News

POST TYPE

IT

နည်းပညာသင်တန်းများပို့ချနေသည့် ကိုထက်ဝေယံစိုးနှင့် တွေ့ဆုံခြင်း
12-Dec-2017 tagged as

ပြည်တွင်း၌ နည်းပညာဆန်းသစ်တီထွင်မှုများကို လုပ်ကိုင်နေသည့် ကျောင်းသားလူငယ်များအနေနှင့် အခက်အခဲများကြားမှ ကြိုးစားလုပ်ကိုင်နေကြသည်။ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နောက်ကျကျန်နေရသည့် အခြေအနေမျိုး ဖြစ်နေသည့်အပြင် ကျောင်းသားလူငယ်များအတွက် အထောက်အပံ့များလည်း ရရှိရန်လိုအပ်နေသည်။ ယခင်နှစ်များကထက် အလုပ်အကိုင်အခွင့်အလမ်း၊ လိုအပ်သည့် အထောက်အပံ့များ ပိုမိုရရှိလာသည်ဟု ဆိုနိုင်သော်လည်း လိုအပ်ချက်များစွာ ရှိနေဆဲပင် ဖြစ်သည်။ ပြည်တွင်းနည်းပညာသမား လူငယ်များအတွက် လိုအပ်သည့်အထောက်အပံ့များ၊ ကြုံတွေ့နေရသည့်အခက်အခဲများ၊ ပြည်တွင်းနည်းပညာ နယ်ပယ်တွင်း အခြေအနေများကို ကိုယ်တိုင် Developer တစ်ဦးဖြစ်သည့်အပြင် နည်းပညာသင်တန်းများပို့ချနေသည့် Cyber Wings ကုမ္ပဏီမှ ကိုထက်ဝေယံစိုးနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ပထမဆုံးအနေနဲ့ Developer တစ်ယောက်အနေနဲ့ ရပ်တည်တာအပြင် စာသင်ဖို့ လမ်းကြောင်းကို ရွေးချယ်ဖြစ်တဲ့ အကြောင်းလေး စပြီးပြောပေးပါဦး။
HWYS : Developer အနေနဲ့ကော စာသင်ဖြစ်တာရောက ဒါကြီးဖြစ်ရမယ်ဆိုပြီး ရွေးချယ်ခဲ့တာ မဟုတ်ဘူးဗျ။ IT လောကထဲ စဝင်ခါစကတော့ IT နဲ့ ပတ်သက်တာ အကုန်လုပ်တယ်။ Network ဆင် တာတို့ Computer ပြင်တာတို့ အကုန်လိုက်လုပ်တယ်။ Software Development နဲ့ ပတ်သက်တာတွေလည်း လေ့လာဖြစ်တယ်။ ပြဿနာက ကျွန်တော်တို့ ခေတ်မှာ အခုလောက် Internet Connection အဆင်မပြေဘူး။ အင်တာနက်သုံးရဖို့အရေး အင်တာနက်ဆိုင် တစ်နာရီ ၅၀၀၊ ၁၀၀၀ ပေးပြီး သုံးရတာကိုး။ Software Dev နဲ့ ပတ်သက်ပြီး မြန်မာ Community တွေလည်း သိပ်မရှိသေးတော့ လေ့လာရတာ ရှေ့ဆက်မတက်တော့ဘူး။ မေးမြန်းရမယ့်လူ၊ လမ်းညွှန်ပေးမယ့် Mentor လည်းမရှိဘူးကိုး။ ဒီတော့ Software Dev တစ်ခန်းရပ်ပြီး Linux Server & Network ဘက်ကို ဆက်လုပ်ဖြစ်သွားတယ်။ နောက်ကျ Software Developer အဖြစ် အသက် မွေးဝမ်းကျောင်းရွေးဖြစ်သွားပုံက PHP နဲ့ရေးထားတဲ့ Software တစ်ခုကို စမ်းသုံးရင်း ကိုယ်မကြိုက်တဲ့ အချက်တွေ ပြင်ရင်းနဲ့ Developer ဖြစ်မှန်းမသိ ဖြစ်လာတယ်ဆိုပါတော့။ Developer သက်တမ်း ၄ နှစ် လောက်ရှိတော့ ကိုယ့်ကိုလာမေးတဲ့လူတွေ ရှိလာတယ်။ သူတို့ကိုလည်း ပြန်ပြောပြဖြစ်တယ်။ တဖြည်းဖြည်း Community တစ်ခုဖြစ်လာတယ်ပေါ့။ နောက်ကျတော့ ကိုယ်သိထားသမျှကို ကိုယ့်ဘာသာကိုယ် ပြန်ဖတ်ရအောင် သူများတွေကိုလဲ ပြန်ရည်ညွှန်းဖို့ Blog လည်းရေးဖြစ်သွားတယ်။ စာစသင်တာကတော့ ကျွန်တော့် Partner ရန်နိုင်မြင့်က Cyber Wings Team အနေနဲ့စထောင်တော့ ကျွန်တော်လဲ Member တစ်ယောက်အနေနဲ့ ပါဖြစ်တယ်။ Solution Provider လုပ်ရင်းတစ်ဖက်နဲ့ Capacity Building လုပ်တဲ့အနေနဲ့ ကိုယ်တွေ လုပ်နေတဲ့အလုပ်ကို စိတ်ဝင်စားတဲ့လူတွေကို စသင်ပေးရင်း အရင်ကလည်း စာသင်တာ လက်စလက်နရှိတော့ ဆက်သင်ပေးဖြစ်သွားတာဗျ။ ၂၀၁၄ လောက်က အဲ့လို စိတ်ဝင်စားတဲ့လူတွေကို စုပြီး Online ကနေတစ်ဆင့် သင်ပေးဖြစ်တယ်ဗျ။ Internet ဒုက္ခပေးတာနဲ့ တစ်ဝက်တစ်ပျက်မှာတင် ရပ်သွားတယ်။ သင်တန်း စဖွင့်ဖြစ်တော့ အဲ့လူတွေက စတက်ကြတာပဲ။ နောက်တော့ ကျောင်းသားတွေ ဆက်တိုက်ရောက်လာပြီး သင်တန်းက ရပ်မရတော့ဘူး။ ဒါနဲ့ပဲ စာသင်ဖြစ်သွားတယ်။ 

