POST TYPE

IT

VPN ပုဂ္ဂလိကကွန်ရက်ထူထောင်ပြီး ဝန်ဆောင်မှုပေးသူကို တရုတ်တွင် ထောင်ဒဏ်အပြစ်ပေး
25-Dec-2017 tagged as


ဘေကျင်း၊ ဒီဇင်ဘာ ၂၃

တရုတ်နိုင်ငံမှ စွန့်ဦးလုပ်ငန်းရှင် ကုမ္ပဏီတစ်ခုသည် တရားမဝင် VPN ပုဂ္ဂလိကတစ်ခုကို ထူထောင်ပြီး ဝန်ဆောင်မှုများကို ပြုလုပ်ကာ အစိုးရ၏ ပိတ်ဆို့တားဆီးမှုများကိုပါ ဖယ်ရှားခဲ့သောကြောင့် ဖမ်းဆီးအရေးယူပြီး ထောင်ဒဏ်အပြစ်ပေးခဲ့ကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

ဝူရှင်းယန်ဆိုသည့် လူငယ်တစ်ဦးသည် အစိုးရတားမြစ်ထားသည့် ကွန်ရက်လုပ်ငန်းကို ပုဂ္ဂလိကလုပ်ပိုင်ခွင့်အား ချိုးဖောက်သည့်အပြင် အစိုးရက ပယ်ဖျက်မရနိုင်လောက်အောင်ပါ ပိတ်ဆို့တားမြစ်မှုများကို ဖယ်ရှားလုပ်ကိုင်ခဲ့သောကြောင့် ထောင်ဒဏ် ၅ နှစ်ခွဲချမှတ်ကာ ပြစ်ဒဏ်ပေးခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

ဝူရှင်းယန်သည် ထောင်ဒဏ်အပြင် ငွေဒဏ်အဖြစ် ဒေါ်လာ ၇၆၀ဝ၀ ခန့်ကိုပါ ပေးဆောင်ရန် ကွမ်ရှီးပြည်နယ် တရားရုံးက အမိန့်ချခဲ့ခြင်း ဖြစ်သည်။

တရားခံသည် ၂၀၁၃ ခုနှစ်ကတည်းက လိုင်စင်မယူဘဲ ယခုနှစ် ဇွန်လအထိ လုပ်ကိုင်နေခြင်းဖြစ်ပြီး တရားမဝင်လုပ်ဆောင်မှုက ဒေါ်လာ ၁၂၀၅၀ဝ ခန့်အထိ ငွေရှာခဲ့ကြောင်း Procuratorate Daily သတင်းတွင် ရေးသားထားသည်။

လက်ရှိ တရုတ်နိုင်ငံ၏ အာဏာရပါတီဖြစ်သော ကွန်မြူနစ်ပါတီက တရုတ်အင်တာနက်ကို ထိန်းချုပ်ပိတ်ပင်ထားပြီး ပုဂ္ဂလိက ကွန်ရက်ချိတ်ဆက်မှုနှင့် အင်တာနက်လိုင်း ဖွင့်ပေးခြင်းများကို အထူးတားမြစ်ထားကာ ခွင့်ပြုထားသည့် Website များကိုသာ အသုံးပြုစေခဲ့သည်။

တရုတ်အစိုးရ၏ ပိတ်ပင်တားမြစ်မှုများကြောင့် စီးပွားရေးလုပ်ငန်းများ၊ ပညာရေးနှင့်အခြားလုပ်ငန်းရှင်များ သန်းပေါင်းများစွာသည် အလုပ်အကိုင် အခွင့်အလမ်းများကို ထိခိုက်နှောင့်နှေးနေရခြင်းအပေါ် ဝူရှင်းယန်တို့လို ဖောက်ထွက်လိုသူများက ကြိုးစားဖောက်ထွက်နေသော်လည်း ဥပဒေအရ ကြီးလေးစွာဖြင့် နှိမ်နင်းဖမ်းဆီးခြင်းကို ခံနေကြရသည်။

တရုတ်နိုင်ငံတွင် ပုဂ္ဂလိက အင်တာနက်လုပ်ငန်းကို မလုပ်ကိုင်နိုင်ရန် တိန်အန်မင် အရေးအခင်းဖြစ်ပွားသည့် ၁၉၈၉ ခုနှစ်ကတည်းက ချုပ်ကိုင်ထားပြီး အစိုးရကသာ လုပ်ကိုင်ခဲ့သည့် လုပ်ငန်းတစ်ခုဖြစ်ခဲ့သည်။

ယခုနှစ် မတ်လကလည်း ဟောင်ကောင်အနီး ဒေါင်ဂွမ်းတွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် လုပ်ငန်းရှင်တစ်ဦးကို တရားမဝင် VPN လိုင်းများကို အသုံးပြုမှုကြောင့် ထောင်ဒဏ် ၉ လ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်သည်။

အင်တာနက်လိုင်းများကို ကျော်လွှားချိုးဖောက်ကာ အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲများကို ရောင်းသည့် ရှန်ဟိုင်းမှ လူငယ်နှစ်ဦးအားလည်း ဖမ်းဆီးပြီး ထောင်ဒဏ် အပြစ်ပေးခဲ့ကြောင်း AP သတင်းတွင် ရေးသားထားသည်။

  • VIA
  • TAGS