News

POST TYPE

IT

ကမ္ဘာ့အင်တာနက်အတွက် တံခါးပိတ်မထားကြောင်း တရုတ်သမ္မတပြောကြား
06-Dec-2017

ဘေဂျင်း၊ ဒီဇင်ဘာ ၅

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဆိုက်ဘာလောကကို စိုးမိုးရန် ဦးတည်ထားသော်လည်း အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံကို တံခါးပိတ်ထားရန် အစီအစဉ်မရှိကြောင်း ထုတ်ဖော်ပြောကြားချက်ကို  Reuters သတင်းတွင် ဖော်ပြထားသည်။ 

ရှီကျင့်ဖျင်၏ အင်တာနက်ဆိုင်ရာ သဘောထားကို တရုတ်နိုင်ငံအရှေ့ပိုင်း ဝူကျန်းတွင် ကျင်းပနေသည့် ဆိုက်ဘာရေးရာ ဆွေးနွေးပွဲညီလာခံတွင် ကွန်မြူနစ်ပါတီ သတင်းပြန်ကြားရေးဌာနမှ အကြီးအကဲ ဟောင်ကန်မင်းက သမ္မတ၏ သဝဏ်လွှာကို ဖတ်ကြားသည့်အထဲတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ Cyberspace အနေအထားသည် ဖွံ့ဖြိုးတိုးတက်နေပြီး ပထမအဆင့် လမ်းကြောင်းအတွင်းသို့ ဝင်ရောက်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့်တရုတ်သည် တံခါးကိုပိတ်ထားရန်မလိုကြောင်း၊ ဖွင့်ထားပေးရမည်သာဖြစ်ကြောင်း ရှီကျင့်ဖျင်၏ မှတ်ချက်ကို ဟောင်ကန်မင်းက ဖတ်ကြားပြသည်။ 

တရုတ်နိုင်ငံကလည်း ရုရှားနိုင်ငံကဲ့သို့ပင် အင်တာနက်တွင် လွတ်လပ်စွာ ချုပ်ကိုင်စိုးမိုးပိုင်ခွင့်ရရေးအတွက် ကိုယ်ပိုင်အင်တာနက် တစ်ခုဖြစ်လာစေရန် ကြိုးစားနေပြီး၊ ပြည်ပက အနှောင့်အယှက်ကင်းသည့် အင်တာနက်ဖြစ်လာစေရေးကို ဦးတည်လုပ်ဆောင်လျက်ရှိကြောင်း Reuters တွင်ဖော်ပြထားသည်။ 

တရုတ်ကွန်မြူနစ်ပါတီသည် အင်တာနက်လုပ်ဆောင်နိုင်စွမ်းများကို ဥပဒေသစ်များဖြင့် ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး၊ Great Firewall ဆိုသည့် စနစ်များဖြင့် ထိန်းချုပ်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ 

တရုတ်နိုင်ငံတွင် ယခုနှစ် ဇွန်လကစတင်ပြီး အမျိုးသားဆိုက်ဘာလုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းရန်အတွက် မူကြမ်းများ ချမှတ်ပြခဲ့ပြီး၊ ပြည်ပမှ ကုမ္ပဏီများအနေနှင့် ဒေတာများကို ပြည်တွင်း၌ သိုလှောင်သိမ်းဆည်းထားပြီးနောက် စောင့်ကြည့် တည်းဖြတ်ခြင်းကို ခံရမည်ဆိုသည့် အချက်များကို ထည့်သွင်းထားသည်။ 

ဆိုက်ဘာဥပဒေတွင် နိုင်ငံတကာက သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများကို လိုက်နာမည်ဖြစ်ပြီး လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်များကိုလည်း အကာအကွယ်ပေးမည်ဖြစ်ကြောင်း ပါဝင်သော်လည်း စီးပွားရေး လုပ်ငန်းရှင်များက ယင်းဥပဒေသည် နိုင်ငံခြားတိုင်းပြည်များမှ ကုမ္ပဏီများအတွက် တရားမျှတမှုမရှိကြောင်း ဝေဖန်ထောက်ပြထားသည်။ 

တရုတ်နိုင်ငံတွင် ကျင်းပနေသည့် Cyberspace Administration of China (CAC)ညီလာခံသို့ နိုင်ငံတကာမှ စီမံခန့်ခွဲရေးအဆင့် ခေါင်းဆောင်များကို ဖိတ်ကြားကာ အမြင်များဆွေးနွေးခဲ့ပြီး၊ ထိုပွဲကို Apple ကုမ္ပဏီမှ CEO တင်မ်ကွတ်နှင့် Google မှ အကြီးအကဲ ဆန်းဒါးပီချိုင်း အပါအဝင် Facebook ၏ အဆင့်မြင့် ခေါင်းဆောင်များ လာရောက်တက်ကြကြောင်း Reuters တွင် ရေးသားထားသည်။ 


  • VIA