Voice : သင်တန်းစသင်ဖြစ်တဲ့ ခုနှစ်ဆိုရင်ရော ဘယ်နှစ်လောက်က ဖြစ်မလဲ။
HWYS : Software Development နဲ့ ပတ်သက်တာတွေ စသင်ဖြစ်တာတော့ February ၂၀၁၅ ကနေ စသင်ဖြစ်တာဗျ။ ပထမတော့ သင်ရိုးတွေ ဘာတွေ သေချာမရှိသေးဘူးဗျ။ စာအုပ်တစ်အုပ်ကို လက်ကိုင်ထားပြီး သင်တာပဲ။ နောက်ကျတော့  မလုံလောက်မှန်းသိလာပြီး ကိုယ်တိုင်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံတွေ သိသင့်သိထိုက်တာတွေ ပေါင်းပြီး ကိုယ်ပိုင်သင်ရိုးတစ်ခု ဖြစ်လာတယ်ပေါ့ဗျာ။ အခုတော့ သင်တန်းဖွင့်ခဲ့တဲ့ ၂ နှစ်နဲ့ ၁၀ လမှာ ကျောင်းသား ၄၀ဝ ကျော်လောက် Train ခဲ့ပြီးပြီဆိုတော့ တော်တော်လေး ဟုတ်နေပြီပြောလို့ရတယ်။ တချို့တွေလည်း Developer အဖြစ်နဲ့ ဆက်ပြီး အသက်မွေးနေကြတယ်ဗျ။

