News

POST TYPE

IT

နေပြည်တော်၏ နိုင်ငံရေး အပြောင်းအလဲ ကာလနောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး
09-Dec-2017


ရေတို-ရေရှည်-အကျိုးစီးပွားများအပေါ် ပီကင်းက မည်သို့ထိန်းညှိ နိုင်မည်နည်း

လီချန်ယန်းနှင့် ဂျိမ်းစ်ချား အက်စ်.ရာဂျာရတ်နမ် နိုင်ငံတကာလေ့လာရေးဌာန စင်ကာပူ 

ဘာသာပြန်သူ၏အမှာ ...

စင်စစ်အားဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံမှာ မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက် ဆက်သွယ်ဆက်ဆံမှု အများဆုံးနှင့် မြန်မာတို့၏ သမိုင်းကြောင်းကို သက်ရောက်မှုအပေးဆုံးသော အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။

ပျူခေတ်၊ ပုဂံခေတ်မှစ၍ ၁၈ ရာစု ကုန်းဘောင်ခေတ်တိုင်အောင် အရှေ့မြောက်ဘက်ရှိ အိမ်နီးချင်းနိုင်ငံ၏ ဝင်ရောက်စွက်ဖက်တိုက်ခိုက်မှုများ ခံခဲ့ရသလို၊ အပြန်အလှန် ဆက်သွယ်ဆက်ဆံမှု အများအပြားလည်း ရှိခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ ပျူနှင့်ဗမာတို့အပါအဝင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးအားလုံးနီးပါး၏ လာရာမူရင်းဒေသမှာ ရှေးဟောင်းတရုတ်နိုင်ငံ ဖြစ်နေသောကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် လူအဖြစ် စတင်ပေါက်ဖွားရာဒေသမှာ တစ်ဒေသတည်း အတူတူလိုပင်ဖြစ်၏။ သို့ဖြစ်၍ ဆွေမျိုးပေါက်ဖော်ဖြစ်သည်ဟု ဆိုလေ့ရှိသည်။

နှစ်နိုင်ငံနယ်နိမိတ်ကိုခွ၍ ဟိုဘက်ဒီဘက်နေထိုင်နေကြသော တိုင်းရင်းသားလူမျိုးအများအပြား ယနေ့တိုင်ရှိနေကြသည်။ ထို့ပြင် တရုတ်နိုင်ငံမှာ ယခုအခါ ကမ္ဘာပေါ်တွင် စီးပွားရေးအရ ဒုတိယ အင်အားအကြီးဆုံးနိုင်ငံဖြစ်နေပြီး ဆက်လက်ကြီးထွားလာနေဆဲဖြစ်ကာ၊ တစ်နေ့တစ်ချိန်တွင် ကမ္ဘာ့ပထမ အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာဖွယ်ရာရှိနေပေသည်။ တရုတ်ပြည်အနေနှင့် မြန်မာပြည်၏ မဟာဗျူဟာမြောက် တည်ရှိနေသည့်အနေအထားကို တွက်ချင့်မိ၍ မြန်မာနှင့်ဆက်ဆံရေးကို အလေးထားသည်။ ထို့ကြောင့် မြန်မာပြည်အကြောင်း လေ့လာမည့် မြန်မာလေ့လာရေးသိပ္ပံ (Institute of Myanmar Studies) ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ယူနန်ပြည်နယ်၊ ခွန်မင်းမြို့ရှိ ယူနန်တက္ကသိုလ်တွင် ဖွင့်လှစ်တည်ထောင်ခဲ့သည်။ အမှန်တကယ်အားဖြင့် IMS မှာ ၂၀၁၁ ခုနှစ်က တည်ထောင်ခဲ့သော Center for Myanmar Studies ကို အခြေခံခြင်းဖြစ်သည်။    ပါမောက္ခလီချန်ယန်းမှာ အဆိုပါဌာန၏ ဌာနမှူးဖြစ်သည်။ ယခု ဘာသာပြန်ဖော်ပြမည့်ဆောင်းပါးမှာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်မီက သူနှင့် စင်ကာပူ S.Rajaratnam နိုင်ငံတကာလေ့လာရေးတက္ကသိုလ်မှ ဂျိမ်းစ်ချားတို့ ပူးပေါင်းရေးသားထားသော စာတမ်းဖြစ်သည်။ ကျွန်တော့်အနေနှင့် အဆိုပါစာတမ်းမှာ မြန်မာနိုင်ငံအပေါ် ပီကင်းကထားရှိမည့် အနာဂတ်သဘောထားဖြစ်သဖြင့် အလေးထားလေ့လာသင့်သည်ဟု ယူဆမိသောကြောင့် စာဖတ်ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါသည်။

