : ဒီ Application တွေ ဖန်တီးတဲ့နေရာမှာလည်း ကျောင်းစာကိုလည်း အသင့်အတင့်တော့ လိုက်လုပ်ရပါတယ်။ App တွေရေးရင်တော့ ညဘက်တွေနဲ့ ကျောင်းပိတ်ရက်တွေ လုပ်ဖြစ်တာများပါတယ်။ ကျောင်းစာကိုလည်း အခြေအနေအရ စီမံပြီးလုပ်ရပါတယ်။ တချို့ပညာတွေကျတော့ ကျောင်းစာအုပ်ထဲကနေ တော်တော်များများ ရနိုင်တဲ့အတွက် App တွေရေးရင်း ကျောင်းစာလည်း လေ့လာပြီးသားဖြစ်သွားတဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အခြေအနေမျိုးတွေလည်း ရှိပါတယ်။

Voice : နယ်မှာဆိုတော့ နည်းပညာလေ့လာတာတွေမှာ အခက်အခဲတွေဆိုရင် ဘာတွေရှိမလဲ။
HAL : နယ်ကျောင်းဆိုတော့ နည်းပညာ လေ့လာတဲ့နေရာမှာ ရန်ကုန်လို နေရာမျိုးထက်စာရင် တော်တော်လေးတော့ အခက်အခဲရှိပါတယ်။ လိုအပ်တဲ့ Software တွေ၊ Hardware တွေ အလွယ်တကူ မရတာမျိုးတွေ၊ Developer နယ်ပယ်နဲ့ အလှမ်းဝေးလွန်းတော့ ပညာတွေ လေ့လာတဲ့နေရာမှာ Internet ပဲ အားကိုးရပါတယ်။

Voice : နောက်ဆုံးအနေနဲ့ နောက်ထပ် ဘယ်လို App တွေ ဆက်ပြီးလုပ်သွားမယ်လို့ စဉ်းစားထားလဲ။ ကျောင်းပြီးသွားရင်ရော ဘာတွေ ဆက်ပြီးလုပ်မယ်လို့ စိတ်ကူးထားသလဲဆိုတာ ဖြေပေးပါဦး။
HAL : နောက်ထပ်လည်း App တွေ ရေးသားသွားဖို့ ရှိပါတယ်။ ကျွန်တော်တစ်ယောက်ထဲတင်မဟုတ်ဘဲ ကွန်ပျူတာတက္ကသိုလ်(မအူပင်)ရဲ့ It Club နဲ့ ပူးပေါင်းပြီး ကျောင်းနဲ့ပတ်သက်တဲ့ Product တွေ Public နဲ့ဆိုင်တဲ့ Product တွေ ဆက်လုပ်သွားမှာပါ။ ကျောင်းပြီးသွားရင်တော့ Professional Software Developer တစ်ယောက် ဖြစ်ချင်ပါတယ်။

မောင်မန်း

  • TAGS