News

POST TYPE

IT

ဆော့ဖ်ဝဲ တစ်ခုတည်းဖြင့် ဌာနအားလုံး ပေါင်းစည်းလုပ်ကိုင်နိုင်မည့်စနစ် ထိုင်းနိုင်ငံတီထွင်
15-Nov-2017


ဘန်ကောက်၊ နိုဝင်ဘာ ၁၄

လာမည့် လေးနှစ်အတွင်း ထိုင်းနိုင်ငံရှိ အစိုးရ ဝန်ဆောင်မှု ဌာနပေါင်း ၃၀ဝ ကျော်သည် အွန်လိုင်းပေါ်၌ ဆော့ဖ်ဝဲတစ်ခုတည်းဖြင့် ဒစ်ဂျစ်တယ် စနစ်ဖြစ်ရေးကို ဦးတည်လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း ဒုတိယဝန်ကြီးချုပ် ဗီဆနုကရောနမ်၏ ပြောကြားချက်ကို Bangkok Post သတင်းတွင် ဖော်ပြထားသည်။

ဒစ်ဂျစ်အစိုးရအသွင် ကူးပြောင်းရေးအတွက် လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်တွင် စာရွက်ပေါ်ရှိ ဒေတာများနှင့် လုပ်ဆောင်နေရသည့် လုပ်ငန်းစဉ်ကို ၈၅ ရာခိုင်နှုန်းခန့် ဖျောက်ပြီး လာမည့် ၂၀၂၁ ခုနှစ်တွင် ဒစ်ဂျစ်တယ် ဝန်ဆောင်မှု ခေတ်တစ်ခေတ် ပြောင်းစေမည်ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ 

ယခုအခါ အစိုးရဌာန ၂၁ ခုမှ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို တစ်ခုတည်းအဖြစ် ပြောင်းလဲမှုကို စတင် ဆောင်ရွက်နေကြောင်း၊ လာမည့် ၂၀၂၁ ခုနှစ်တွင် ဌာနဆိုင်ရာ အားလုံးကို ပွင့်လင်း မြင်သာသည့် အွန်လိုင်း ဝန်ဆောင်မှုများဖြင့်သာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးချုပ်က ပြောကြားသည်။

အစိုးရက ယခု လုပ်ဆောင်နေသည့် လုပ်ငန်းများထဲတွင် e-taxation စနစ်နှင့် e-donation ဝန်ဆောင်မှု လုပ်ငန်းနှစ်ခုမှာ ငွေကိုင်စရာမလို၊ လူကိုယ်တိုင် လာစရာမလိုဘဲ အွန်လိုင်းကတစ်ဆင့် အားလုံး ပေးဆောင်နိုင်သည့် လုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်သည်။ 

အောက်တိုဘာလအတွင်းက ထိုင်းကက်ဘိနက်သည် EGA (Electronic Government Agency) စနစ်ဖြင့် ငွေများ အွန်လိုင်းကတစ်ဆင့် လွှဲပြောင်းနိုင်ခြင်းကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး၊ EGA စနစ်ကို DGA (Digital Government Agency) ဝန်ကြီးဌာန လက်အောက်သို့ လွှဲပြောင်း တာဝန်ပေးအပ်ခဲ့သည်။

၂၀၁၈ ခုနှစ်ကစတင်ပြီး တစ်နိုင်ငံလုံးအတွင်းရှိ ဌာနဆိုင်ရာများကို ဒစ်ဂျစ်တယ်စနစ်များဖြင့် DGA အဖွဲ့က ဦးဆောင်အသွင် ပြောင်းသွားမည်ဖြစ်ပြီး DGA အဖွဲ့သည် Electronic Government Board အဖွဲ့ကတစ်ဆင့် ဝန်ကြီးချုပ်ထံသို့ တိုက်ရိုက် အစီရင်ခံမှုများ ပြုလုပ်ရန် လမ်းညွှန်ထားသည်။

DGA အဖွဲ့သည် နိုင်ငံအတွင်းရှိ ဆင်းရဲနွမ်းပါးသူ ၁၁ သန်းကို ၂၀၁၈ ခုနှစ်က စတင်ပြီး ဒစ်ဂျစ်တယ်စနစ်ဖြင့် ဝင်ငွေများကို စစ်ဆေးသွားမည်ဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနကလည်း ဒစ်ဂျစ်တယ် ဒေတာများကို အသုံးပြုကာ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများကို အကျိုးရှိစွာ လုပ်ဆောင်နိုင်တော့မည်ဟု EGA အဖွဲ့မှ တာဝန်ရှိသူ ဆက်ဆခွန်သော့က ပြောကြားသည်။ 

DGA သည် ပြည်သူများကို လမ်းဖွင့်ပေးထားပြီး ပြည်သူ့အသံကို တိုက်ရိုက်ကြားနိုင်မည့် အစီအစဉ်များကိုပါ ဆော့ဖ်ဝဲစနစ်တွင် ထည့်သွင်းပေးထားကြောင်း Bangkok Post တွင် ရေးသားထားသည်။

  • VIA