News

POST TYPE

IT

လုပ်ငန်းငယ်လေးများကို ကုမ္ပဏီကြီးများ ဖြစ်လာစေရန် Facebook အကူအညီပေး
13-Nov-2017 tagged as

ဒါနန်း၊ နိုဝင်ဘာ ၁၂

Facebook မှ Chief Operating Officer အဖြစ် တာဝန်ယူထားသူ ရှာလီဆန်းဘတ်သည် ဗီယက်နမ်နိုင်ငံသို့ ရောက်လာပြီး အသေးစား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဆိုရှယ်ကွန်ရက်ကို ထိရောက်စွာ အသုံးပြုပြီး ဗီယက်နမ် စီးပွားရေးကို တိုးတက်စေရန် အားပေး ဆွေးနွေးခဲ့ရုံမက၊ လုပ်ငန်းငယ်လေးများကို ကုမ္ပဏီများ ဖြစ်လာသည်အထိ အကူအညီပေးနေကြောင်း Vietnam.net သတင်းတွင် ဖော်ပြထားသည်။

APEC Summit 2017 ညီလာခံသို့ တက်ရောက်လာသည့် ရှာလီသည် လုပ်ငန်းရှင်များနှင့် ဒါနန်းမြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

“လုပ်ငန်းငယ်လေးတွေက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ကျပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လုပ်ငန်းသစ်တွေကို ဖန်တီးပေးရာ ရောက်ပါတယ်။ ကျွန်မတို့အနေနဲ့ MorningConsult ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းထားပြီး လုပ်ငန်းငယ်လေးတွေက ကုမ္ပဏီပိုင်ရှင်ကြီးတွေ ဖြစ်လာတဲ့အထိ လုပ်ဆောင်ပေးနေပါတယ်။ အလုပ်သမားတွေ ငှားရမ်းနိုင်ရေး၊ ကိုယ့်နိုင်ငံကို အထောက်အကူပြုနိုင်ရေးတို့ကိုပါ အကြံပေးနေပါတယ်”ဟု ဆန်းဘတ်က ပြောကြားသည်။

အာရှနှင့် ပစိဖိတ်ဒေသမှ လုပ်ငန်းငယ်လေးများ၏ ၇၄ ရာခိုင်နှုန်းခန့်သည် Facebook ၏ အထောက်အကူဖြင့် လုပ်ငန်း၏ ၇၀ ရာခိုင်နှုန်းခန့်ကို တိုးမြှင့်အောင် လုပ်ဆောင်နိုင်ခဲ့ကြကြောင်း၊ ထို့ပြင် Facebook ကို အသုံးပြုပြီး ဝန်ထမ်းများကိုလည်း အဆင်ပြေစွာ ငှားရမ်းနိုင်ခဲ့ကြကြောင်း ယင်းကဆိုသည်။

ဗီယက်နမ်နိုင်ငံတွင် I Love Vietnam Tour ဆိုသည့် လုပ်ငန်းကို ထူထောင်ထားသည့် ငုယင် သီဟောင်လင်းဆိုသူသည် မြို့လေးမြို့အတွင်း မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားလုပ်ငန်းကို လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ဆိုင်ကယ် ၇၅ စီး ထူထောင်ထားပြီး ဆိုင်ကယ်မောင်းသူအားလုံး အမျိုးသမီးများဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် လုပ်ငန်းကို ဒေါ်လာ ၁၀ဝ နှင့် စတင် ထူထောင်ခဲ့ပြီး၊ Facebook နှင့် Messenger ကို အကျိုးရှိစွာ အသုံးပြုကာ ခရီးစဉ်များကို လက်ခံခြင်း၊ စုံစမ်းမေးမြန်းမှုများကို ဖြေကြားခြင်း၊ ဖောက်သည်များနှင့် ဆက်သွယ်ခြင်းတို့ကို လုပ်ဆောင်ခဲ့သောကြောင့် လုပ်ငန်း အောင်မြင်ခဲ့ရကြောင်း၊ မစ္စသီဟောင်လင်းအပြင် သူ့ဝန်ထမ်းတွေ အားလုံး Facebook ကို မဖြစ်မနေ သုံးကို သုံးနေကြကာ စီးပွားရေး လုပ်ငန်းကို လုပ်ဆောင်နေကြသူများ ဖြစ်ကြောင်း Vietnam.net တွင် ရေးသားထားသည်။ 

Chief Operating Officer သည် Boost Your Business and SheMeansBusiness ပရိုဂရမ်ကို ထူထောင်ထားပြီး ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပေးခြင်း၊ စီးပွားရေး စတင်လုပ်ကိုင်သည့် လုပ်ငန်းရှင် စွန့်ဦး တီထွင်သူများကို လုပ်ငန်းစတင်နိုင်ရန် အထောက်အကူပြုခြင်းများ ပြုလုပ်ပေးလျက်ရှိပြီး၊ ဗီယက်နမ် စီးပွားရေး တိုးတက်ဖွံ့ဖြိုးရန် နည်းပညာပိုင်း အကူအညီများကို ဆက်လက် ပေးသွားမည်ဖြစ်ကြောင်း ဆန်းဘတ်က ပြောကြားသည်။

  • TAGS