News

POST TYPE

IT

အမေရိကသို့ ၁၄ မိနစ်အတွင်း ရောက်သွားစေနိုင်မည့် လေယာဉ် တရုတ်တည်ဆောက်
20-Nov-2017

ဘေကျင်း၊ နိုဝင်ဘာ ၁၉

တရုတ်နိုင်ငံသည် ကမ္ဘာ့အမြန်ဆုံး စံချိန်ဖြင့် ပျံသန်းနိုင်မည့် အသံထက်မြန် ဆူပါဆိုးနစ် လေယာဉ်တစ်စီးကို တည်ဆောက်လျက် ရှိပြီး တစ်စက္ကန့်လျှင် ၁၂ ကီလိုမီတာနှုန်း ပျံသန်းနိုင်သောကြောင့် အမေရိကန်ပြည်ထောင်စု အနောက်ကမ်းရိုးတန်းသို့ ၁၄ မိနစ်ခန့်နှင့် ရောက်ရှိနိုင် မည်ဖြစ်ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။

ယင်းပရောဂျက်ကို ကျို့ဝေဆိုသည့် ပညာရှင်တစ်ဦးက ဦးဆောင်ကာ တီထွင်လုပ်ဆောင်နေခြင်းဖြစ်ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ဟိုင်ပါဆိုးနစ် လက်နက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပရိုဂရမ်တစ်ခုကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ဟိုင်ပါဆိုးနစ် (Hypersonic) နည်းပညာကို အင်ဂျင်နီယာနှင့် တီထွင်မှု လုပ်ငန်းများတွင် ထည့်သွင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မြန်နှုန်းမြင့် ဟိုင်ပါဆိုးနစ် လေယာဉ်ပျံများ ပေါ်ထွက်လာရေးကို ဦးတည် လုပ်ဆောင်သွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ကျို့ဝေက ပြောကြားသည်။

ယခုအခါ အသံထက် မြန်သည့်နှုန်းကို ဝေဟင်ထက် မြေပြင်တွင် ဦးစွာစမ်းသပ်လျက်ရှိပြီး လေယာဉ်အဖြစ် ထုတ်လုပ်ပြီးချိန်တွင် ပျက်စီးမှု အနည်းဆုံးဖြစ်စေရန် စမ်းသပ်လျက်ရှိကြောင်း ကျို့ဝေက ပြောကြားသည်။

မြေပြင်စမ်းသပ်မှုအနေနှင့် ဥမင်လိုဏ်ခေါင်းအသွင် ပြေးလိုင်းများအတွင်း စမ်းသပ်လျက်ရှိပြီး ကမ္ဘာ့အမြန်ဆုံး လိုဏ်ခေါင်းအတွင်း ပြေးဆွဲမှုကို အမေရိကန်တို့က LENX-X လိုဏ်ခေါင်းရထားဖြင့် စံချိန်သစ် တင်ထားသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်၊ ဘပ်ဖဲလိုးတွင် စမ်းသပ်လျက်ရှိသော ယာဉ်မှာ တစ်စက္ကန့်လျှင် ၁၀ ကီလိုမီတာနှုန်းပြေးနိုင်ပြီး အသံထက် အဆ ၃၀ မြန်ကြောင်း Soute China Morning Post တွင် ရေးသားထားသည်။

ဟိုင်ပါဆိုးနစ် လေယာဉ်များသည် အနိမ့်ဆုံး Mach 5 နှုန်းနှင့် ပျံသန်းနိုင်ရမည်ဖြစ်ပြီး အသံထက် ၅ ဆ အထက် မြန်နှုန်းရှိမှသာ စံချိန်ဝင်အဖြစ် သတ်မှတ်ကြသည်။ 

အမေရိကန် ပြည်ထောင်စု စမ်းသပ်လျက်ရှိသည့် အသံထက်မြန် လေယာဉ် HTV-2  သည် Mach 20 နှုန်းနှင့် ပျံသန်းနိုင်ပြီး ၂၀၁၁ ခုနှစ်ကတည်းက တီထွင်နိုင်ခဲ့သည်ဆိုသော်လည်း စမ်းသပ်ပျံသန်းစဉ် ပစိဖိတ်သမုဒ္ဒရာအတွင်း ပျက်ကျသွားသောကြောင့် မအောင်မြင်ခဲ့ပေ။

ယခုနှစ် မတ်လကတည်းက တရုတ်တို့သည် ဟိုင်ပါဆိုးနစ် မောင်းသူမဲ့ယာဉ် WU-14 ကို ၇ ကြိမ်တိုင် အောင်မြင်စွာ စမ်းသပ်ပျံသန်းခဲ့ပြီး၊ တရုတ်တို့ တီထွင်သည့် DF-ZF လေယာဉ်သည် Mach 5 နှင့် Mach 10 အထိ အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ကြောင်း South China Morning Post တွင် ဖော်ပြထားသည်။

  • VIA