Voice : အဲ့ဒီအချိန်က ဒီဘက်နှစ်ပိုင်းတွေမှာလိုမျိုး ဒီအပိုင်းကို ကျောင်းသားလူငယ်တွေ စိတ်ဝင်စားမှုရှိပြီလား။ အခြေအနေက ဘယ်လိုရှိခဲ့သလဲဗျ။
HWYS : အဲ့အချိန်တုန်းက တော်တော်လေး လှုပ်လှုပ်ရွရွဖြစ်နေပြီ။ ရှေ့ကနေ ပခုံးနဲ့တိုက်ဖွင့်ခဲ့တဲ့ Generation တစ်ခုလည်း ရှိနေပြီဆိုတော့ နောက် Generation ကို ဆက်ပြီးတွဲခေါ်ဖို့လည်း Ready ဖြစ်နေပြီ။ ကျောင်းသားတွေလည်း တော်တော်စိတ်ဝင်စားလာကြတယ်။ အဓိကက Internet ကောင်းလာတာလဲပါသလို ကျောင်းသားတွေအတွက် အခွင့်အရေးတွေ များလာတာလည်း ပါတယ်။ ဥပမာ Intern ခေါ်ကြ တာလိုမျိုး Samsaung ကနေ သင်တန်းလုပ်ပေးတာမျိုးတွေ စတဲ့ Support တွေ များလာတယ်။

Voice : ဒီ Developer နယ်ပယ်ထဲကို ခြေချနိုင်ဖို့ဆိုရင်ပေါ့လေ။ ကျောင်းသားလူငယ်တွေအနေနဲ့ ဘာတွေကို စပြီး ပြင်ဆင်သင့်သလဲဗျ။
HWYS : ဒီအလုပ်က Persistent က စကားပြောတယ်ဗျ။ ငွေကြေးထက် အချိန်အတိုင်းအတာတစ်ခုထိ စိတ်နှစ်ပြီး လုပ်နိုင်ကာမှ တကယ် Professional တယောက်အနေနဲ့ ရပ်တည်နိုင်မှာ။ ကောက်ရိုးမီးဆိုရင် မဖြစ်ဘူး။ ကောက်ရိုးမီးမဖြစ်ဖို့ကလည်း အသိုင်းအဝိုင်းတစ်ခုလိုတယ်ဗျ။ အခန်းထဲမှာပဲ ကုပ်ပြီး လေ့လာနေမယ်ဆိုရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ကိုယ်လေ့လာနေတဲ့ ဘာသာရပ်ကို လေ့လာနေတဲ့လူတွေနဲ့ မိတ်ဖွဲ့ရမယ်။ မေးရ မြန်းရမယ်။ မဟုတ်ရင် စိတ်ဓာတ်ကျပြီး အရှုံးပေးသွားရော။ ကျောင်းသားဆိုလည်း ကျောင်းတက်နေရင်းနဲ့ ကိုယ်ပိုင် Project တစ်ခုခု ရေးနေတာ ပိုကောင်းတယ်လို့ မြင်တယ်။ ကျောင်းမှာက တကယ့်မိတ်ဆွေကောင်းတွေ အများကြီး ရှာလို့ရတယ်။ နောက်တစ်ခုက ကိုယ်လေ့လာမယ့် ဘာသာရပ်တစ်ခုကို တစ်ခုဆိုတစ်ခု  စွဲစွဲမြဲမြဲလေ့လာတာပဲ ကောင်းတယ်။

