News

POST TYPE

IT

မြန်မာနိုင်ငံ အဝေးထိန်းလေယာဉ် တည်ဆောက်ပျံသန်းသူများအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် တွေ့ဆုံခြင်း
14-Nov-2017 tagged as

ပြည်တွင်း၌ Drone များကို အသုံးပြုပြီး ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးခြင်း၊ မြေပုံ၊ ကောင်းကင်ဓာတ်ပုံများ ရိုက်ကူးခြင်း လုပ်ငန်းများကို အသုံးချနေသည်။ Drone အသုံးပြုမှု အထိုက်အလျောက် ရှိလာခဲ့သော်လည်း စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ခြင်း လုပ်ငန်းများတွင်မူ Drone များကို အသုံးပြုမှု နည်းပါးနေသေးသည်။ ထို့အပြင် Drone များနှင့် ပတ်သက်သည့် Drone ပျံသန်းခွင့်ဆိုင်ရာ ဥပဒေများလည်း ထွက်ရှိလာရန် လိုအပ်နေသေးသည်။ ပြည်တွင်း Drone အသုံးပြုနေမှု အခြေအနေများ၊ Drone များကို အဆင့်မြင့် ကဏ္ဍများတွင်း အသုံးပြုနိုင်မည့် အခြေအနေများနှင့် Drone ပျံသန်းခွင့်ဆိုင်ရာ ဥပဒေ၊ ရှေ့အလားအလာတို့ကို မြန်မာနိုင်ငံ အဝေးထိန်းလေယာဉ် တည်ဆောက်ပျံသန်းသူများအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : ပြည်တွင်းမှာ Drone တွေကို ဘယ်လိုနေရာမျိုးတွေမှာ အဓိက တွင်တွင်ကျယ်ကျယ် အသုံးပြုနေတယ်ဆိုတာ အန်ကယ်တို့အမြင်ကို ပြောပေးပါဦးဗျ။ 
UWN : Drone ဆိုတဲ့နေရာမှာ အခုလောလောဆယ်တော့ Multicopter ခေါ်တာပေါ့။ များသောအားဖြင့်ကတော့ DJI က ထုတ်တဲ့ Drone တွေကတော့ လောလောဆယ်မှာ စိတ်အချရဆုံး Drone တွေအနေနဲ့ ကောင်းကင်ဓာတ်ပုံ ရိုက်တာ၊ ကောင်းကင်ကနေ မြေပုံရယူတာ စတာတွေမှာ သုံးတယ်။ အဲ့ဒီအပြင်ကို ကြော်ငြာ လုပ်ငန်းတွေမှာ သုံးတယ်။ နောက်ပြီးတော့မှ ရုပ်ရှင်ရိုက်တဲ့ နေရာတွေမှာလည်း အခုနောက်ပိုင်း သုံးလာကြပြီ။ ခုနပြောတဲ့ Drone တွေမှာတော့ ကင်မရာတွေ ပါတာပေါ့။ ကင်မရာမှ ကင်မရာသေးသေးလေးကနေ ကင်မရာအကြီးတွေအထိ တပ်ပြီး သုံးလို့ရတဲ့ Drone တွေ မြန်မာပြည်မှာ ရောက်ရှိလာပါပြီ။ ပြီးခဲ့တဲ့ ပုဂံမှာဆိုလို့ရှိရင် ၃၆၀ ဒီဂရီရိုက်နိုင်တဲ့ ကင်မရာတွေပါ သုံးလာကြပြီ။ ဒီ Drone တွေကို ကင်မရာမပါဘဲနဲ့ စိုက်ပျိုးရေး ကဏ္ဍတွေမှာသုံးမယ့် Drone တွေလည်း မြန်မာပြည်မှာ ရောက်ရှိလာပါပြီ။ လက်တွေ့ လုပ်ဆောင်နိုင်ဖို့ကိုလည်း အဆင်သင့် ဖြစ်နေပြီ။ ဒါကတော့ ဆေးဖျန်းတဲ့ Drone တွေပါ။ စိုက်ပျိုးရေးအတွက်ကို ဓာတ်မြေဩဇာရော၊ အပင်အားတိုးဆေးတွေ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အကုန်လုံးကို ဆေးဖျန်းပေးနိုင်တဲ့ Drone တွေပေါ့။ အဲ့ဒါတွေ သုံးနေကြပါပြီ။

