News

POST TYPE

IT

DedaaBox အွန်လိုင်းသင်ကြားရေးမိုဘိုင်းလ် App တည်ထောင်သူ ဦးဇင်ထွန်းဝင်းနှင့် တွေ့ဆုံခြင်း
21-Nov-2017

ပြည်တွင်း၌ အင်တာနက် အသုံးပြုနိုင်မှုနှင့်အတူ မိုဘိုင်းလ် App များကို ရေးဆွဲထုတ်လုပ်နိုင်လာသည့် အားလျော်စွာ မိုဘိုင်းလ် App များကို ရေးဆွဲထုတ်လုပ်ပြီး စွန့်ဦးတီထွင် လုပ်ငန်းများကို လုပ်ကိုင်လာကြသည်။ မိုဘိုင်းလ်ဂိမ်း၊ ကျန်းမာရေး၊ ခရီးသွားလမ်းညွှန်၊ သတင်း၊ ဖျော်ဖြေရေး စသည့် ကဏ္ဍမျိုးစုံတို့ကို မိုဘိုင်းလ် App များအဖြစ် အသက် သွင်းလာကြသည်။ ယင်းအခြေအနေတွင် စီးပွားရေးနှင့် ဘာသာစကား လေ့လာလိုသူများအတွက် အွန်လိုင်းမှ သင်ကြားပေးနိုင်မည့် မိုဘိုင်းလ် App တစ်ခုဖြစ်သည့် DedaaBox ကို တည်ထောင်သူ ဦးဇင်ထွန်းဝင်းနှင့် တွေ့ဆုံပြီး DedaaBox အကြောင်း၊ စွန့်ဦးလုပ်ငန်းများ၏ အခက်အခဲများ၊ အွန်လိုင်း ငွေပေးချေမှုများ အကြောင်းများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : DedaaBox ရဲ့အကြောင်းကို ပထမဆုံး မိတ်ဆက်ပေးပါဦးဗျ။
UZTW : DedaaBox ကတော့ ကျွန်တော်တို့ မြန်မာပြည်မှာ လေ့လာ သင်ယူနိုင်တဲ့ ဗီဒီယိုတွေကို ကြည့်မယ်ဆိုရင် စီးပွားရေးနဲ့ ပတ်သက်တဲ့ လေ့လာသင်ယူနိုင်မယ့် ဗီဒီယိုတွေက မရှိသေးဘူး။ တော်တော်လေး နည်းတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်က ဒီလို စီးပွားရေးနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေကို အများဆုံး ထုတ်လုပ်ချင်တာ။ ဒီဗီဒီယိုတွေကို လူတွေဆီ ဘယ်လိုဖြန့်ဝေမလဲဆိုတော့ ကျွန်တော်တို့ ဝက်ဘ်ဆိုက်လည်း ရှိတယ်။ dedaa.com.mm ဆိုတာရှိတယ်။ ကျွန်တော်တို့ မိုဘိုင်းလ် App လည်းရှိတယ်။ ဒီတော့ ဒီဗီဒီယိုတွေကို လူတွေဆီ မိုဘိုင်းလ် App ကနေ ဖြန့်ချိမယ်။ အဲ့ဒီဝန်ဆောင်မှုပါပဲ။ ဒါကို အတိုချုပ်ပြောရရင် Youtube လိုပဲပေါ့။ Youtube မှတော့ အခြား ဖျော်ဖြေရေးတွေလည်းပါမယ်။ ဒီမှာတော့ အဓိကက လေ့လာသင်ယူနိုင်ဖို့ တစ်ခုတည်းပါပဲ။