၂၀၁၁ ခုနှစ်ကစခဲ့သည့် အရပ်သားအသွင်ပြောင်း စစ်အုပ်စု၏ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးကိစ္စရပ်အပေါ် ဆွေးနွေးကြသည့်အခါ လေ့လာသုံးသပ်သူအများစုက ပီကင်းနှင့် နေပြည်တော်အကြားရှိ ရှုပ်ထွေးသော အပြန်အလှန်ဆက်ဆံရေးအပေါ်ကို အာရုံစိုက်လေ့ရှိကြသည်။ တိတိကျကျဆိုရလျှင် မြန်မာ့နိုင်ငံရေး တံခါးဖွင့်လှစ်လာမှုနှင့်အတူ မြန်မာအနေနှင့် (မြန်မာ့ခေါင်းဆောင်မှုအပေါ် အကျိုးသက်ရောက်မှုများရှိစေသည့်) နိုင်ငံခြားတိုင်းပြည်များနှင့် အပြိုင်အဆိုင် သံတမန်ဆက်ဆံရေး မဟာဗျူဟာကို ပြန်လည်ထိန်းညှိမှု ပြုလာသကဲ့သို့ တရုတ်ပြည်အနေနှင့်လည်း အစိုးရမဟုတ်သည့်ကဏ္ဍများမှ ပုဂ္ဂိုလ်များနှင့် ဆက်ဆံရေးကို ပိုမိုဂရုစိုက်လာခဲ့လေသည်။ တရုတ်ပြည်၏ မြန်မာနိုင်ငံဆိုင်ရာပေါ်လစီကို ပြင်ဆင်လျက် စခန်းသွားနေသည်ကို သတိချပ်ကာ မြန်မာ့အမျိုးသားအကျိုးစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်မည့် အနာဂတ်မျှော်မှန်းချက်များအပေါ် အထောက်အကူပြုနိုင်သည့် ပီကင်း၏ သက်ရောက်နှိုင်မှုကို ဤဆောင်းပါးက သုံးသပ်ဆွေးနွေးထားပါသည်။ ယခင်ကတည်ရှိခဲ့သော ခိုင်မာကောင်းမွန်သည့် အပြန်အလှန်ဆက်ဆံရေးမျိုးမှာ အနာဂတ်ကာလတိုအတွင်း ပြန်လည်ရရှိရန် မဖြစ်နိုင်သော်လည်း၊ နေပြည်တော် နိုင်ငံရေးအကူးအပြောင်း၏ ရေရှည် တဖြည်းဖြည်း ဖြစ်ပေါ်ပြောင်းလဲလာမှုများနှင့်အညီ ထွက်ပေါ်လာမည့် စိန်ခေါ်မှုများကို ကျော်လွှားရန် ပီကင်းအနေနှင့် မျှော်လင့်နိုင်သေးကြောင်း ဤဆောင်းပါးက သုံးသပ်ထားပါသည်။