Voice : အဓိက သုံးနေတဲ့ ပုံစံကတော့ ရိုက်ကူးရေးလုပ်ငန်းတွေမှာ သုံးနေကြတာ မြင်ရတာပေါ့လေ။ ဒီစိုက်ပျိုးရေးမှာတင်မက မီးသတ်ဌာနတွေဆိုလည်း အသုံး ဝင်နိုင်သေးတာပေါ့။ အဲ့ဒီအပေါ်မှာ ဒီ Drone တွေရဲ့ တခြား အသုံးဝင်နိုင်တဲ့၊ သုံးလို့ရနိုင်တဲ့ အနေအထားတွေကိုလည်း ရှင်းပြပေးပါဦးဗျ။
UWN : အခုလောလောဆယ်မှာတော့ မီးသတ်ဦးစီးဌာန အနေနဲ့ဆိုရင် Drone ကို အထပ်မြင့်အဆောက်အအုံတွေမှာ မီးဘေးကြုံလာပြီဆိုရင် ချက်ချင်းတက်ပြီးကြည့်ဖို့ မလွယ်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ လျှပ်စစ်မီးတွေ ဖြတ်လိုက်တဲ့ ဓာတ်လှေကား မရှိတော့ ရိုးရိုးလှေကားကနေ တက်ရမယ်။ အန္တရာယ်ဘယ်လောက် ရှိနေသလဲ၊ လူတွေ ဘယ်လောက် ပိတ်မိနေသလဲ၊ မီးခိုးတွေ ဘယ်လောက်ဖြစ်နေသလဲ၊ မီးတောက်ကြီးတွေကရော ဘယ်လိုရှိသလဲဆိုတာကို ရိုးရိုး DJI က ရိုက် ကူးရေးသုံးနေတဲ့ Drone တွေနဲ့ကို ကောင်းကောင်း အသုံးချပြီးတော့ အခြေအနေကို အကဲခတ်လို့ ရတယ်။ ဒါကတစ်ပိုင်းပေါ့။ နောက်တစ်ခုက အပေါ်ကို မြင့်မြင့်တက်သွားပြီး မီးခိုးဘယ်ဘက်ကို သွားသလဲ၊ မီးသတ်ကားတွေက ဘယ်ဘက်ကနေပြီးတော့ ဝင်နိုင်သလဲ စသည်ဖြင့် လမ်းကြောင်းကို ညွှန်ကြားပေးလို့ရလည်း ရတယ်။ ကောင်းကင်ကနေပြီးတော့ ကွပ်ကဲလို့လည်း ရတယ်။ မီးသတ်ဦးစီးဌာန အနေနဲ့ကတော့ အများကြီးသုံးလို့ ရလာတယ်။ ကျန်တဲ့အပိုင်းတွေမှာလည်း ပြည်ထဲရေး ဝန်ကြီးဌာနဆိုရင် လုံခြုံရေးကိစ္စတွေ၊ အဓိကရုဏ်း ဖြစ်လာတဲ့ အနေအထားမျိုးတွေ၊ အခု နယ်စပ်ဒေသမှာ လတ်တလော ဖြစ်နေတဲ့အခြေအနေမျိုးတွေပေါ့နော်။ အဲ့ဒီလို အနေအထားမျိုးမှာ တစ်ဖက်ကတောင်မှ Drone သုံးတယ်လို့ ဆိုတဲ့ဟာမျိုးတွေ သတင်းလေးတွေ တက်လာတာ ရှိတယ်။ အဲ့ဒီလိုနေရာမျိုးတွေမှာလည်း သုံးလို့ရတယ်။ ဒါကတော့ အဆင့်မြင့်ပေါ့။ ကဏ္ဍအစုံမှာ သုံးလို့ရတယ်။