Voice : အကြောင်းအရာအနေနဲ့ကရော ဘယ်လို အကြောင်းအရာတွေ ပါဝင်မလဲဗျ။
UZTW : အခု App ထဲမှာပါတဲ့ ကဏ္ဍအနေနဲ့ဆိုရင် ၃ ပိုင်းရှိတယ်။ တစ်ပိုင်းကကျတော့ စီးပွားရေးနဲ့ပတ်သက်တဲ့ ဗီဒီယိုတွေ ဥပမာ- Accounting နဲ့ ပတ်သက်တာတွေ ရှိမယ်၊ နောက်ဈေးကွက် ရှာဖွေရေးတွေရှိမယ်။ နောက်တစ်ခုက ဘာသာစကားနဲ့ ပတ်သက်တဲ့ ဗီဒီယိုတွေရှိမယ်။ တတိယတစ်ခုကတော့ ပွဲအစီအစဉ်တွေပါ။ ကျွန်တော်တို့နဲ့ ချိတ်ဆက်ထားတဲ့ အဖွဲ့အစည်းတွေက ပွဲတွေလုပ်တဲ့အခါ ကျွန်တော်တို့က သွားရိုက်ထားတာတွေ ရှိတယ်။ အဲ့ဒီပွဲတွေမှာ ဆွေးနွေးချက်တွေ၊ တင်ပြချက်တွေကို App ထဲမှာ တင်ပေးပါတယ်။

Voice : ဒီမှာလည်း ကိုယ်ပိုင် စတူဒီယိုတွေ ထားတာဆိုတော့ ဒီဗီဒီယိုတွေ တင်ပေးတဲ့နေရာမှာ တစ်ပတ်ကိုဆိုရင် ဘယ်နှခုလောက်တင်ပေးနိုင်ဖို့ မျှော်မှန်းထားသလဲဗျ။
UZTW : အခု ဒီဗီဒီယိုတွေနဲ့ ပတ်သက်ပြီးတော့က နှစ်ပိုင်းရှိတယ်။ တစ်က တစ်ဖြတ်ချင်းစီ သုံးမိနစ်ဆို သုံးမိနစ်စာ အတွင်းမှာ အကြောင်းအရာ တစ်ခုကို အပြီးအပြတ် လေ့လာနိုင်မယ့်ဟာမျိုးပေါ့။ နောက်တစ်ခုကတော့ သင်ခန်းစာတွေ။ ဗီဒီယိုက နာရီနဲ့ချီပြီး ကြာတယ်။ ဒီလိုမျိုး နှစ်မျိုး ရှိတယ်။ အွန်လိုင်းမှာ လူတွေများများ လေ့လာ သင်ယူချင်လာဖို့ဆိုရင် ခုနပြောတဲ့ နာရီနဲ့ချီပြီးကြာတဲ့ သင်ခန်းစာမျိုးတွေ များများရှိဖို့လိုတာပေါ့။

အခု App ထဲမှာကြည့်လိုက်ရင် ၃ မိနစ် ၄ မိနစ်လောက်အတွင်းမှာ အကြောင်းအရာတစ်ခုကို အပြီးအပြတ် ဖော်ပြပေးတဲ့ အသိပညာပေး ဗီဒီယိုလေးတွေက များနေတယ်။ ကျွန်တော်တို့ အခု သင်ခန်းစာတွေကို အာရုံထားပြီး လုပ်နေပါတယ်။ ဥပမာ - ဈေးကွက်ရှာဖွေရေးဆိုလည်း သူနဲ့ပတ်သက်တာတွေကို နာရီဝက်၊ တစ်နာရီ သင်လိုက်လို့ ရအောင်ပေါ့။ အဲ့ဒါမျိုးတွေကတော့ နောက်ပိုင်းဆိုရင် အနည်းဆုံး တစ်လကို ၄ ဘာသာပေါ့။ ခေါင်းစဉ် ၄ မျိုးလောက် သင်ခန်းစာတွေ တင်သွားပေးပါမယ်။