Voice : လက်ရှိမှာဆိုရင် ကိုထက်ဝေယံစိုးက အောင်မြင်တဲ့ သင်တန်းတစ်ခုအနေနဲ့ ရပ်တည်နိုင်တဲ့ အနေအထားပေါ့။ ဒီအတွေ့အကြုံတွေအရဆိုရင် သင်တန်းမှာတွေ့ရတဲ့ သင်တန်းသားတွေအများစုရဲ့ လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ။ ဥပမာ ပညာရပ်ပိုင်း ဆိုင်ရာလိုအပ်ချက်၊ နယ်ပယ်တွင်း ရပ်တည်နိုင်ဖို့ အခက်အခဲတွေ၊ အလုပ်အကိုင်အခွင့်အရေး စသည်ဖြင့်ပေါ့လေ။
HWYS : တချို့ကျောင်းသားလူငယ်တွေက  သင်တန်းတက်ချင်တာပဲ သိကြတယ်ဗျ။ တစ်ခါတလေ ပြောရတော်တော်ခက်တယ်။ သူတို့ကို နားမလည်နိုင်ဘူး။ Planning သေချာမလုပ်ဖူး။ တချို့ဆို သင်တန်းတက်တာသာ ပြီးသွားတယ်။ ဆရာနာမည်တောင် မသိတာတွေ ရှိတယ်ဗျ။ သင်တဲ့ဘာသာရပ်ဆို မပြောတော့ဘူး။ တချို့ကျတော့လည်း တကယ်သေသေချာချာ လေ့လာပြီး အချိန်တိုအတွင်း အတိုင်းအတာတစ်ခုထိ ရောက်သွားတယ်။ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုက ငွေကြေးခင်းပြီး လေ့လာလို့မရဘူးဗျ။ အချိန်တွေခင်းပြီး လေ့လာရတယ်။ အဲ့ဒါတွေမသိတော့ အချိန်ကုန် ပိုက်ဆံကုန် လူပန်းဖြစ်ကော။ သင်တန်းတစ်ခု တက်တယ်ဆိုရင် အဲ့သင်တန်းက ဘယ်သူသင်မှာလဲ။ ဘာတွေ သင်ပေးမှာလဲ။ ဘာတွေ ဆက်လုပ်နိုင်သလဲဆိုတာ ပြပေးနိုင်သလား စတာတွေ မေးရမယ်ဗျ။ အဓိကက နယ်ကျောင်းသားတွေ ဖြစ်တာဗျ။ နယ်ကနေ ရန်ကုန်တက်လာတဲ့အခါ Shock တွေက အများကြီးဗျ။ နေဖို့ထိုင်ဖို့ စီစဉ်ရတယ်။ ပတ်ဝန်းကျင်နဲ့ သင့်တင့်လျောက်ပတ်အောင် နေရတယ်။ အခက်အခဲတွေ အများကြီးပဲဗျ။ သင်တန်းတက်ပြီးတော့လည်း မပြီးသေးဘူး။ အလုပ်အကိုင် ရှာရသေးတယ်။ Software Development နဲ့ ပတ်သက်ပြီး အလုပ်အကိုင်တွေက ပေါပါတယ်။ ပြဿနာက တကယ်တတ်မှ ရပ်တည်နိုင်မှာဗျ။ ပြီးတော့ ကိုယ်တတ်ထားတဲ့ ပညာကလည်း Update ဖြစ်နေဖို့ လိုသေးတယ်။ စဉ်ဆက်မပြတ် လေ့လာနေရတယ်။ တချို့နယ်ကျောင်းသားတွေအတွက်တော့ ဒါက  အတော်ကြီး အကျပ်ရိုက်စေတဲ့ Shock အကြီးစားပဲ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက်ကတော့ ကိုယ့်ကို ကူညီပေးမယ့် Mentor ရယ် Community အမှီအခို ကောင်းရှိဖို့ရယ် စိတ်ဓာတ်ကြံ့ခိုင်ဖို့ရယ်ပါပဲ။ အချိန်တစ်ခု ရင်းနှီးလိုက်ရင် အဆင်ပြေသွားမှာပါ။

Voice : အရင်နှစ်ပိုင်းတွေကဆိုရင် ပညာရှင်လူငယ်တွေက ပြည်ပထွက်ခွာပြီး လုပ်ကိုင်ဖို့ပဲ အာသီသရှိကြတယ်။ အခွင့်အလမ်းကလည်း ပိုတာကိုး။ ဒီဘက်နှစ်တွေနဲ့ကျတော့ ဘာတွေ ကွာခြားသွားမလဲဗျ။ အဲ့ဒါလေး ဘယ်လိုမြင်ထားတာရှိမလဲ။
HWYS : အလုပ်အကိုင်တွေက များလာပြီဗျ။ Position တွေလည်း အတော်ကောင်းလာသလို လစာတွေလည်း အတော်ကောင်းလာတယ်။ နိုင်ငံခြားနဲ့ သိပ်မကွာတော့ ဒီမှာပဲ ဆက်နေဖြစ်ကြတယ်။ တချို့ နိုင်ငံခြားကနေပြန်လာပြီး ဟိုက အတွေ့အကြုံတွေနဲ့ Startup ထောင်ကြသူတွေလည်း ရှိနေတယ်။ အခြေအနေက အတော်ကောင်းလာပြီလို့ ဆိုရမှာပေါ့။ ဒီထက် ပိုကောင်းဖို့ပဲ ရှိပါတော့တယ်။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် HR တွေ ဒီထက် ပိုကောင်းလာမှာပါ။