Voice : ခုနက ပြောခဲ့တဲ့အထဲမှာလည်း ပါပါတယ်။ ကျွန်တော်တို့ဆီမှာ စိုက်ပျိုးရေးလုပ်ငန်းသုံး Drone တွေကို စမ်းသပ်ပြီး သုံးနေပြီ။ ကျွန်တော်တို့နိုင်ငံကိုကလည်း ဒီစိုက်ပျိုးရေးကို အခြေခံတဲ့ ကျေးလက်ဧရိယာက ၇၀ ရာခိုင်နှုန်းလောက်ကို ရှိနေတာ။ ဒီစိုက်ပျိုးရေးကဏ္ဍမှာ Drone  တွေက ဘယ်လောက်အထိ အထောက်အပံ့ကောင်းတွေ ပေးနိုင်မလဲဗျ။
UWN : အဲ့ဒီနေရာမှာ နိုင်ငံတကာက စိုက်ပျိုးရေးကဏ္ဍတွေမှာ ဘယ်လို သုံးနေတယ်ဆိုတာ အရင် စပြောကြည့်ရအောင်။ လိုက်ကြည့်တဲ့အခါကျတော့ အထွက်နှုန်း မြင့်ဖို့အတွက်၊ စိုက်ခင်းတွေကို စောင့်ကြည့်ပြုပြင်ရေးအတွက်၊ နောက်ပြီး ပိုးမွှားအန္တရာယ် ကာကွယ်ဖို့အတွက်၊ အပင်အားတိုးဆေး သုံးဖို့၊ ရွက်ဖျန်း မြေဩဇာဖျန်းဖို့အတွက်ကို အရင်တုန်းက သူတို့ဆီမှာလည်း လေယာဉ်ပျံတွေ သုံးတယ်။ နောက်ပိုင်းမှာတော့ စိုက်ပျိုးရေး လုပ်ငန်းအတွက်သုံးတဲ့ Drone တွေကို တဖြည်းဖြည်းနဲ့ ပြောင်းပြီး သုံးလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ လေယာဉ်ပျံကို သုံးတဲ့အခါကျတော့ အချိန်ကြာကြာ ပျံနိုင်တယ်၊ နေရာကျယ်ကျယ် ပျံနိုင်တယ်၊ ဆေးကို များများသယ်နိုင်တယ်။ သို့သော် လေယာဉ်တန်ဖိုး၊ လေယာဉ်မှူးစရိတ်၊ ပြေးလမ်းကုန်ကျစရိတ်၊ ကျန်တဲ့တန်ဖိုး လိုအပ်ချက်တွေ အများကြီးရှိတယ်။ Drone တစ်စီးနဲ့ ယှဉ်လိုက်ရင် လေယာဉ်တန်ဖိုးနဲ့ သုံးရမှာတွေက သန်းဂဏန်းအထိ သွားတယ်။ အခု Drone တစ်စီးဆိုရင်တော့ အမေရိကန် ဒေါ်လာနဲ့ဆိုရင် သောင်းဂဏန်းလောက်နဲ့ ကိစ္စပြီးတယ်။ နေ့စဉ် ကုန်ကျစရိတ်ဆိုရင်လည်း ကျွန်တော်တို့ လေ့လာမိသလောက်ဆိုလို့ရှိရင် လေယာဉ်ပျံတစ်စီးကို တစ်နေ့ကို သူ့ရဲ့ကုန်ကျစရိတ်က ဒေါ်လာ ၇၀ဝ၊ ၈၀ဝ လောက်ရှိတယ်။ Drone တစ်စီး သုံးမယ်ဆိုရင်တော့ သူ့ရဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၃၀ လောက်ပဲ ကုန်ကျနိုင်တယ်။ ဒါက ကျန်တဲ့ဆေးတွေ ဘာတွေတော့ မပါဘူးပေါ့။ လေယာဉ်နဲ့ Drone ကိုယှဉ်ပြီး ပြောပြတာပါ။ သူ့မှာ Drone ထိန်းချုပ် မောင်းနှင်သူကျတော့ ဒီမှာ ကျွန်တော်တို့က လွတ်လွတ်လပ်လပ် လိုင်စင် ချက်ချင်း မလိုဘူး။ ပျံသန်းတာ ကျွမ်းကျင်တယ်ဆိုရင် ရတာပဲ။ လေယာဉ်မှူး တစ်ယောက်အနေနဲ့ကျတော့ လေယာဉ်မှူးတစ်ယောက်ကို သင်တန်းပေးရတာ၊ နောက်ပြီး ဒီလေယာဉ်ပျံကြီးကို ပြုပြင်ထိန်းသိမ်းဖို့အတွက်ကို စက်ပြင်ပညာရှင်တွေ၊ အင်ဂျင်နီယာတွေ သုံးရတာ စသည်ဖြင့် ကုန်ကျစရိတ်တွေ အများကြီးပဲ။

Drone ကို လူနဲ့ယှဉ်ပြီး ပြောမယ်ဆိုရင်ကျတော့ လူအင်အားနဲ့ သုံးတာထက်စာလို့ရှိရင် Drone သုံးပြီးတော့ ဆေးဖျန်းတာက ပိုပြီးထိရောက်တယ်၊ ပိုပြီးတော့ မြန်တယ်။ ကျွန်တော်တို့ နောက်ဆုံး စမ်းသပ်ကြည့်ထားတဲ့ အနေအထားအရ မှော်ဘီက လှပဒါး အစေ့ထုတ် စိုက်ခင်းတွေမှာ လက်တွေ့ စမ်းကြည့်တဲ့အခါကျတော့ စိုက်ခင်း ၃ ဧကကို မိနစ် ၃၀ ပဲ အများဆုံး ကြာတယ်။ စပျံသွားတဲ့အခါမှာ တစ်မီတာ အမြင့်ကနေ တစ်နာရီ ၁၀ ကီလိုမီတာနှုန်းလောက်နဲ့ ပျံတယ်။ Drone ပျံသွားတဲ့လမ်းကြောင်းမှာ အောက်ဘက်ကို ဆေးရည်ကျတဲ့အခါ ၇ ပေကနေ ၈ ပေလောက် ကျယ်တဲ့လမ်းကြောင်း ကြီးအတိုင်း ဆေးဖျန်းသွားတာကိုး။ လူကျတော့ အောက်ဘက်ကိုကျတော့ ဆေးဖျန်းလို့ မရပြန်ဘူး။ မရတဲ့အခါကျတော့ နှံ့အောင် လုပ်ရတဲ့အခါမှာ အချိန်တွေက ပိုကြာတယ်။ Drone နဲ့ ဆေးဖျန်းကြည့်တဲ့အခါ ကျတော့ မြန်လည်း မြန်တယ်၊ ထိလည်း ထိရောက်တယ်ဆိုတဲ့ ရလဒ်တစ်ခုကတော့ ရထားတယ်။ နောက်ပြီး စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ပညာရှင်တွေကလည်း ကျွန်တော်တို့ လက်တွေ့ သက်သေပြတဲ့အခါ လက်ခံထားကြတယ်။ အဲ့ဒီဟာအပြင်ကို ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုးတွေပေါ့။ ပိုးသတ်ဆေးလိုမျိုးတွေကို ဆေးဖျန်းတဲ့သူတွေ ထိတွေ့ရတာတို့၊ မြွေအန္တရာယ်တို့၊ ကျန်တဲ့အန္တရာယ်တွေပေါ့။ ဒါတွေ သက်သာသွားတယ်။

