News

POST TYPE

IT

မြောက်ကိုရီးယားခေါင်းဆောင် လျှို့ဝှက်ဇီဝလက်နက် စက်ရုံတည်ဆောက်ရန်စီစဉ်
13-Dec-2017 tagged as

ဆိုးလ်၊ ဒီဇင်ဘာ ၁၂

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းသည် ဇီဝလက်နက်များ ထုတ်လုပ်ရန်အတွက် စက်ရုံများနှင့် ဓာတ်ခွဲခန်းများ တည်ဆောက်လျက်ရှိကြောင်း Washington Post သတင်းတွင် ဖော်ပြထားသည်။

ကင်ဂျုံအန်းသည် အန္တရာယ်ရှိသည့် ပိုးမွှားပေါင်းများစွာကို မွေးမြူထားသော ဓာတ်ခွဲခန်းများကို တည်ဆောက်ထားပြီးနောက် ဇီဝလက်နက်များ ထုတ်လုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း အမေရိကနှင့် အာရှထောက်လှမ်းရေး အဖွဲ့ဝင်များ၏ သတင်းထုတ်ပြန်ချက်များကို အခြေခံကာ ယင်း သတင်းက ဆိုထားခြင်းဖြစ်သည်။

အမေရိကန် ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် ဇီဝပိုးမွှားလက်နက်များကို တီထွင်မှု လုပ်ဆောင်နေသည်မှာ လွန်ခဲ့သော ၁၀ နှစ်ခန့်ကတည်းက ဖြစ်ပြီး၊ တတ်ကျွမ်းသည့် ပညာရှင် မရှိသေးသောကြောင့် လုပ်ငန်းမှာ အပြီးသတ်နိုင်ခြင်း မရှိသေးကြောင်း ရေးသားထားသည်။

ကင်ဂျုံအန်းသည် ကမ္ဘာအနှံ့ မိမိနိုင်ငံမှပညာရှင်များကို စေလွှတ်ပြီးနောက် ဇီဝပိုးမွှားဆိုင်ရာ ပညာရပ်များကို လေ့လာသင်ယူခိုင်းကာ တီထွင်နေသည်မှာ ယခုအခါ အောင်မြင်နေပြီး ရောဂါကူးစက်စေသည့် လက်နက်များကို အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နိုင်သည့် အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုမှ ပညာရှင်များက သုံးသပ်ထားသည်။

မြောက်ကိုရီးယားနိုင်ငံမှ ဇီဝနည်းပညာဆိုင်ရာ သူလျှိုများစေလွှတ်ထားသည်ကို မိမိတို့သိရှိထားပြီး ဖြစ်ကြောင်း၊ သူတို့တွင် နည်းစနစ်နှင့် ပစ္စည်းများကို ရရှိသွားပြီးဖြစ်သော်လည်း ယနေ့အထိ မထုတ်ဖော်သေးသည်မှာ နားလည်ရခက်ကြောင်း အမေရိကန် ထောက်လှမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇီဝပိုးမွှားလက်နက်ဆိုသည်မှာ ရောဂါဖြစ်စေနိုင်သည့် ပိုးမွှားများကို ဗုံးတစ်ခုအတွင်း ထည့်သွင်းပစ်လွှတ် ဖောက်ခွဲလိုက်ပြီးနောက် ထိုဒေသအတွင်း ရောဂါများ ကူးစက်ပျံ့ပွားစေကာ အပင်များ၊ တိရစ္ဆာန်များနှင့် လူများကို ဒုက္ခရောက်စေရန် ပြုလုပ်မည့် လက်နက်များဖြစ်သည်။

ဇီဝလက်နက်များသည် အဆောက်အအုံများကို ပျက်စီးပြိုကျသွားနိုင်ခြင်း မရှိသော်လည်း သန်းပေါင်းများစွာသော ကူးစက်ရောဂါ ဖြစ်စေနိုင်သည့် ပိုးမွှားများကြောင့် လူတို့သည် ကျောက်၊ ဝက်သက်၊ ပလိပ်၊ ထောင့်သန်းရောဂါများကူးစက်ကာ လူသားမျိုးသုဉ်းစေရန် အချိန်ဆွဲပြီး သုတ်သင်မည့် လက်နက်ဆိုး တစ်ခုလည်းဖြစ်သည်။ 

ယခု အမေရိကန်ပြည်ထောင်စု၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး မြောက်ကိုရီးယားနိုင်ငံ၏ ပစ်လွှတ်စမ်းသပ်လျက်ရှိသော ဒုံးကျည်များကို စူးစမ်းလေ့လာ စောင့်ကြည့်မှုများ ပြုလုပ်လျက်ရှိကြောင်း Washington Post တွင် ရေးသားထားသည်။

  • VIA
  • TAGS