Voice : ဆိုတော့ ဒီအတွက် ရင်းနှီးမြှုပ်နှံထားတာတွေ ရှိမယ်။ ဆရာတွေကို ခေါ်ရတာတွေ ရှိမယ်။ အဲ့ဒီအတွက်ကို ဒီဗီဒီယိုတွေကို ဘယ်လို ပုံစံနဲ့ပေးမှာလဲ။ ဆိုလိုတာက ရောင်းချမှာလား၊ တစ်နည်းနည်းနဲ့ ဘယ်လို ပုံစံမျိုးပေးမှာလဲ။
UZTW : ကျွန်တော်တို့အနေနဲ့က အရင်ကတည်းက သင်ကြားရေးနဲ့ မီဒီယာပိုင်းတွေ လုပ်လာတာဆိုတော့ ကျွန်တော့်ရဲ့ဝါသနာက လူတွေကို သင်ကြားရေး အသိပညာပေးချင်တယ်။ ဒီဗီဒီယိုတွေကို အကုန်အကျခံပြီး လုပ်ထားတယ်ဆိုပေမယ့် လူတွေကိုပေးတဲ့အခါ ကျရင်တော့ အပြင်မှာလိုမျိုး ဒီသင်ခန်းစာကို တက်ချင်ရင် ဒီလောက်ပေးရတယ် ဆိုတာမျိုး မဟုတ်ဘဲနဲ့ App ထဲကိုဝင်ပြီးတော့ လစဉ် ၃၅၀ဝ ကျပ်သတ်မှတ်ပြီး တစ်လလုံး ဒီထဲမှာရှိသမျှ သင်ယူနိုင်မှာ ဖြစ်ပါတယ်။ အခုလက်ရှိ သတင်းပေးလို့ ရတာကတော့ ဒီ App ထဲမှာ ဗီဒီယို ၇၉ ခု ရှိပါတယ်။ ဒီတစ်ပတ်လောက်အတွင်းဆိုရင် ၁၀ဝ လောက် ရှိသွားလောက်ပါပြီ။

လစဉ်ကြေးနဲ့ မဟုတ်ဘဲ ဒီအတိုင်း ကြည့်မယ့်သူတွေအတွက်လည်း အခမဲ့ ဗီဒီယိုတွေ အများကြီး ပေးထားပါတယ်။ အခု ၇၀ မှာဆို ၄၀ လောက်က အခမဲ့ ကြည့်နိုင်ပါတယ်။ ကျန်တဲ့ ၃၀ ကတော့ Lock ချထားတာပေါ့။ တစ်လကို ၃၅၀ဝ လစဉ်ကြေးနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Voice : ဒီ လစဉ်ကြေး ၃၅၀ဝ ကို ပေးချေတဲ့ပုံစံကရော ဘယ်လိုမျိုးဖြစ်မလဲဗျ။
UZTW : အခုလက်ရှိကတော့ OK Dollar နဲ့ ပေးလို့ရတယ်။ နောက်တစ်ခုက ဘဏ်က လွှဲလို့ရတယ်။ အဲ့ဒါပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ အခု ဒီဇင်ဘာလောက်ကျရင် တယ်လီနောနဲ့ ချိတ်ထားတာ ရပါမယ်။ ကျန်တဲ့ဟာတွေကတော့ လိုပါဦးမယ်။ အသုံးပြုသူတွေကတော့ ပိုပြီးတွင်ကျယ်တာကတော့ မိုဘိုင်းလ် ဖုန်းဘေလ်ထဲကနေ ပေးချင်တာ များတယ်။ MPT နဲ့ Ooredoo ကတော့ နောက်ပိုင်း ဆက်ပြီး ချိတ်ဆက်သွားပါမယ်။

Voice : အဲ့ဒီအပိုင်းကို နည်းနည်း ဖြတ်ပြောရအောင်ဗျ။ ငွေပေးချေမှုက မိုဘိုင်းလ် အော်ပရေတာတွေနဲ့ ချိတ်ဆက်တဲ့အခါကျလို့ရှိရင် ရာခိုင်နှုန်းအားဖြင့် သူတို့ကို ပေးရတာက ဘယ်လို အနေအထား ရှိသလဲဗျ။
UZTW : အခုကတော့ ၃၀ နဲ့ ၄၀ ရာခိုင်နှုန်းကြားလောက် ရှိပါတယ်။ ကျွန်တော်တို့ နည်းပညာပိုင်း လုပ်နေတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။ အားလုံးရဲ့ အယူအဆကတော့ ဒါ နည်းနည်း များတယ်လို့ အမြင်ရှိတောပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ စီးပွားရေးအနေနဲ့တွေးရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာက App တစ်ခုကို ပိုက်ဆံပေးပြီး သုံးရမယ်ဆိုတဲ့အမြင်က မရှိသေးဘူး။ မရှိသေးတဲ့အချိန်မှာ ကျွန်တော့်တစ်ယောက်တည်းရဲ့အမြင်က အပြင်ကနေ ကိုယ့်ဘာသာ ငွေကြေးကောက်ပြီးတော့ ရအောင်ကြိုးစားတာနဲ့ ဒီအော်ပရေတာတွေကနေတစ်ဆင့် ကောက်တာက ၃၀ လောက်ဆိုရင်တော့ မများဘူးလို့ ထင်တယ်။ တချို့လည်း ၄၀ ရာခိုင်နှုန်း၊ တချို့လည်း ၄၀ ရာခိုင်နှုန်းကျော်ရင်တော့ များတယ်လို့ထင်တယ်။ ၃၀ ရာခိုင်နှုန်းကတော့ မျှတတယ်လို့ ထင်ပါတယ်ဗျ။