Voice : လက်ရှိ Drone တွေက ဆေးရည်သယ်ဆောင်နိုင်မှုကရော ဘယ်လောက်အထိ ရှိသလဲဗျ။ ဒီ Drone တွေရဲ့ အသေးစိတ် စွမ်းဆောင်ရည်တွေကို ပြောပေးပါဦး။
UWN : ဆေးသယ်နိုင်တဲ့ အနေအထားက ၁၀ လီတာအထိ သယ်နိုင်တယ်။ ၅ လီတာ သယ်နိုင်တာရှိတယ်။ DJI ကုမ္ပဏီကထုတ်တဲ့ AGRAS MG-1 ဆိုတဲ့ အမျိုးအစား၊ ပန်ကာ ၈ လုံးပါတယ်။ သူက ၂၂ ကီလိုအထိ မနိုင်တယ်။ ဘက်ထရီပါ တင်ပြီးတော့ ဆေးအပြည့်နဲ့ တစ်စီးလုံးအပေါ်ကို တက်အောင်ဆိုရင် အဲ့ဒီအလေးချိန်က ပေါင် ၅၀ ရှိတယ်။ ပျံသန်းနိုင်တဲ့အချိန်က ဘက်ထရီ တစ်လုံးကို 6 Cells ဘက်ထရီနဲ့ ပျံတယ်။ မိနစ် ၂၀ ရတယ်။ သူနဲ့ပျံတဲ့အခါကျတော့ ဘက်ထရီ ၃ လုံးလဲတဲ့အခါ တစ်နာရီ ပျံနိုင်တယ်။ အဲ့ဒီ ၁ နာရီမှာ ၇ ဧကကနေ ၁၀ ဧကလောက်အထိ ပြီးတယ်။ ဘက်ထရီရဲ့ တန်ဖိုးက ဒေါ်လာ ၅၀ဝ လောက်ရှိတယ်။ ဘက်ထရီနှစ်လုံး တစ်ပြိုင်တည်း အားသွင်းလို့ရတဲ့ Charger က ဒေါ်လာ ၁၅၀ဝ လောက်ရှိတယ်။

Voice : ဒီ Drone တွေရဲ့ အသေးစိတ် ပါဝင်တဲ့ အချက်အလက်တွေ အနေနဲ့ဆိုရင်ရော ဘာတွေ အားသာတာတွေ ပါဦးမလဲဗျ။
UWN : ဒီ Drone က သူ့မှာ Radar Module ဆိုတာလေး ပါတယ်။ ကင်မရာနဲ့ပျံတဲ့ Drone တွေမှာ အာရုံခံစနစ်တွေ ပါသလိုပဲ ဒီစိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ Drone မှာကျတော့ ရေဒါပါလာတယ်။ ဒီရေဒါက ဘယ်လိုနေရာမျိုးမှာ အသုံး တည့်သွားလဲဆိုတော့ မြေပြင် အနိမ့်အမြင့် မညီတဲ့စိုက်ခင်းတွေ၊ တောင်စောင်းတွေက စိုက်ခင်းတွေ၊ လှေကားထစ်စိုက်ခင်းတွေမှာ ဒီရေဒါက စိုက်ပျိုးပင်ရဲ့ထိပ်နဲ့ ရေဒါနဲ့ အကွာအဝေး တစ်မီတာလို့ ချိန်လိုက်လို့ရှိရင် မြေပြင် အနိမ့် အမြင့်ပေါ် မူတည်ပြီး ဒီအကွာအဝေး တစ်မီတာကို ထိန်းသွားတယ်။ နိမ့်ရင်လည်း နိမ့်သွားသလို၊ မြင့်ရင်လည်း မြင့်လာသလို ထိန်းပေးသွားတဲ့အတွက် ဒီဟာ ထူးခြားမှုရှိတယ်။ အဲ့ဒီတော့ ဘယ်လို မြေမျက်နှာပြင် အနေအထားမျိုးပဲဖြစ်ဖြစ် ဒီ AGRAS MG-1 ကို သုံးလို့ ရတယ်။