Voice : ပြည်ပထွက်ခွာလုပ်ကိုင်ကြတဲ့ အခါကျတော့ ဦးနှောက်ယိုစီးမှုလို့ ပြောရမလား။ ဒါက ပြဿနာတစ်ခုလို ဖြစ်နေတဲ့ အနေအထားမျိုးလို့ ထင်သလားဗျ။ ဒါကို ကာကွယ်ဖို့ရော ဘယ်လိုတွေ လုပ်ဆောင်ဖို့ လိုအပ်မလဲ။ တချို့ကတော့ ဒီထွက်သွားတဲ့ ကလေးတွေက မြန်မာပြည်ကို ပြန်လာမယ်ဆိုရင် အတွေ့အကြုံကောင်းတွေ သယ်ဆောင်လာနိုင်တာမို့ ဒါကောင်းတာပဲလို့ ယူဆတာလည်းရှိတယ်။ သူတို့ပြန်လာဖို့ရော ဒီမှာက လိုအပ်တဲ့ လုပ်ငန်းခွင်နယ်ပယ် ရှိနေပြီလား။ မေးခွန်းနည်းနည်းရှည်သွားတာတော့ တောင်းပန်ပါတယ်ဗျ။
HWYS : ခုနက ပြောခဲ့သလိုပဲ အခြေအနေကောင်းလာတော့ ဒါတွေက အဲ့ဒီလောက်ကြီး ပြဿနာမဟုတ်တော့ဘူးဗျ။ အမှန်က နိုင်ငံခြားကနေ အဆက်အသွယ်တွေ ပါလာတော့ ပိုပြီး အဆင်ပြေလာတယ်လို့ မြင်တယ်။ လောလောဆယ်က ကြားကာလ ဖြစ်နေတယ်ဗျ။ HR က သတ်မှတ်ထားတဲ့ အဆင့်တစ်ခုမရောက်သေးဘူး။ အချိန်အတိုင်းအတာ တစ်ခုလိုနေသေးတယ်။ ရှေ့လူ နောက်လူ ရှေ့က Generation နောက်က Generation ချိတ်မိပြီး ပညာပေး ပညာယူ ကာလပဲ ရှိနေသေးတယ်။ အချိန်တစ်ခုရောက်ရင်တော့ IT Sector က အဆင်ပြေသွားမှာပါ။ ကျွန်တော်တော့ အဲ့ဒီလိုမြင်တယ်ဗျ။

Voice : ပြည်တွင်းက ကွန်ပျူတာ၊ နည်းပညာ ကျောင်းသားတွေနဲ့ ကိုထက်ဝေယံစိုးတို့ အများဆုံး ထိတွေ့ရတာပေါ့လေ။ ဒီကလေးတွေအတွက် အထောက်အပံ့တွေ ဘယ်လောက်ရနေတာမျိုးရှိလဲ။ ဆိုချင်တာက ငွေကြေးဖြစ်ချင်မှဖြစ်မယ်ဗျာ။ သူတို့ လေ့လာနိုင်ခွင့်၊ သူတို့ တီထွင်ဖန်တီးနိုင်ခွင့်အတွက် သက်ဆိုင်ရာက ဘယ်လောက်အထိ အထောက်အပံ့ကောင်းတွေ ပေးနိုင်တဲ့အနေအထားရှိသလဲ။ 
HWYS : နည်းပညာ ကျောင်းသားတွေက အထောက်အပံ့တောင် သိပ်မလိုဘူးဗျ။ မြေတောင်မြှောက်ပေးဖို့ပဲ လိုတာ။ State Sponsor Hackathon တွေ များများလုပ်ပေးရမယ်။ ကလေးတွေ စိတ်အားတက်လာအောင် စင်ပေါ်ရောက်လာအောင် ကူညီပေးရမယ်။ ကျောင်းတွေလည်း တော်တော်ပြောင်းလဲလာပါပြီ။ နယ်က ကျောင်းတွေတော့ အရင်စနစ်ဟောင်းက အကြွင်းအကျန်တွေ ရှိနေသေးတယ်။ ကျောင်းမှာ လေ့လာဖို့ Internet အဆင်ပြေအောင် လုပ်ပေးထားနိုင်မယ်ဆိုရင်ကို အတော်ကြီးဟုတ်နေပါပြီ။

