News

POST TYPE

IT

မြောက်ကိုရီးယား ဟက်ကာများသည် အွန်လိုင်းငွေကြေးစနစ်များကို တိုက်ခိုက်ဟုဆို
18-Dec-2017

ဆိုးလ်၊ ဒီဇင်ဘာ ၁၇

မြောက်ကိုရီးယားနိုင်ငံမှ ဟက်ကာများသည် Crypto currency ဟုခေါ်သည့် အွန်လိုင်းငွေပေးချေမှုဆိုင်ရာ ဒစ်ဂျစ်တယ်ငွေကြေးကိစ္စများကို ခိုးဖောက်တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ရှိနေကြောင်း တောင်ကိုရီးယားနိုင်ငံ ထောက်လှမ်းရေးအေဂျင်စီမှ ထုတ်ဖော်ပြောကြားချက်ကို Reuters သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား ဟက်ကာများသည် ယခုနှစ်အတွင်း ငွေကြေးခိုးဖောက်ယူမှုများကို ဒေါ်လာ ၆ ဒသမ ၉၉ သန်းခန့်အထိ ပြုလုပ်ခဲ့ကြောင်း ယင်းသတင်းက ဆိုသည်။

ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် မြောက်ကိုရီးယားမှ ဟက်ကာများသည် ဇွန်လအတွင်းက Bitthumb ခုခေါ်သည့် ဆိုက်ဘာငွေကြေး လွှဲပြောင်းမှုဌာနမှ စာရင်း account ပေါင်း ၃၆၀၀၀ ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူသွားခဲ့ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့ (NIS)၏ အစီရင်ခံစာကို ကိုးကားပြီး တောင်ကိုရီးယားနိုင်ငံ Chosun Ilbo အစီရင်ခံစာတွင် ရေးသားထားသည်။

ဟက်ကာများသည် Yapizon ငွေကြေးလဲလှယ်ရေးဌာနနှင့် Coinis ဆိုသည့် ဌာနကို ယခုနှစ် ဧပြီနှင့် စက်တင်ဘာလများအတွင်း တိုက်ခိုက်ပြီး ကာလတန်ကြေး ဒေါ်လာ ၈၂ ဒသမ ၇ သန်းကျော်တန်ဖိုးရှိသည့် ငွေကြေးများကို ခိုးယူသွားခဲ့ကြောင်း၊ ထို့ပြင် Bitthumb က ခိုးယူသွားသည့် အချက်အလက်များကို ဖျက်ပေးစေလိုလျှင် ဒေါ်လာ ၅ ဒသမ ၅ သန်း ပေးရမည်ဟုလည်း ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း NIS က ထောက်ပြထားသည်။ 

အောက်တိုဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံဟက်ကာများ ခိုးဖောက်တိုက်ခိုက်ခဲ့သည့် ငွေကြေးဌာနပေါင်း ၁၀ ခုခန့်ရှိပြီး အီးမေးလ်များကတစ်ဆင့် ဗိုင်းရပ်စ်များထည့်သွင်းကာ ရယူခိုးဖောက်သွားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံမှ ဟက်ကာများ၏ အီးမေးလ်များကတစ်ဆင့် ဗိုင်းရပ်စ်များပို့ကာ တိုက်ခိုက်ခြင်းသည် ၂၀၁၄ နှင့် ၂၀၁၆ ခုနှစ်များတွင် Sony Pictures နှင့် ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်ကို ခိုးဖောက်တိုက်ခိုက်စဉ်ကအတိုင်း အတူတူဖြစ်ကြောင်း Chosun Ilbo တွင် ဖော်ပြထားသည်။


  • VIA