Voice : ပျံသန်းတဲ့ ပုံစံကရော လူက တစ်ချိန်လုံး ထိန်းချုပ်နေတဲ့ ပုံစံမျိုးလား ဒါမှမဟုတ် ကြိုတင် လမ်းကြောင်းရေးဆွဲပြီး သတ်မှတ်ပျံသန်းနိုင်တဲ့ ပုံစံမျိုးလားဗျ။
UWN : သူ့မှာ ပျံသန်းတဲ့အနေအထားက Mode သုံးမျိုးပါတယ်။ Manual Mode, Smart Mode, Manual Plus Mode ဆိုတဲ့ သုံးမျိုးပါတယ်။ Manual Mode မှာတော့ လူကထိန်းချုပ်ပြီး ဆေးဖျန်းတဲ့နေရာက ဆေးရည်ဖျန်းတဲ့နှုန်း အနည်းအများကိုလည်း ထိန်းတယ်။ နောက်ပြီးတော့မှ ဆေးဖျန်းတာ ရပ်တာတွေ၊ ပြန်ဖျန်းတာတွေကို ခလုတ်နှိပ်ပြီး ထိန်းတာတွေ လူက လုပ်တယ်။ အဲ့ဒီကနေပြီးတော့မှ Smart Mode ကို ပြောင်းလိုက်တဲ့အခါကျတော့ လယ်ကွက်တစ်ခုရဲ့ ဘေးအနားသတ် မျဉ်းဖြောင့်ကို မှတ်လိုက်တယ်။ ပြီးရင် ကွန်ပျူတာနဲ့ ကြိုတင် သတ်မှတ်လိုက်တယ်။ ဒါဆိုရင် အနားသတ် မျဉ်းအတိုင်း ဆေးဖျန်းသွားတယ်။ မျဉ်းဖြောင့် အဆုံးကို ရောက်သွားတဲ့အခါ ပြန်ကွေ့တဲ့နေရာရောက်ရင် ကြိုတင် သတ်မှတ်ထားတာက အလိုလို ရပ်သွားတယ်။ လယ်ကွက်ထဲကို ပြန်ရောက်ပြီဆိုရင် ဆေးပြန်ဖျန်းတယ်။ ဒီ Smart Mode က ထောင့်မှန်စတုဂံပုံစံကျတဲ့ လယ်ကွက်တွေအတွက်ပဲ အဆင်ပြေတယ်။ ပုံစံအမျိုးမျိုးနဲ့ လယ်ကွက်တွေကျလို့ရှိရင် နောက်ဆုံးကျန်တဲ့ Mode တစ်ခုဖြစ်တဲ့ Smart Plus Mode ကို ဖွင့်လိုက်တာနဲ့ သူက ဦးတည်ရာကို အသေ သတ်မှတ်လိုက်တယ်။ ရှေ့တည့်တည့်ကို သွားနေတဲ့အချိန်မှာ ဆေးဖျန်းတယ်။ ကွေ့ပြီဆိုရင် ဆေးဖျန်းတာကို ရပ်လိုက်တယ်။ ဦးတည်ရာကို ထပ်ပြောင်းသတ်မှတ်ပြီး ရှေ့ကို ဆက်မောင်းတာနဲ့ ဆေးဖျန်းတာကို ပြန်စတယ်။

Voice : Drone တွေရဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့က တော်တော်ကို ပြည့်စုံပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ Drone ပျံသန်းခွင့်ဆိုင်ရာ ဥပဒေတွေက မူကြမ်းအဆင့်မှာပဲ ရှိနေသေးတော့ ဒါနဲ့ပတ်သက်ပြီးတော့ အန်ကယ့်အနေနဲ့ ဘယ်လို အမြင်ရှိမလဲဗျ။
UWN : ဒါနဲ့ပတ်သက်ပြီးတော့ Drone ပျံသန်းခွင့် ဥပဒေမှာ အဓိက အပိုင်းက ပျံသန်းခွင့်ပြုတယ် မပြုဘူးဆိုတဲ့အပိုင်းရယ်၊ ပျံသန်းခွင့်မပြုဘဲ ကန့်သတ်ထားတဲ့နေရာတွေမှာ ပျံသန်းတယ်ဆိုရင် ဘယ်လို အရေးယူမယ်ဆိုတဲ့အပိုင်းရယ်၊ နောက်တစ်ခုက Drone တွေကို ပြည်တွင်းကို တရားဝင် တင်သွင်းခွင့်တွေ ချပေးနိုင်ဖို့ကိစ္စရယ် ဆိုပြီးတော့ အပိုင်း ၃ ပိုင်း တွေ့တယ်။ အပေါ်က အဓိပ္ပာယ် သတ်မှတ်ချက်တွေတော့ မပြောတော့ဘူးပေါ့။ အဓိကကတော့ Drone ဥပဒေဆိုတာက Drone တွေရှိမှ ဥပဒေ ဆိုတာကြီးက အသက်ဝင်လာပြီးတော့ နည်းဥပဒေအတိုင်း သွားမှာကိုး။ ဥပမာ လက်နက် ဥပဒေဆိုရင် လက်နက်မရှိရင် ထားလည်း အလကားပဲလေ။ အဲ့ဒီတော့ ပြည်တွင်းမှာ လူတွေ များများ သုံးလာဖို့အတွက်က တင်သွင်းခွင့် ပါမစ်တွေ၊ ရောင်းဝယ်ခွင့်တွေက ဒီဥပဒေထဲမှာ နံပါတ် ၁ အပိုင်းကနေ ပါလာတယ်။ ပြီးတော့မှ ပျံရမယ့်နေရာ၊ မပျံရမယ့်နေရာ ဒါတွေအတွက် ကန့်သတ်ထားတယ်၊ တားမြစ်ထားတယ်ဆိုတာက ဒုတိယတစ်ပိုင်း အနေနဲ့ ပါလာတယ်။ နောက် တတိယအပိုင်းက မဟုတ်တဲ့နေရာမှာ ပျံတယ်၊ ဒါမှမဟုတ် ခွင့်ပြုချက် မရှိဘဲနဲ့ သွင်းလာတယ် ဒါတွေကိုမိတယ်ဆိုရင် ဘယ်လို အရေးယူမလဲဆိုတာ တတိယပိုင်းအနေနဲ့ ပါလာတယ်။ အဲ့ဒီတော့ ဥပဒေ တစ်ခုဖြစ်အောင် လုပ်ဖို့က လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တစ်ခုတည်းနဲ့က လုပ်လို့မရဘူး။ ပြည်ထဲရေးလည်း ပါမယ်။ ဘဏ္ဍာအခွန်ဝန်ကြီးဌာနလည်း ပါရမယ်။ ကျန်တဲ့ဝန်ကြီးဌာနတွေလည်း ပါရမယ်။ ဒါကိုတွေ့ဆုံဆွေးနွေးပြီး အသေးစိတ် အချက်အလက်တွေလုပ်ပြီးမှ ဒါသည် Drone ဥပဒေဆိုတာ ထွက်လာမှာ။

