News

POST TYPE

IT

၂၀၁၉ ခုနှစ်တွင် ဝေဟင်၌ ကားပျံများ ရောက်ရှိရန် Geely ပြင်ဆင်
17-Nov-2017

ဂိုသင်ဘတ်၊ နိုဝင်ဘာ ၁၆

ဆွီဒင်နိုင်ငံမှ နာမည်ကျော် Volvo ကားကုမ္ပဏီ၏ ပင်မဌာန Geely သည် Terrafugia ဆိုသည့် ကုမ္ပဏီအား ဝယ်ယူလိုက်ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ကောင်းကင်ပေါ်၌ ကားများ ရောက်ရှိရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း The Washington Postသတင်းတွင် ဖော်ပြထားသည်။

Terrafugia သည် Transition ဆိုသည့် ကုန်း လေနှစ်မျိုး မောင်းနှင်ပျံသန်းနိုင်သည့် လေယာဉ်ကားများကို တီထွင်ခွင့် လိုင်စင် ရရှိထားပြီး ယမန်နှစ်က FAA (Federal Aviation Administration) အဖွဲ့၏ အသေးစား လေယာဉ်ထုတ်လုပ်ခွင့် လက်မှတ်ကိုပါ ရရှိထားသဖြင့် Geely က သိမ်းပိုက်လိုက်ဟန်တူကြောင်း ယင်းသတင်းက ဆိုသည်။

Terrafugia သည် FAA ခွင့်ပြုချက်ဖြင့် ပေါင် ၁၈၀ဝ အလေးချိန်ရှိသည့် ကားပျံများကို ထုတ်လုပ်ခွင့် ရထားပြီး လာမည့် ၂၀၁၉ ခုနှစ်တွင် ကားပျံများကို ဈေးကွက် တင်နိုင်ရေးအတွက် Geely သည် ဝယ်ယူခြင်းဖြစ်ပြီး၊ လုပ်ငန်းတစ်ခုလုံးအပြင်၊ လုပ်ပိုင်ခွင့်များကိုပါ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
 
Geely ကို ထူထောင်ခဲ့သူ မစ္စတာ လီရှုဖူက Terrafugia အဖွဲ့သည် ကားပျံများ တီထွင်ထုတ်လုပ်နိုင်ရေးတွင် ရှေ့တန်း ရောက်နေသည့် အဖွဲ့တစ်ခုဖြစ်ပြီး သူတို့ထံတွင် လုပ်ငန်းအောင်မြင်ရေးအတွက် နည်းလမ်းပေါင်း များစွာ ရှိနေကြောင်း၊ ကားလုပ်ငန်းကို တစ်ခေတ်ပြောင်းစေမည့် တီထွင်မှုများ သူတို့အဖွဲ့က လုပ်ဆောင်ထားမှုများစွာ ရှိပြီးဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

Terrafugia ကုမ္ပဏီသည် ၂၀ဝ၆ ခုနှစ်ကတည်းက ထူထောင်ခဲ့ပြီး ကားပျံ ထုတ်လုပ်ရေးကို အဆက်မပြတ် တီထွင်ကာ ရှေ့ပြေးကားပုံစံများကို အောင်မြင်စွာ ထုတ်လုပ် ပျံသန်းပြနိုင်ခဲ့ပြီးဖြစ်သည်။ 

လက်ရှိ တီထွင်ထားသည့် ကားပျံမှာ နှစ်ယောက်စီးဖြစ်ပြီး မောင်းသူတစ်ယောက်၊ အပိုစီးသူ တစ်ယောက်သာ လိုက်ပါနိုင်သေးပြီး မောင်းသူကို နာရီ ၂၀ ပျံသန်းခွင့်သင်တန်း တက်ပြီးမှသာ ခွင့်ပြုကြောင်း Terrafugia က ရှင်းလင်းထားသည်။ 

TF-X ဟု အမည်ပေးထားသည့် ကားပျံများသည် တစ်နာရီလျှင် မိုင် ၁၀ဝ နှုန်း ပျံသန်းနိုင်ပြီး၊ အမြင့်ပေ ၁၀ဝ၀ဝ မှ မိုင် ၄၀ဝ မနားတမ်း ပျံသန်းနိုင်သည်။

ကားပျံကို လျှပ်စစ်မော်တာနှစ်လုံးနှင့် ပျံသန်းနိုင်ပြီး တန်ဖိုးမှာ တစ်စင်းလျှင် ဒေါ်လာ ၂၆၁၀ဝ၀ ခန့်နှင့် ရောင်းချနိုင်လိမ့်မည်ဟု Geely ကုမ္ပဏီက ထုတ်ပြန်ထားသည်။

  • VIA