News

POST TYPE

IT

Taungoo’s Departmental Contacts မိုဘိုင်းလ် App ရေးဆွဲသည့် မောင်လမင်းအောင်နှင့် တွေ့ဆုံခြင်း
19-Dec-2017
ပြည်တွင်း၌ နည်းပညာ တီထွင်မှုများကို ကွန်ပျူတာ တက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များမှ ကျောင်းသားလူငယ်များက ကြိုးပမ်း ဆောင်ရွက်နေကြသည်။ တောင်ငူ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားလူငယ်များက ဒေသတွင်း အစိုးရဌာနများ၊ စီးပွားရေး လုပ်ငန်းများ၊ ဒေသတွင်း ပြည်သူများအတွက် အသုံးဝင်မည့် မိုဘိုင်းလ် App များ၊ Web App များနှင့် Hardware ထုတ်ကုန်များကို ဖန်တီး တီထွင်ခဲ့ကြသည်။ ယင်းတို့အနက်မှ တောင်ငူဒေသတွင်း ဌာနဆိုင်ရာ အရာရှိများကို ဌာနဆိုင်ရာချင်း ဆက်သွယ် ဆောင်ရွက်ရာတွင် လွယ်ကူစေရန်အတွက် Taungoo’s Departmental Contacts မိုဘိုင်းလ် App ရေးဆွဲသည့် မောင်လမင်းအောင်နှင့် တွေ့ဆုံပြီး မိုဘိုင်းလ် App ရေးသားသည့် အတွေ့အကြုံများနှင့် နယ်မြို့များရှိ လူငယ်များ၏ အခက်အခဲများအကြောင်း မေးမြန်းပြီး ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : ညီလေးအနေနဲ့ တောင်ငူဒေသအတွက် လုပ်ခဲ့တဲ့ မိုဘိုင်းလ် App က ဘာတွေလုပ်ဆောင်နိုင်မလဲ။ ဘယ်လိုအချက်အလက်တွေ ထည့်ပေးထားသလဲ။
LMA : ကျွန်တော်ရေးခဲ့တဲ့ Taungoo's De-partmental Contacts App က တောင်ငူမှာရှိတဲ့ ဌာနဆိုင်ရာတွေ အချင်းချင်း အလွယ်တကူ ဆက်သွယ်နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။  App ထဲမှာဆိုရင် ဌာနဆိုင်ရာတစ်ခုချင်းစီရဲ့ ဖုန်းနံပါတ်တွေ၊ ဌာနဆိုင်ရာ အရာရှိတွေရဲ့ ဖုန်းနံပါတ်တွေ၊ အချက်အလက်တွေကို ထည့်သွင်းပေးထားပါတယ်။ ဌာနဆိုင်ရာ အရာရှိတွေရဲ့ အချက်အလက်တွေ ပါဝင်တာကြောင့် အပြင်လူ အသုံးမပြုနိုင်အောင် Passcode နဲ့ ကာကွယ်ထားပါတယ်။

Voice : ဒီ App က တောင်ငူကွန်ပျုတာတက္ကသိုလ် နည်းပညာ ထုတ်ကုန်ပြပွဲမှာလည်း ပြခဲ့သေးတယ်နော်။ ပြပွဲမှာ ဘယ်လိုအတွေ့အကြုံတွေ ရခဲ့သေးလဲ။
LMA : နည်းပညာ ထုတ်ကုန်ပြပွဲမှာရတဲ့ အတွေ့အကြုံကတော့ အများကြီးပါပဲ။ ကျွန်တော်က အခုမှ Second Year ပဲရှိသေးတဲ့အတွက် နည်းပညာထုတ် ကုန်ပြပွဲကို အခုမှကြုံဖူးတာပါ။ ပြပွဲမှာ တက်ရောက် လာတဲ့ ဧည့်သည်တွေဆီကနေလည်း App ရဲ့လိုအပ်ချက်တွေ၊ အကြံပေးချက်တွေလည်း အများကြီးရခဲ့ပါတယ်။