ဒီဥပဒေကို အဆုံးမသတ်နိုင်ခင်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ဇန်နဝါရီမှာ ပညတ်ချက် စည်းကမ်းတွေကို ထုတ်ထားတယ်။ စည်းမျဉ်းစည်းကမ်းမှာက ကန့်သတ်တားမြစ်ထားတဲ့နေရာတွေက ဘယ်နေရာတွေ ဖြစ်တယ်၊ အနီးအနား ၅ မိုင်ပတ်လည်ကို Drone တွေ မဝင်ရဘူးဆိုတာမျိုးတွေရှိတယ်။ ဒါပေမဲ့ တစ်ခုရှိတာက သူက တားမြစ်ကန့်သတ်တဲ့ အမိန့်ပဲ ထုတ်ထားတာ။ တကယ်တမ်း အရေးယူတာက လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အရေးယူလို့ မရပြန်ဘူး။ သူတို့ တားမြစ်ထားတဲ့ အမိန့်အရ ဒီလိုပျံသန်းမှုတွေရှိတယ်ဆိုရင် ပြည်ထဲရေးတို့ဘက်က အရေးယူမှာပေါ့။ ဒါတွေက လောလောဆယ် ဥပဒေမရှိခင် စည်းမျဉ်းစည်းကမ်းတွေကိုတော့ Drone ပျံနေတဲ့သူတွေ အကုန်လုံးက လိုက်နာဖို့လိုတယ်။

