News

POST TYPE

IT

ဆယ်ဖီ မကြာခဏဆွဲနေသူများသည် စိတ်ကစဥ့်ကလျားဝေဒနာရှင်များဟုဆို
20-Dec-2017

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၉

မိမိကိုယ်မိမိ မကြာခဏ ဖုန်းများဖြင့် ဆယ်ဖီဆွဲကာ နေသူများသည် စိတ်ရောဂါဝေဒနာ ခံစားနေရသူများဖြစ်ပြီး စိတ်ကစဥ့်ကလျား ရောဂါစွဲကပ်နေသူများ ဖြစ်ကြောင်း သုတေသီများ၏ ထုတ်ဖော်ချက်ကို The Telegraph သတင်းတွင် ဖော်ပြထားသည်။ 

ခေတ်သစ်တွင် ဆဲလ်ဖုန်းများ ခေတ်စားလာသည်နှင့်အမျှ ကင်မရာများကိုပါ ပူးတွဲထည့်ပေးခြင်း နောက်ကွယ်တွင် Selfies ဆိုသည့် အလေ့အထတစ်ခု ထွန်းကားလာပြီး ၂၀၁၄ ခုနှစ်လောက်ကတည်းက လူများတွင် စိတ်ကစဥ့်ကလျား ဝေဒနာများ စတင်စွဲကပ်လာခဲ့ကြောင်း American Psychiatric Association အဖွဲ့က ထုတ်ပြန်ထားသည်။ 

Nottingham Trent တက္ကသိုလ်နှင့် Thiagarajar School of Management ကျောင်းတို့မှ သုတေသီများပူးပေါင်းပြီး လူတို့၏ ဆယ်ဖီရိုက်ကူးခြင်း အလေ့အထများကို သုတေသန ပြုလုပ်ပြီးနောက် ဆယ်ဖီဆွဲနေသူများကို စိတ်ဝေဒနာရှင်များ ဖြစ်ကြောင်း ပြောကြားခြင်းဖြစ်သည်။

ပညာရှင်များက ဆယ်ဖီဆွဲနေသူများကို သာမန်၊ အထူး၊ မနေနိုင်ဆိုသည့် ဆယ်ဖီ ရိုက်ကူးနှုန်းအလိုက် သုံးမျိုးခွဲခြားကာ သုတေသန ပြုခဲ့ကြခြင်းဖြစ်သည်။ 

သာမန်ရိုက်ကူးသူများ အဆင့်တွင် တစ်နေ့လျှင် အနည်းဆုံး သုံးကြိမ်ရိုက်ကူးသော်လည်း ဆိုရှယ်မီဒီယာများပေါ်သို့ မတင်သူများ ဖြစ်သည်။ အထူးအဆင့်များသည် မကြာခဏပုံများကို ရိုက်ကူးကာ အွန်လိုင်းပေါ် တင်တတ်သူများဖြစ်ပြီး၊ မနေနိုင်အဆင့် ရောက်နေသူများသည် အချိန်နှင့်အမျှ ဖုန်းကိုဆောင်ထားပြီး တွေ့သမျှ ဓာတ်ပုံရိုက်ကာ Facebook နှင့် Instagramများပေါ်သို့ တစ်နေ့လျှင် ၆ ကြိမ်မက တင်နေသူများအဖြစ် ခွဲခြားလေ့လာခဲ့ကြသည်။

Nottingham Trent တက္ကသိုလ်မှ ဒေါက်တာ မာ့ခ်ဂရစ်ဖစ် ဦးဆောင်သည့်အဖွဲ့သည် ဆယ်ဖီဝါသနာအိုး ၄၀ဝ ပါဝင်သည့် အဖွဲ့ကို စုဖွဲ့ပြီး အဘယ်ကြောင့် ဆယ်ဖီမကြာခဏ ရိုက်နေရကြောင်းကို ဆန်းစစ်ခဲ့ကြသည်။ ပညာရှင်များသည် Facebook အသုံးအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံမှ ဆယ်ဖီသုံးစွဲမှုနှုန်းကို သွားရောက် လေ့လာခဲ့ရာ အိန္ဒိယနိုင်ငံသည် ဆယ်ဖီဆွဲသဖြင့် သေဆုံးရမှု အများဆုံးနိုင်ငံ ဖြစ်ခဲ့ရကြောင်း ဇူလိုင်လ စစ်တမ်းကို Mental Health and Addition ဂျာနယ်တွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် မတ်လမှ ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ ဆန်းစစ်မှုတွင် တစ်ကမ္ဘာလုံး၏ ဆယ်ဖီဆွဲသောကြောင့် သေဆုံးနှုန်း ၏ ၆၀ ရာခိုင်နှုန်းမှာ အိန္ဒိယနိုင်ငံတွင်ဖြစ်ကြောင်း သုံးသပ်ထားသည်။ 

  • VIA