၁။ နိဒါန်း

တရုတ်ပြည်နှင့် ကုန်းမြေနယ်နိမိတ် ကီလိုမီတာ ၂၂၀ဝ ကျော် ဆက်စပ်နေသော မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သံတမန် ဆက်ဆံရေးအခန်းကဏ္ဍတွင် အလွန်တရာအရေးကြီးသည့်အခန်းမှ ပါဝင်ပါသည်။ အင်အားကြီးနိုင်ငံများအကြား အပြိုင်အဆိုင်ဩဇာလွှမ်းမိုးရန် ကြိုးပမ်းခံရသောအနေအထားတွင် တည်ရှိသည့် အရှေ့တောင်အာရှနိုင်ငံသည် ပထဝီအရ မဟာဗျူဟာကျကျ တည်ရှိသည်။ အထူးသဖြင့် တရုတ်ပြည်ကွန်မြူနစ်ပါတီက တရုတ်ပြည်ကို ၁၉၄၉ ခုနှစ်တွင် စတင်တည်ထောင်လိုက်ချိန်မှ တရုတ်-အမေရိကန် ဆက်ဆံရေး ပြန်လည်တည်ဆောက်ခဲ့သည့် ၁၉၇၁ ခုနှစ် မော်ခေတ် တရုတ်ပြည်၏ အနောက်ဆန့်ကျင်ရေးကာလအတွင်း မြန်မာသည် ပထဝီမဟာဗျူဟာအရ ကြားခံအဖြစ် ဆောင်ရွက်ခဲ့ရသည်။

အနောက်အုပ်စုက တရုတ်ပြည်ကို ဝိုင်းပတ်ပိတ်ဆို့သည့် ကာလကလည်း တရုတ်ပြည်အတွက် နိုင်ငံရေးကွက်လပ်တစ်ခု ဖန်တီးပေးကာ တိန့်ခေတ် တရုတ်ပြည်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကာလမတိုင်ခင် တရုတ်ခေါင်းဆောင်များနှင့် ပြင်ပကမ္ဘာဆက်သွယ်ရေးအတွက် မြန်မာက လမ်းကြောင်းတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ရလေသည်။ ပီကင်းက နိုင်ငံတကာအသိုက်အဝန်းသို့ သူကိုယ်တိုင် တံခါးဖွင့်လှစ်လိုက်သည့်နောက်ပိုင်း၊ မြန်မာ၏ အခန်းကဏ္ဍသည် တရုတ်နိုင်ငံခြားရေးပေါ်လစီတွင် တစ်စုံတစ်ရာ သေးကျုံ့သွားခဲ့လေသည်။ ထိုသို့သေးကျုံ့လာနေစဉ်မှာပင် တရုတ်ပြည်၏ မဟာဗျူဟာ တွက်ချက်မှုများတွင် မြန်မာ၏ အရေးပါမှုမှာ တစ်ဖန်ပြန်၍ နိုင်ငံတကာအာရုံစိုက်မှုကို ခံလာရပြန်သည်။ ဤသို့ဖြစ်ရခြင်းမှာ ပီကင်းက မြန်မာနှင့် အရှေ့တောင်အာရှကုန်းမြေမ၊ အရှေ့တောင် အာရှကျွန်းဆွယ်တို့အပေါ် သံတမန်ရေးနှင့် စီးပွားရေး ဩဇာဖြန့်ကြက်လာနေစဉ် အမေရိကန်ကလည်း အာရှဒေသအပေါ် ပြန်လည်ထိန်းညှိမှုများ ပြုလုပ်ခြင်းဖြင့် ဒေသဆိုင်ရာ ဩဇာလွှမ်းမိုးရေးအင်အားများ ပြောင်းလဲလာမှုကြောင့် ဖြစ်သည်။ များမကြာသေးမီက တရုတ်၏ လုပ်ဆောင်ချက်များဖြစ်သော မာလက္ကာရေလက်ကြားကို ရှောင်ကွင်းရန်၊ ဘင်္ဂလားပင်လယ်အော်ရှိ မြန်မာ့အနောက်ဘက်ကမ်းရိုးတန်းမှ တရုတ်ပြည်သို့ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တိုက်ရိုက်တင်ပို့ရန် ဆောင်ရွက်ခြင်း - (အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း တရုတ်ဩဇာ ဖြန့်ကြက်လာနေသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသည့်ကြားမှ) မြန်မာ့အနေအထားကို မဟာဗျူဟာ အချက်အချာအဖြစ် ထပ်မံထင်ရှားလာစေသည်။ နေပြည်တော်အနေနှင့် ပီကင်း၏ ဒေသဆိုင်ရာ နိုင်ငံခြားရေးပေါ်လစီတွင် ဆုံချက်ကျသော အဓိကနေရာမှ ပါဝင်ကပြလိမ့်မည်ဟု အများက ယူဆခဲ့ကြသည်။ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်နှင့်၊ ၂၀၁၁ ခုနှစ် မတ်လ အရပ်သားအသွင်ပြောင်း စစ်အစိုးရပေါ်ပေါက်လာစေသည့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုက တစ်ချိန်က အလွန်ကောင်းမွန်ခဲ့သော နှစ်နိုင်ငံဆက်ဆံရေးအပေါ် မမျှော်လင့်သော သက်ရောက်မှုများ ဖြစ်ပေါ်လာခဲ့သလို မြန်မာအပေါ်ထားရှိသည့် ပီကင်း၏ ပေါ်လစီအပေါ်လည်း အခက်အခဲများ ဖြစ်ပေါ်စေလေသည်။