Voice : လက်ရှိက ဘာတွေ တွေ့ရလဲဆိုတော့ ကန့်သတ်တဲ့နေရာတွေက ဘယ်နေရာတွေလဲဆိုတာ ကျွန်တော်တို့ တိတိကျကျ မသိဘူး။ ဥပမာ လူနေထူ ထပ်တဲ့နေရာမှာ ပျံချင်တယ်။ ခွင့်ပြုချက်က ရှိ မရှိ မသိဘူး။ တာဝန်ရှိတဲ့ဘက်ကလည်း ပျံနေတာတွေ့ပြီဆိုရင် ဘယ်လိုလုပ်မလဲဆိုတဲ့ လုပ်ထုံးလုပ်နည်းကိုလည်း ကျွန်တော်တို့က မသိတဲ့အခါကျတော့ အရာ အားလုံးကို ကန့်သတ်ထားတဲ့ ပုံစံမျိုးလည်း ဖြစ်နေတာပေါ့လေ။ ဒီအပေါ်မှာရော အန်ကယ့်အနေနဲ့ ဘယ်လို အမြင်ရှိမလဲဗျ။
UWN : လေထဲမှာ ပျံနေတဲ့အရာတွေအတွက် တာဝန် အရှိဆုံးဖြစ်တဲ့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကတော့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြီးသွားပြီ။ ကျန်တာကတော့ တားမြစ် ဧရိယာဆိုတာ ရှိတယ်၊ ကန့်သတ် ဧရိယာဆိုတာရှိတယ်။ တားမြစ်ထားတဲ့နေရာဆိုလို့ရှိရင်တော့ လုံးဝကို ပျံလို့မရဘူး။ အဲ့ဒီတော့ ရပ်ကွက် လူနေထူထပ်တဲ့နေရာတွေကျတော့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ စည်းမျဉ်း စည်းကမ်းမှာလည်း လူနေထူထပ်တဲ့ နေရာတွေမှာ မပျံရဘူးလို့ပါတယ်။ ဒါပေမဲ့ ဒါက တားမြစ်ထားတဲ့နေရာတော့ မဟုတ်ဘူး။ သို့သော် ကန့်သတ်ထားတဲ့နေရာ။ ကန့်သတ်ထားတဲ့နေရာက တားမြစ်ထားတာနဲ့မတူဘူး။ အဲ့လို အနေအထားမှာကျတော့ ခွင့်ပြုချက်တစ်ခု ရှိတယ်ဆိုရင် ပျံလို့ရတယ်လို့ ပြောတယ်။ သို့သော် ဘယ်သူ့ဆီက ယူရမလဲဆိုတဲ့အခါကျတော့ ရဲဆီက တောင်းဖို့ကျတော့လည်း တချို့က နားလည်တယ်။ တချို့က နားမလည်ဘူး။ အဲ့ဒီတော့ Drone ပျံမယ့် မောင်းနှင်သူက အပျော်ပျံတာမျိုး မဟုတ်ဘဲ လက်တွေ့ အသုံးချမယ့်ဟာတစ်ခုကို သွားတယ်ဆိုရင် ဒီလိုမျိုး ကန့်သတ်နယ်မြေတွေမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေထဲက တာဝန်အရှိဆုံး တစ်ခုကို တည့်တည့် ဝင်တွေ့ပြီး နားလည်အောင် သေသေချာချာ ရှင်းပြပြီး ဒါသည် အန္တရာယ်မရှိပါဘူး။ ဒါကို ဒီလို အကျိုးရှိတဲ့ ဟာတစ်ခုကို လုပ်မှာပါဆိုတာ နားလည်အောင် ပြောပြပြီးလုပ်လို့ရှိရင် ခွင့်ပြုလာပါလိမ့်မယ်။ အနည်းဆုံး ရပ်ကွက် အုပ်ချုပ်ရေးမှူးလောက်ကိုတော့ ခွင့်တောင်းပြီး လုပ်သင့်တယ်။ ဘာမှမဖြစ်ရင်တော့ ဘာမှမဖြစ်ဘူးလေ။ တစ်ခုခုဖြစ်သွားခဲ့သည်ရှိသော် ဘယ်သူ့အပေါ် တာဝန်ရှိသလဲဆိုတာက လာမှာကိုး။ ဥပမာဆိုပါတော့ လူနေအိမ်ပေါ် ပြုတ်ကျမယ်၊ အထဲမှာပါတဲ့ Li-Po ဘက်ထရီက ပေါက်ပြီး မီးခိုးထွက်တာ၊ မီးလောင်တာမျိုး ဖြစ်လာရင် ဘယ်သူက ခွင့်ပြုထားသလဲ ဆိုတာမျိုး ဖြစ်မှာစိုးလို့။ ပြောမယ်ဆိုရင်တော့ ဒီနိုင်ငံမှာက တာဝန်ယူမှု၊ တာဝန်ခံမှုက ရှိလာပြီ။ အသုံးချမယ့်သူကတော့ သေသေချာချာ နားလည်အောင် ရှင်းပြဖို့လိုတယ်။ ရှင်းမပြဘဲနဲ့ ဒီနေရာ ရပါတယ်ကွာဆိုပြီး ဖြစ်လာလို့ရှိရင် ကိုယ့်ပစ္စည်း အသိမ်းခံရမှာကိုး။

