News

POST TYPE

IT

မိခင်နှင့် ကလေးသည် ဦးနှောက်လှိုင်းချင်း ဆက်စပ်နေသဖြင့် ကြည့်ရုံနှင့်သိဟုဆို
02-Dec-2017
လန်ဒန်၊ နိုဝင်ဘာ ၃၀

မိခင်နှင့် ကလေးသည် ဦးနှောက်လှိုင်းချင်း ဆက်သွယ်လျက်ရှိပြီး ကြည့်လိုက်ရုံဖြင့် ဘာဖြစ်ချင်သည်၊ ဘာလိုချင်သည်၊ ဘာလုပ်ပေးရမည်ဆိုခြင်းကို အလိုလိုသိနိုင်ကြောင်း The Telegraph သတင်းတွင်ဖော်ပြထားသည်။

ကင်းဘရစ်ချ် တက္ကသိုလ်မှ ပညာရှင်များသည် မိခင်နှင့် ကလေး၏ စိတ်ချင်း ဆက်သွယ်မှုများကို နှလုံးခုန်နှုန်းနှင့် တိုင်းတာ စစ်ဆေးခဲ့ကြပြီး၊ ဦးနှောက်လှိုင်း အချင်းချင်း ဆက်သွယ်နေမှုကို ယခု ပထမဆုံးအကြိမ်အဖြစ် စမ်းသပ် ဖော်ထုတ်ပြခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

မိခင်က ကလေးကို ငေးစိုက်ကြည့်လိုက်သည်နှင့် ဦးနှောက်လှိုင်းများက အချင်းချင်း ချိတ်ဆက်မိပြီးသား ဖြစ်သွားကာ ကလေးကလည်း သူဘာဖြစ်ချင်သည်ကို တုံ့ပြန်ပြောဆိုနိုင်သလို မိခင်ကလည်း နားလည်နိုင်စွမ်းရှိကြောင်း ပညာရှင်များက ပြောကြားသည်။

ယခင်က ပညာရှင်များသည် ဦးနှောက် အချင်းချင်း ဆက်သွယ်နိုင်မှုကို အရွယ်ရောက်ပြီး လူကြီးများနှင့်သာ စမ်းသပ် စစ်ဆေးခဲ့ကြပြီး၊ စိတ်ကူး အချင်းချင်း ဆက်သွယ်မှုကို မှန်ကန်ကြောင်း သက်သေပြနိုင်ရန် ကြိုးစားခဲ့ကြသည်။

အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဗစ်တိုးရီးယားလီယွန်က မိခင်နှင့် ကလေးသည် ကြည့်လိုက်ရုံဖြင့် လှိုင်းများက ထုတ်ပေးပြီးဖြစ်ကာ ဆက်သွယ်ပြီး ဖြစ်နေကြောင်းကို လက်တွေ့ ဖော်ထုတ်ပြသနိုင်ခဲ့ပြီး၊ သင်ကြားမှုနှင့် သင်ယူမှု ပုံစံများတွင် စိတ်နှင့် ဆက်သွယ် သင်ကြားခြင်းကို ပိုပြီး လေ့လာ သုတေသနပြုရန် လိုကြောင်း ထုတ်ဖော် ပြောကြားသည်။

ဦးနှောက်အတွင်းရှိ သန်းပေါင်း များစွာသော အာရုံကြောများသည် စိတ်ကူး အတွေးများကို ထုတ်လွှတ်ပေးနိုင်စွမ်း ရှိပြီး၊ တစ်ဦး စိတ်ကူးကို တစ်ဦးက ဖမ်းယူနိုင်စွမ်း ရှိကြောင်းကို မိုင်ပေါင်းများစွာ ဝေးကွာသည့်နေရာမှ စက်များနှင့်ပင် လွန်ခဲ့သော ငါးနှစ်ခန့်ကတည်းက အောင်မြင်စွာ စမ်းသပ်ပြနိုင်ခဲ့ပြီးဖြစ်သည်။ 

လီယွန် ဦးဆောင်သည့် ပညာရှင်အဖွဲ့သည် ကလေးငယ် ၃၆ ဦးကို EEG ဟုခေါ်သည့် Electroencephalography စနစ် ခေါင်းဆောင်းများကို အသုံးပြုပြီး စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

ဆရာဝန်များက မိခင်ဖြစ်သူ၏ သားချော့တေးများကို ဆိုပြနေချိန်တွင် ကလေးငယ်၏ ဦးနှောက်လှိုင်းများ နိုးထလာပုံ၊ မိခင်က စိုက်ကြည့်လိုက်လျှင် တုံ့ပြန်အကြည့်များ နောက်ကွယ်တွင် ဖြစ်ပေါ်လာသည့် ဦးနှောက်လှိုင်းများကို ပုံဖော်ပြီး၊ ဆက်သွယ်ရန် ကြိုးစားနေချိန်၌ ကလေးများသည် စကားပြောဆိုရန် အပိုင်းက ပိုပြီး အားသန်လာတတ်ကြောင်း လက်တွေ့ပြသခဲ့ကြသည်။

အကြည့်နှင့် နှုတ်က ထုတ်ပြောလိုစိတ်သည် တစ်ပြိုင်တည်း ပေါ်ထွက်လာပြီး၊ အကြည့်က ထုတ်ပေးသည့် လှိုင်းများကို ဖမ်းယူပြီး ခံစားသိနိုင်စွမ်းများကို မကြာမီ ဖော်ထုတ်နိုင်မည်ဟု The Telegraph တွင် ရေးသားထားသည်။


  • VIA