News

POST TYPE

IT

အီသီယိုးပီးယားတွင် သတင်းသမားများနှင့် အတိုက်အခံများကို စောင့်ကြည့်ရန် အစ္စရေးနည်းပညာ အသုံးပြု
08-Dec-2017
အဒစ်အဘာဘာ၊ ဒီဇင်ဘာ ၇

အစ္စရေးအခြေစိုက် ကာကွယ်ရေးဆိုင်ရာ နည်းပညာပစ္စည်းများကို ထုတ်လုပ်ပေးနေသည့် Elbit Systems ကုမ္ပဏီသည် အီသီယိုးပီးယားအစိုးရအတွက် မီဒီယာ သတင်းသမားများနှင့် အတိုက်အခံများကို စောင့်ကြည့်ပေးမည့် ဆော့ဖ်ဝဲတစ်ခုကို အသုံးပြုရန် စီစဉ်နေကြောင်း CalcalisTech သတင်းတွင် ဖော်ပြထားသည်။

အစ္စရေး နည်းပညာကို ထောက်လှမ်း စောင့်ကြည့်သည့် နေရာတွင် အသုံးပြုမည်ဖြစ်ကြောင်း တိုရွန်တိုတက္ကသိုလ် Munk School of Global Affairs ဌာနက ထုတ်ပြန်သည့် The Citizen Lab အစီရင်ခံစာတွင် အတိအကျ ဖော်ပြထားကြောင်း ယင်းသတင်းကဆိုသည်။

အီသီယိုးပီးယားနိုင်ငံ မြို့ပေါင်း ၂၀ တွင် အိုရိုမိုလူမျိုးစုများကို ထောက်ခံသူများအား စောင့်ကြည့်သွားရန် စီစဉ်နေခြင်းနှင့်ပတ်သက်ပြီး လူထုလှုပ်ရှားမှုများဖြင့် ကန့်ကွက်ရန် စီစဉ်နေကြောင်း၊ အီသီယိုးပီးယား အစိုးရအနေဖြင့် PC Surveillance System (PSS) ဟုခေါ်သည့် ထောက်လှမ်း စောင့်ကြည့်သည့် ကွန်ပျူတာဆော့ဖ်ဝဲကို အသုံးချသွားမည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။ 

အိုမိုရိုလူမျိုးစုများသည် အီသီယိုးပီးယား လူဦးရေ၏ ၃၅ ရာခိုင်နှုန်းခန့်ရှိပြီး ၂၀၁၅ ခုနှစ်လောက်တည်းက အစိုးရ၏ လုပ်ဆောင်ချက်များပေါ်တွင် မကျေနပ်သဖြင့် ဆန့်ကျင် ကန့်ကွက်လျက်ရှိရာ၊ ဩဂုတ်လတွင် အရေးအပေါ် အခြေအနေ ရုပ်သိမ်းပြီးနောက် နည်းပညာ အထောက်အကူဖြင့် စောင့်ကြည့်ကာ ရည်ရွယ်လုပ်ဆောင်ရန် အစ္စရေးနှင့် ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်သည်။

အစိုးရက ကွန်ပျူတာ အသုံးပြုလျှင် logfile အနေဖြင့် လူတိုင်းကို လက်ဗွေစနစ် အသုံးပြုကာ ဝင်ခိုင်းနေခြင်းကို ၂၀၁၄ နှင့် ၂၀၁၅ ခုနှစ်ကတည်းက စတင် လုပ်ဆောင်နေပြီး ပစ်မှတ်မှာ သတင်းသမားများ၏ အင်တာနက် အသုံးပြုမှုကို ထောက်လှမ်းရန်ဖြစ်သည်။
 
အစ္စရေးလုပ် ထောက်လှမ်းရေးဆော့ဖ်ဝဲ Cyberbit သည် ယခင်အာရပ်စော်ဘွားများ နိုင်ငံတွင်လည်း အသုံးပြုခဲ့ပြီး NGO အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ အာမက်မန်ဆူးကို ထောက်လှမ်းရန်အတွက် အသုံးပြုခဲ့ဖူးသည်။

ထို့ပြင် အစ္စရေးတို့၏ Cyberbit ထောက်လှမ်းရေးဆော့ဖ်ဝဲကို မက္ကဆီကိုနိုင်ငံမှ သတင်းသမားများနှင့် နိုင်ငံရေး ဆန့်ကျင်သူများကို ထောက်လှမ်းရန်အတွက်လည်း အသုံးပြုခဲ့ဖူးကြောင်း Calcalis Tech သတင်းတွင် ရေးသားထားသည်။


  • VIA