Voice : ပြည်တွင်းမှာက ဒီလို သင်ကြားရေး ဗီဒီယိုတွေကို လစဉ်ကြေးနဲ့ လေ့လာနိုင်မှာမျိုးက သိပ်တော့ မတွေ့ရဘူးပေါ့။ ဒါကို ပထမဆုံးလို့ ပြောလို့ရနိုင်လားဗျ။
UZTW : ပထမဆုံးလို့ ပြောလို့ ရနိုင်ပါတယ်။ ဒီလစဉ်ကြေးနဲ့သွားတာ ကျွန်တော် သိသလောက်ဆိုရင် မရှိဘူး။ ဝက်ဘ်ဆိုက်မှာဆိုရင်လည်း ပထမဆုံးပဲ။ App ကကျတော့ Mobile Learning App ဆိုတာ မရှိသေးဘူး။ ကျွန်တော်တို့အနေနဲ့ ပထမဆုံးလို့ ပြောလို့ရပါတယ်။

Voice : ဗီဒီယိုသင်ခန်းစာတွေကို ကြည့်ဖို့ဆိုတာ ကျတော့ ကျွန်တော်တို့က WiFi ဧရိယာတွေ အများကြီး မရှိသေးတဲ့အခါကျတော့ မိုဘိုင်းလ်ကို သုံးရတော့မှာပေါ့။ လေ့လာမှုနဲ့ ပတ်သက်ပြီး အဲ့ဒီလိုကုန်ကျမှုနဲ့ပတ်သက်ပြီး အသိအမြင်က အားကောင်းလာဖို့ ရှိလာမလားဗျ။
UZTW : အခုလည်း လက်ရှိ ကြုံနေရတာ ရှိပါတယ်။ အခု အသုံးပြုသူက ၃၇၀ဝ လောက် ရှိတယ်။ သူတို့ အမြဲ ဝင်ကြည့်ဖြစ်လားဆိုရင်က အများစုက စိတ်ပူတာက ဖုန်းဘေလ်ပေါ့။ ကျွန်တော်တို့ သုံးတဲ့သူက နယ်ကများတော့ မိုဘိုင်းလ်ဒေတာ ကုန်မှာကိုတော့ တော်တော်လေး စိတ်ပူကြတယ်။ အဲ့ဒီပြဿနာကတော့ ရှိတယ်။ အမြဲ သုံးနေတဲ့သူတွေကတော့ ပညာကို တကယ် လိုလားတဲ့သူတွေ များတယ်။ ဒီအခက်အခဲကို ကျော်လွှားဖို့တော့ လိုအပ်ပါတယ်။

Voice : နောက်တစ်ခုက မိုဘိုင်းလ် App ကို ဖြန့်ချိတဲ့ပုံစံပေါ့လေ။ အသုံးပြုသူတွေ လက်ထဲကို ဒီမိုဘိုင်းလ် App ရောက်သွားဖို့အတွက်ကို ဖြန့်ချိနိုင်တဲ့လမ်းကြောင်းတွေက နည်းနေတယ်လို့ ယူဆလို့ ရမလား။ ဘယ်လို အမြင်ရှိမလဲဗျ။
UZTW : အခုကတော့ အားလုံး သိတဲ့အတိုင်းပဲ ထိရောက်မှု အရှိဆုံးကတော့ ဖေ့စ်ဘွတ်ခ်ပေါ့။ ဒီကနေ သွားကြတယ်။ ကျွန်တော်တို့ကတော့ ပညာရေးလည်း ဖြစ်တဲ့အခါကျတော့ အသိပညာပေး ဟောပြောပွဲတွေ၊ ပြပွဲတွေမှာ ပါဝင်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ Startup လုပ်ငန်း တစ်ခုအနေနဲ့ကတော့ ရင်းနှီးမြှုပ်နှံမှု ငွေကြေးပေါ့လေ။ အဲ့ဒါမျိုးကျတော့ အခက်အခဲ ရှိတာပေါ့။