Voice : ဒီ App ကို အဓိက ဘယ်လိုလူတွေ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားသလဲ။ ဒီဒေသအတွက် ဘယ်လောက်အထိ အထောက်အကူပေးနိုင်မလဲ။
LMA : ဒီ App ကို တောင်ငူဒေသမှာရှိတဲ့ ဌာနဆိုင်ရာ အရာရှိတွေ အဓိက အသုံးပြုနိုင်အောင် ရည်ရွယ်ထားပါတယ်။ ဒီ App က ဌာနဆိုင်ရာတွေ အချင်းချင်း အလွယ်တကူ ဆက်သွယ်နိုင်အောင် ဌာနဆိုင်ရာ တစ်ခုချင်းစီရဲ့ဖုန်းနံပါတ်တွေ၊ အရာရှိတွေရဲ့ ဖုန်းနံပါတ်တွေ အချက်အလက်တွေကို ထည့်သွင်းပေးထားပါတယ်။

Voice : ဒီ App အတွက် လိုအပ်တဲ့ အချက်အလက်တွေကိုရော ဘယ်လို ရယူခဲ့သလဲ။ အဲ့ဒီနေရာမှာရော ဘယ်လို အခက်အခဲတွေ ရှိခဲ့သေးလဲ။
LMA : App အတွက် လိုအပ်တဲ့ အချက်အလက်ကိုတော့ ကျွန်တော်တို့ရဲ့ ကျောင်းအုပ်ကြီး ဒေါက်တာအိအိလှိုင်ရဲ့ အကူအညီနဲ့ ရယူခဲ့ပါတယ်။ အခက်အခဲကတော့ ဌာနဆိုင်ရာ အရာရှိတွေရဲ့ အချက်အလက်တွေ ပါနေတာကြောင့် Privacy ကို မထိပါးအောင် Security တွေခံပြီး ရေးရပါတယ်။ ဝန်ထမ်း အပြောင်းအလဲကလည်း အမြဲတမ်း ရှိနေတာမို့ အချက်အလက်တွေက အမြဲတမ်း Update ဖြစ်ဖို့က ခက်ပါတယ်။ ဒါပေမဲ့ အမြဲ Update ဖြစ်အောင်တော့ ကြိုးစားပြီး လုပ်ဆောင်ပေးနေပါတယ်။

Voice : ဒီလို App ကို လုပ်ဖြစ်တဲ့ရည်ရွယ်ချက်ကရော ဘာကြောင့်လဲ။
LMA : ဒီ App ကိုလုပ်ဖြစ်တာက ဌာနဆိုင်ရာကသူတွေ အချင်းချင်း အလွယ်တကူ ဆက်သွယ်နိုင်အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်ခဲ့တာပါ။

Voice : ပြည်တွင်း နည်းပညာနယ်ပယ်မှာ ညီလေးတို့လို ကျောင်းသား လူငယ်တွေအနေနဲ့ နည်းပညာ လေ့လာမှုတွေ၊ အခုလို ဖန်တီးမှုတွေ လုပ်တဲ့နေရမှာ ဘယ်လို အခက်အခဲတွေရှိသလဲ။ ဒါတွေကို ဘယ်လို ကျော်ဖြတ်ခဲ့သလဲ။
LMA : ကျွန်တော်တို့ နည်းပညာနဲ့ဖန်တီးမှု ပြုလုပ်တဲ့အခါ အခက်အခဲတွေ ရှိပါတယ်။ နယ်ကဖြစ်တဲ့ အတွက် နည်းပညာဟောပြောပွဲတွေ လုပ်တဲ့အခါ သွားချင်ပေမယ့် အဆင်မပြေလို့ မသွားခဲ့ရတာတွေရှိပါ တယ်။ နယ်ဘက်မှာကလည်း နည်းပညာ ဟောပြောပွဲတွေဆိုတာ တော်တော် ရှားနေပါသေးတယ်။ အဲဒါကတော့ ကျွန်တော်တို့ ကြုံတွေ့ရတဲ့အခက်အခဲပါ။