ဤစာတမ်းကို အပိုင်းလေးပိုင်းခွဲ၍ တင်ပြထားသည်။ နေပြည်တော်၏ နိုင်ငံရေးအကူးအပြောင်းကာလ တရုတ်-မြန်မာဆက်ဆံရေးအတွင်း မကြာသေးခင်က ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများအပေါ် သုံးသပ်ချက်များနှင့် နှစ်နိုင်ငံဆက်ဆံရေးအတွင်း စိန်ခေါ်မှုအသစ်များအပေါ် ပီကင်း၏ တုံ့ပြန်ချက်များကို အကဲဖြတ်ချက်ဖြစ်သည်။ ဤမိတ်ဆက်ချက်နောက်တွင် ၂၀၁၁ ခုနှစ် မြန်မာ့ပြုပြင်ပြောင်းလဲရေးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေးအပေါ် သက်ရောက်မှုကို သုံးသပ်လျက် တရုတ်ပြည်၏ကိုလိုနီလက်သစ် အလိုရမ္မက်များ (တရုတ်နိုင်ငံပိုင် စီးပွားရေးကုမ္ပဏီကြီးများ၏ လူမှုအဖွဲ့အစည်းအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှု သိသိသာသာ နည်းပါးသည့် ပေါ်လစီနှင့် လုပ်ဆောင်ချက်များ၊ တရုတ်ပြည်၏ စီးပွားရေး တက်ကြွလှုပ်ရှားမှု ရလဒ်အဖြစ် အိမ်ရှင်နိုင်ငံ ခံစားရသည့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများ) နှင့်ပတ်သက်၍ ဝေဖန်ထားမှုများအပေါ် အာရုံစိုက်ထားသည့် တရုတ်အစိုးရ၏ ပေါ်လစီထိန်းညှိမှုကို ဤဆောင်းပါးက သုံးသပ်ချက်ပေးထားသည်။ ပီကင်းအနေနှင့် သူ၏ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံရှိ၊ တရုတ်မဟာဗျူဟာနှင့် စီးပွားရေးအကျိုးစီးပွားများကို အန္တရာယ်ပေးနိုင်သည့် ပေါ်လစီဆိုင်ရာ အရှုပ်အထွေးများကို လျှော့ချရှောင်ရှားရန် မည်သို့ ပြန်လည်ညှိနှိုင်း သတ်မှတ်နိုင်ပုံကို ဗဟိုပြုဆွေးနွေးထားသည်။ နောက်ဆုံးအခန်းမှာ နိဂုံးချုပ်မှတ်ချက်များဖြစ်သည်။