Voice : လက်ရှိ အသုံးပြုနေတဲ့ ပုံစံတွေက ဓာတ်ပုံ ရိုက်တာတို့၊ ရုပ်ရှင်လုပ်ငန်းတွေ၊ နောက်ပြီးတော့ ဒီမြေပုံတိုင်းတာတဲ့ လုပ်ငန်းတွေမှာ သုံးတယ်။ ခုနက စိုက်ပျိုးရေး၊ မီးသတ်ဌာနရဲ့ ကယ်ဆယ်ရေး ကဏ္ဍတွေမှာ တွင်တွင်ကျယ်ကျယ် သုံးတဲ့အပိုင်းကတော့ နည်းသေးတာပေါ့လေ။ ဒါကို တိုးမြှင့် အသုံးပြုနိုင်ဖို့ ပိုပြီးတော့မှ အသုံးချတဲ့နယ်ပယ် ပိုများလာဖို့ဆိုရင် ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်မလဲဗျ။
UWN : ကျွန်တော်တို့ ပြီးခဲ့တဲ့နေပြည်တော်မှာ လုပ်ခဲ့တဲ့ Workshop တစ်ခုမှာတော့ မောင်းသူမဲ့လေ ယာဉ် ဒါမှမဟုတ် Drone တွေကိုသုံးပြီးတော့ ကယ်ဆယ်ရေးတွေနဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေ အကြံပြုတာတွေ လုပ်ထားပါတယ်။ အဓိက အကျဆုံးက သွားပြီးတော့ ပျံကြမယ်ဆိုရင် ခွင့်ပြုမိန့်တစ်ခုကို တရားဝင် ဖြစ်လာဖို့အတွက်ကို အရေးပေါ် ကာလတွေမှာ အရေးပေါ် ကော်မတီတစ်ခုကနေပြီးတော့ အထူးခွင့်ပြုမိန့်တစ်ခု ချပေးနိုင်မယ့် ကော်မရှင်တစ်ခုတော့ ဖွဲ့သင့်တယ်လို့ အကြံပြုခဲ့ကြတယ်။ ဒါကို တက်ရောက်လာတဲ့ ဝန်ကြီးဌာနတွေကလည်း မှတ်သွားကြတယ်။ ဥပမာ ရန်ကုန်မြို့ကြီးမှာ ငလျင်လှုပ်ပြီဆိုရင် အပျက်အစီးတွေ များလာပြီဆိုရင် Drone ပျံတဲ့သူတွေက ကိုယ့်ပစ္စည်းတွေ ထုတ်လာပြီး သတင်းဓာတ်ပုံရဖို့တို့ ကဏ္ဍ ပေါင်းစုံ ခေါင်းစဉ်ပေါင်းစုံနဲ့ တက်ပြီးပျံမယ်ဆိုရင် ခွင့်ပြုမိန့်မရလို့ မပျံရဘူးဆိုတဲ့ဟာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။ ဒီလို သဘာဝဘေး အန္တရာယ်တွေ ကျရောက်လာပြီဆိုရင် အထူးကိစ္စမျိုး ဖြစ်တယ်ဆိုလို့ရှိရင်တော့ ဒါ အထူးခွင့်ပြုချက် ပေးနိုင်ဖို့ အဖွဲ့အစည်းတစ်ခုတော့ ဖွဲ့စည်းဖို့လိုတယ်။ ၂၀၁၅ တုန်းကဆိုရင် ရေဘေးသင့် ဒေသတွေကိုသွားပြီး ရိုက်ပြီး ကယ်ဆယ်ရေး လုပ်နေတဲ့အဖွဲ့တွေကို ဝေပေးတယ်။ ခွင့်ပြုမိန့်က ဘယ်သူ့ဆီက တောင်းရမယ်မှန်းလည်း မသိဘူး။ ရသလောက် သွားတယ်။ ရောက်တဲ့နေရာကနေ ရသလောက် ရိုက်ပြီး လုပ်ခဲ့ရတယ်။ တကယ်တမ်း တစ်ဝက်က တရားဝင်တယ်၊ တစ်ဝက်က တရားမဝင်ဘူးပေါ့။ အဲ့ဒီလိုမျိုး မဖြစ်အောင် အရေးပေါ် ကိစ္စတွေအတွက် အထူးခွင့်ပြုမိန့်တွေ ချပေးနိုင်ဖို့ သူတို့ရဲ့ ထိန်းချုပ်ကွပ်ကဲမှုအောက်မှာ ခွင့်ပြုနိုင်မယ့် အဖွဲ့မျိုး ရှိလာရင်တော့ ပိုကောင်းပါတယ်။

Voice : လူငယ်တွေကလည်း ဒီ Drone တွေကို သုံးပြီးတော့မှ လုပ်ကိုင်နေတာတွေလည်း ရှိတယ်။ အဆင့်မြင့် အသုံးပြုနိုင်မယ့် အခြေအနေလည်း ရှိလာပြီ။ ဥပဒေကလည်း နှောင့်နှေးနေတယ် ဆိုပေမယ့် ထွက်လာဖို့ ရှိနေပြီ။ ဒီလိုအခြေအနေမျိုးမှာ ပြည်တွင်းက Drone သုံးလာနိုင်တဲ့ ရှေ့အလားအလာတွေကိုလည်း သုံးသပ်ပေးပါဦးဗျ။
UWN : တကယ်တမ်း ခွင့်ပြုပြီဆိုတဲ့ အချိန်ကျရင်တော့ များလာမှာ။ အဲ့ဒီတော့ Drone တွေ များလာမယ်ဆိုရင် နံပါတ်တစ်က ခွင့်ပြုတဲ့ အနေအထားတွေ ဖြစ်လာပြီဆိုရင် စိတ်ချရတဲ့ အမှတ်တံဆိပ် Drone တွေဖြစ်ဖို့အတွက် တော်တော်လေး အဓိက ကျလာလိမ့်မယ်။ တချို့တွေကလည်း လေထဲမှာ ပျံနိုင်တယ်၊ ငြိမ်အောင်ပျံနိုင်တယ်၊ ဝေးဝေးသွားနိုင်တယ်။ တချို့လည်း ဝေးဝေးမသွားနိုင်ဘူး။ မီတာ ၁၀ဝ၊ ၂၀ဝ လောက်ရောက်ရင် ထိန်းချုပ်မှုတွေ လွတ်ပြီး ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး ဆိုတာတွေလည်း ရှိတယ်။ အဲ့ဒီအခါကျတော့ ဈေးနှုန်းအပေါ် လိုက်ပြီး အပျော်တမ်းပျံတဲ့ Drone တွေရဲ့အဆင့်၊ တကယ့် Professional Drone တွေရဲ့ အဆင့်အတန်းတွေကို လူငယ်တွေအနေနဲ့ ခွဲခြားသိဖို့လိုတယ်။ လူငယ်တွေအနေနဲ့ဆိုတာ ဒီ Drone ကို သုံးနေတဲ့သူတွေပေါ့။ သူက အချိန်တိုင်းမှာ ပျက်ကျလာနိုင်တယ်၊ ပြုတ်ကျလာနိုင်တယ်ဆိုတာ ရှိတယ်။ အဓိကကတော့ စိတ်ချရတဲ့ အခြေအနေရှိဖို့လိုတယ်။

မောင်မန်း

  • TAGS