Voice : ကျွန်တော်တို့ဆီမှာ လူငယ်ပညာရှင်တွေ အများကြီး ရှိလာတဲ့အခါကျတော့ မိုဘိုင်းလ် App တွေ အများကြီး ရေးကြတယ်။ ကိုယ်ပိုင် App တစ်ခုနဲ့ စွန့်ဦးလုပ်တဲ့ပုံစံမျိုးထက် အသုံးပြုသူတွေအတွက် လိုအပ်တဲ့ App တွေကို ရေးပေးကြတာ ပိုများတယ်ဗျ။ ဒီလို စွန့်ဦးမိုဘိုင်းလ် App တစ်ခုလုပ်ဖို့အတွက်ကျတော့ အခက်အခဲတွေက ဘာတွေရှိမလဲဗျ။
UZTW : ကျွန်တော် ထင်တာကတော့ ဒီ App တစ်ခု ကိုလုပ်တာက နည်းပညာအရ မခက်ခဲတော့ဘူးလို့ ယူဆတယ်။ ဒီ App တစ်ခုကို အောင်မြင်အောင် ဈေးကွက်ထဲကို ချပြဖို့၊ ရေရှည် ရပ်တည်နိုင်ဖို့ လုပ်ရတာက အခက်အခဲရှိတယ်လို့ ထင်တယ်။ App တစ်ခုလုပ်ရတာက နည်းပညာအရ သူလည်း လုပ်နိုင်တယ်၊ ကိုယ်လည်း လုပ်နိုင်တယ်ဆိုတဲ့ အခြေအနေကိုး။
နောက်တစ်ခု ကျွန်တော်ထင်တာက ဒီစွန့်ဦးလုပ်တဲ့နေရာမှာ ဦးတည်ချက် လိုတယ်လို့ ထင်ပါတယ်။ သူက စလုပ်တဲ့အချိန်မှာတော့ စိတ်ဝင်စားတယ်၊ နောက်တော့ စိတ်မဝင်စားတော့တာတွေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်လုပ်မယ့် လုပ်ငန်းအပေါ်မှာ တစိုက်မတ်မတ် လုပ်နိုင်မှ အောင်မြင်မယ်လို့ထင်ပါတယ်။

Voice : Dedaabox အကြောင်းကို ပြန်သွားလိုက်ရအောင်ဗျ။ ဒီမှာ သင်ကြားရေးနဲ့ ပတ်သက်တဲ့ဟာကို လုပ်ဖြစ်တဲ့စိတ်ကူးကို ပြောပေးပါဦးဗျ။
UZTW : အဓိကကတော့ ကျွန်တော့်ရဲ့ တစ်ကိုယ်ရေ စိတ်ကူးပေါ့လေ။ လူတွေကို သင်ကြားပေးချင်တယ်။ နောက်တစ်ခုက ကျောင်းလည်း လုပ်နေတာရှိတော့လေ။ ကျွန်တော်က သင်ကြားရေးကို ဈေးနှုန်း သက်သက်သာသာ ဖြစ်တာကို သွားချင်တာ။ ဈေးကလည်း တစ်သောင်းအောက်အထိနဲ့ သွားနိုင်ဖို့ကျတော့ လူတိုင်း အသုံးပြုနိုင်ဖို့ စိတ်ကူးရှိတယ်။
စင်ကာပူက ကျွန်တော်တို့နိုင်ငံထက် လူဦးရေ ၁၀ ဆ နည်းတဲ့နိုင်ငံက ၁၄ ဆလောက် သင်ကြားရေးစရိတ်သုံးတယ်။ အစိုးရက ဒီသင်ကြားရေးပိုင်းကို နိုင်နိုင်နင်းနင်း မလုပ်နိုင်သေးတဲ့အချိန်မှာ ပုဂ္ဂလိကဘက်ကလည်း ကိုယ်တတ်နိုင်တဲ့ဘက်က ဝင်ပြီးလုပ်ပေးရမယ်ဆိုတာက ကျွန်တော့် တစ်ကိုယ်ရေ ခံယူချက်ပေါ့။ အဲ့ဒီခံယူချက်ရယ် နောက်ပြီးတော့ လူတိုင်းကို ဈေးနှုန်း သက်သက်သာသာနဲ့ ပေးချင်တဲ့အတွက် ဒီလိုဟာမျိုး လုပ်တာပါ။