Voice : ကိုထက်ဝေယံစိုးရေ။ မြန်မာပြည်နဲ့ အိမ်နီးချင်းဒေသတွင်း နိုင်ငံတွေရဲ့ နည်းပညာအဆင့်အတန်း ကွာဟမှုကရော ဘယ်လိုအခြေအနေမှာ ရှိသလဲဗျ။ ကျွန်တော်တို့ ဘယ်လောက်အထိ နောက်ကျကျန်နေသလဲ။ ဘာတွေကို ဖြည့်ပြီး အမီလိုက်နိုင်မလဲဗျ။
HWYS : တိုးတက်မှုကတော့ ဖြည်းဖြည်းချင်းပဲ သွားလို့ရမယ်။ ရှေ့ Generation နောက် Generation ချိတ်ဆက်မိတဲ့အချိန်မှာ အတွေ့အကြုံယူရင်းနဲ့ပဲ တဖြည်းဖြည်း Life Cycle စလည်သွားမှာပါ။ လောလောဆယ်ကတော့ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် နောက်ကျနေတာပေါ့ဗျာ။ HR Capacity လည်း အဲ့ဒီလောက်မရှိသေးဘူးပေါ့။ နောက်တော့ ဖြစ်လာမှာပါ။ Goverment Policy Maker တွေကလည်း IT နဲ့ ပတ်သက်တာတွေကို သေချာကြပ်မတ်ပေးရင် အဆင်ပြေပါတယ်။

Voice : အထောက်အပံ့တွေလည်း ရှိသင့်သလောက်ရှိလာမယ်၊ တစ်ဖက်က ကျောင်းသားလူငယ်တွေအတွက်လည်း အခွင့်အရေးတွေ ရှိလာမယ်ဆိုရင်ရော ဒီလူငယ်တွေက ဒေသတွင်းနိုင်ငံတွေကို ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်သလားဗျ။ 
HWYS : ကောင်းကောင်း ယှဉ်ပြိုင်နိုင်တာပေါ့။ တချို့အခွင့်အရေးတွေက ကိုယ့်ဆီမှာ HR မရှိလို့ လက်လွတ်ကုန်တာတွေ အများကြီးပဲ။ အာရှနိုင်ငံတွေပဲ ရောက်ကုန်တယ်။ တကယ်လို့သာ ကိုယ့်ဆီမှာ HR ကောင်းကောင်းရှိရင် နိုင်ငံတကာနဲ့တက်ပြီး ယှဉ်ပြိုင်လို့ရတယ်။ အစိုးရက မူဝါဒပိုင်းဆိုင်ရာ ဥပဒေတွေနဲ့ ကိုယ့်နိုင်ငံသား လူငယ်တွေကို ကာကွယ်ပေးပေါ့။

Voice : နောက်ဆုံးအနေနဲ့မေးချင်တာကဗျာ။ ကိုစိုးသီဟနောင် တစ်ခါပြောဖူးသလို မြန်မာဘောလုံးအသင်းကို အထောက်အပံ့ပေးသလိုမျိုးသာ ထောက်ပံ့မယ်ဆိုရင် မြန်မာနည်းပညာသမားလူငယ်တွေကို အထောက်အပံ့ပေးကြမယ်ဆိုရင် ဘယ်လောက်အထိ တိုးတက်သွားမယ်လို့ ယုံကြည်သလဲဗျ။
HWYS : လူကြီးတွေ ဆီးသီးဗန်း မမှောက်ရင်ပဲ ကျေနပ်လှပါပြီ။

မောင်မန်း

  • VIA
  • TAGS