မြန်မာနိုင်ငံကို တရုတ်၏ စိတ်ဝင်စားမှုမှာ အခြေခံအားဖြင့် စီးပွားရေးအကျိုးအမြတ်က နှိုးဆော်သော သဘာဝသယံဇာတ လုံခြုံမှုရရှိလိုခြင်းဖြစ်သော်လည်း - (တဖြည်းဖြည်း ကြီးထွားလာနေသော တရုတ်၏ မဟာဗျူဟာအကျိုးစီးပွားကို တန်ပြန်အကျိုးသက်ရောက်စေမည့်) တရုတ် စီးပွားရေးလုပ်ငန်းများအား ဒေသခံပြည်သူလူထုက မလိုလားမှုကြောင့် ဖြစ်လာသော လူထုအမြင်မကြည်လင်မှုအပေါ် ပီကင်း၏ ချဉ်းကပ်ပုံ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေကြောင်း သင်္ကေတများက ပြဆိုနေသည်။ သို့ဖြစ်၍ မြန်မာနှင့်ပတ်သက်သော ပေါ်လစီကို ပြန်လည်ညှိနှိုင်းရန် ပီကင်း၏ဆုံးဖြတ်ချက်သည် အချိန်မီ၍ အရေးပါလှသည်။ ထိုသို့ဆိုသော်ငြားလည်း ပီကင်းအနေနှင့် နေပြည်တော်နှင့် အစဉ်အလာအရရှိခဲ့သော အပြန်အလှန် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ဆိုးရွားလာနေမှုပြဿနာကို ဖြေရှင်းနိုင်ပါ့မလား စောင့်ကြည့်ရပေဦးမည်။ မြန်မာအစိုးရတပ်မတော်နှင့် တရုတ်ပြည်၏ အနောက်တောင်ဘက် နယ်စပ်ဒေသတစ်လျှောက် နေထိုင်ကြသော  တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် တရုတ်-မြန်မာနယ်စပ်ဒေသကို မတည်မငြိမ် ဆက်လက်ဖြစ်နေစဉ်တွင် ယခုနှစ်(၂၀၁၅) ကျင်းပမည့် လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲရလဒ်က အသစ်ပွင့်လင်းလာမည့် တိုင်းပြည်၏ အစိုးရအဖွဲ့အစည်းကို သိသာထင်ရှားစွာ အပြောင်းအလဲဖြစ်စေနိုင်ပြီး၊ အဆင်မပြေဖြစ်နေသော ဆက်ဆံရေးအပေါ် ထပ်မံ၍ သက်ရောက်မှု ဖြစ်စေနိုင်ပေသည်။

၂။ မြန်မာ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် နှစ်နိုင်ငံဆက်ဆံရေးအပေါ် သက်ရောက်မှု

၂၀၁၀ ခုနှစ် စက်တင်ဘာလက မြန်မာ့စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် အချိန်တွင် ထိုစဉ်က တရုတ်သမ္မတ ဟူကျင်းတောင်က တရုတ်-မြန်မာ ဆက်ဆံရေးမှာ နှစ်နိုင်ငံဆက်ဆံရေးထူထောင်ပြီးကတည်းက ပေါ်ပေါက်ခဲ့သော ကမ္ဘာ့အပြောင်းအလဲများ၏ စမ်းသပ်မှုဒဏ်ကို ခံနိုင်ရည်ရှိလာခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး တိုးတက်လာမှုကို ထပ်မံအတည်ပြုခြင်းနှင့် မတူညီသော လူနေမှုစနစ်များအကြား စံနမူနာပြ မိတ်ဆွေရင်းချာဆက်ဆံရေး တည်ရှိမှုကို ဖော်ညွှန်းလျက်၊ နှစ်နိုင်ငံခေါင်းဆောင်များက သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်သွားလိုသည့် ဆန္ဒများကို ထပ်မံဖော်ပြခဲ့ကြသည်။ နောက်တစ်နှစ်အကြာတွင် အရပ်သားအသွင်ပြောင်းအစိုးရ၏ မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းထားရန် ဆုံးဖြတ်လိုက်ခြင်းကြောင့်၊ နိုင်ငံတကာမီဒီယာနှင့် တရုတ်မီဒီယာများ၊ နိုင်ငံတကာပညာရှင်နယ်ပယ်တို့မှ ပီကင်း၏ လက်ရှိ မြန်မာ့ရေးရာပေါ်လစီကို ပြန်လည်သုံးသပ်မှုစတင်ရန် လိုအပ်နေပြီဟု ပြောဆိုကြသလို အချို့ကလည်း တရုတ်ပြည်အနေနှင့် မြန်မာကို လက်လွတ်ဆုံးရှုံးသွားပြီဆိုသည်အထိ ဖော်ပြကြလေသည်။

ဆက်လက်ဖော်ပြပါမည်။

ရဲထွန်း (သီပေါ)

  • VIA