Voice : အသုံးပြုသူ ဘယ်လောက် များများ ရနိုင်လိမ့်မယ်လို့ မျှော်လင့်ထားသလဲဗျ။
UZTW : အခမဲ့ အသုံးပြုသူကတော့ များများရလေ ပိုကောင်းလေပေါ့။ ကျွန်တော်တို့က ဗီဒီယို ၁၀ဝ တင်မယ်ဆိုရင် အနည်းဆုံး ၄၀ လောက်ကို အခမဲ့ပေးဖို့ ရည်ရွယ်ထားပါတယ်။ ပိုက်ဆံ မပေးဘူးဆိုရင်တောင် ကျွန်တော်တို့က ဒါမျိုးတွေ လုပ်ပေးထားတယ်။ သူတို့ မိုဘိုင်းလ်ဒေတာတော့ ကုန်ကျမှာ ရှိတာပေါ့လေ။ ဒါကိုလည်း ကုန်ရကျိုးနပ်အောင် လုပ်ပေးဖို့လိုပါတယ်။ မေးခွန်းကို ဖြေရရင်တော့ ဖုန်းသုံးတဲ့သူတိုင်း သုံးရင် ပိုကောင်းတာပေါ့။

Voice : တစ်လအတွင်းမှာ ဗီဒီယို ဘယ်နှခုလောက် တင်သွားမယ်လို့ ရည်ရွယ်ထားသလဲဗျ။
UZTW : တစ်လကို ဗီဒီယို ၁၀ဝ လောက် ထည့်သွားဖို့ ကြိုးစားနေပါတယ်။

Voice : ဖြည့်စွက်ပြီးတော့ ဘာများပြောဖို့ရှိဦးမလဲဗျ။
UZTW : ကျွန်တော်တို့က တခြား လေ့လာသင်ယူနိုင်တဲ့ App တွေနဲ့တော့ မတူဘူးဗျ။ ဗီဒီယို တစ်ခုချင်းစီက သီးခြားဖြစ်တယ်။ သင်ခန်းစာတွေကျရင်လည်း မေးခွန်းတွေ ဖြေလို့ရမယ်။ အမှတ်တွေဘာတွေ ထွက်ပေးမှာတွေရှိမယ်။ ကျွန်တော်တို့က ပထမဆုံး စလုပ်တဲ့အတွက် ဒီက လိုအပ်ချက်တွေနဲ့ အကိုက်ညီဆုံးဖြစ်အောင် လုပ်ထားပါတယ်။ စမ်းသုံးကြည့်ပါလို့ ပြောချင်ပါတယ်။

ဖြည့်ပြောချင်တာက ဘာရှိမလဲဆိုတော့ အွန်လိုင်း သင်ကြားရေးက ကျွန်တော်တို့လည်း အစဆိုတော့ စတင်နေတုန်းပဲ ရှိနေတာကိုး။ နိုင်ငံလည်း အကျိုးရှိမယ်၊ ကျွန်တော်တို့လည်း အကျိုးရှိမယ်၊ ဆရာတွေကိုလည်း အခု ကျွန်တော်တို့ ပေးနိုင်တာထက် ပိုပြီးပေးနိုင်ဖို့ သူတို့အတွက်လည်း အကျိုးရှိတာမျိုး လုပ်နိုင်အောင် ကြိုးစားသွားမှာပါ။

DedaaBox ကို Google Play Store နှင့် Apple Store တို့ကနေတစ်ဆင့် အလွယ်တကူ Download ရယူနိုင်ပါတယ်။

မောင်မန်း

  • VIA