Voice : ဒီ App ကို တစ်ယောက်တည်းပဲ လုပ်ခဲ့တာနော်။ စီနီယာတွေက အဖွဲ့လိုက်လုပ်ကြတာပဲ။ ဘာလို့ အဖွဲ့နဲ့ မလုပ်ဖြစ်ခဲ့တာလဲ။
LMA : ကျွန်တော်က Second Year ဖြစ်တဲ့အတွက် စာမေးပွဲ ပြီးတဲ့အချိန်က စီနီယာတွေထက် စောပါတယ်။ ကျွန်တော် ဒီ App ကိုစရေးဖို့ လုပ်တဲ့အချိန်က စာမေးပွဲ ပြီးသွားပါပြီ။ Second Year က ကျောင်းသား ကျောင်းသူ တော်တော်များကလည်း ပြန်ကုန်ကြပြီဖြစ်တဲ့အတွက် ကျွန်တော်တစ်ယောက်တည်း လုပ်ဖြစ်သွားတာပါ။

Voice : လူငယ်တွေအနေနဲ့ နည်းပညာ တီထွင်မှုတွေ၊ လေ့လာမှုတွေ လုပ်နေနိုင်ဖို့ ဘယ်လို အထောက်အပံ့တွေ လိုအပ်ဦးမလဲ။
LMA : လူငယ်တွေအနေနဲ့ နည်းပညာ တီထွင်မှုတွေ၊ လေ့လာမှုတွေ လုပ်နေနိုင်ဖို့ လိုအပ်တဲ့ အထောက်အပံ့က Internet ပါ။ ကျွန်တော်တို့ မသိတာရှိတဲ့အခါ Google တို့၊ Youtube တို့မှာပဲ ရှာရတာဖြစ်တဲ့အတွက် Internet ကတော့ မဖြစ်မနေလိုပါတယ်။ ကျွန်တော်တို့ ကျောင်းမှာကတော့ Project တွေ ရေးတဲ့အခါ Computer အခန်းတွေရော၊ Wifi ရော ပေးထားတဲ့အတွက် အဆင်ပြေပါတယ်။

Voice : ကျောင်းတစ်ဖက်နဲ့ဆိုတော့ အချိန်ခန့်ခွဲတာတွေ ဘာတွေ ဘယ်လိုလုပ်သလဲ။ ကျောင်းစာကလည်း ရှိသေးတော့လေ။
LMA : ကျောင်းတစ်ဖက်နဲ့ဆိုတော့ Project တွေ ရေးရင် အချိန်ကို ခွဲထားပါတယ်။ Project ရေးဖို့က ၁ နာရီဆိုရင် ကျန်တဲ့အချိန်ကို ကျောင်းစာ လုပ်ပါတယ်။

Voice : နယ်မှာဆိုတော့ နည်းပညာ လေ့လာတာတွေမှာ အခက်အခဲတွေဆိုရင် ဘာတွေရှိမလဲ။
LMA : နယ်မှာဆိုတော့ နည်းပညာ လေ့လာရတာ အခက်အခဲ အနည်းငယ်တော့ ရှိပါတယ်။ ကျွန်တော်တို့နယ်မှာက နည်းပညာနဲ့ ပတ်သက်တဲ့သင်တန်းတွေ မရှိသလောက် နည်းပါတယ်။ ကိုယ်မသိတဲ့ အရာတွေကို ပြောပြမယ့်သူ ရှင်းပြပေးမယ့်သူလည်း နည်းပါတယ်။ ကိုယ်သိချင်တဲ့ အကြောင်းအရာကို Internet ကနေပဲ လေ့လာရတယ်။ ဒါပေမဲ့ ဆရာမတွေနဲ့ စီနီယာတွေကတော့ အကောင်းဆုံး ပြောပြပေးပါတယ်။

Voice : နောက်ဆုံးအနေနဲ့ နောက်ထပ် ဘယ်လို App တွေ ဆက်ပြီးလုပ်သွားမယ်လို့ စဉ်းစားထားလဲ။ ကျောင်းပြီးသွားရင်ရော ဘာတွေ ဆက်ပြီးလုပ်မယ်လို့ စိတ်ကူးထားသလဲဆိုတာ ဖြေပေးပါဦး။
LMA : ကျွန်တော် နောက်ပိုင်းလည်း ပြည်သူလူထုကို အကျိုးပြုနိုင်တဲ့ App တွေကို ဆက်ပြီးလုပ်သွားမယ်လို့ စဉ်းစားထားပါတယ်။ ကျောင်းပြီးသွားရင်တော့ နည်းပညာ Company တွေမှာပဲ အလုပ်လုပ်မယ်လို့ စဉ်းစားထားပါတယ်။

မောင်မန်း


  • VIA