News

POST TYPE

IT

ကမ္ဘာ့ပထမဆုံး လျှပ်စစ်ထရပ်ကား ဂျပန်ထုတ်လုပ်
13-Nov-2017 tagged as

တိုကျို၊ နိုဝင်ဘာ ၁၂

ဂျပန်နိုင်ငံ Mitsubishi Fuso Truck and Bus ကုမ္ပဏီသည် eCanter ဆိုသည့် လျှပ်စစ်ထရပ်ကားများကို တီထွင်ကာ ဂျပန်နိုင်ငံတွင် အလုံးအရင်းနှင့် ထုတ်လုပ်လိုက်သောကြောင့် ကမ္ဘာ့ပထမဆုံး လျှပ်စစ်ထရပ်ကား ထုတ်လုပ်သည့် ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း Japan Today သတင်းတွင် ဖော်ပြထားသည်။ 

Mitsubishi Fuso ကုမ္ပဏီသည် ဂျာမနီနိုင်ငံ အခြေစိုက် Daimler AG အဖွဲ့နှင့်ပူးပေါင်းကာ လျှပ်စစ်ထရပ်ကားများကို တီထွင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။ 

eCanter လျှပ်စစ်ထရပ်ကားများသည် ယခင် Canter ထရပ်ကားများကို အခြေပြုကာ တည်ဆောက်ထားပြီး ကမ္ဘာ့ဈေးကွက်သို့ တစ်နှစ်လျှင် စင်းရေ တစ်သိန်း ထုတ်လုပ်ကာ ဖြန့်ချိသွားရန် ရည်စူးထားကြောင်း ကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။ 

ယခုဈေးကွက်တင်မည့် လျှပ်စစ်ထရပ်ကားများအတွက် Li-ion (Lithium-ion) ဘက်ထရီများကို Mitsubishi Fuso ကုမ္ပဏီသည် Daimler အုပ်စုမှ ဇိမ်ခံကားများ ထုတ်လုပ်သည့် Mercedes-Benz ကုမ္ပဏီနှင့် ပူးတွဲကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ 

ယခု ထုတ်လုပ်ထားသည့် ဘက်ထရီက လျှပ်စစ် ထရပ်ကားများကို တစ်ကြိမ်အားသွင်းထားလျှင် ၆၂ ဒသမ ၁ မိုင်ခန့်အထိ ပြေးဆွဲနိုင်စေရန် အထောက်အကူပြုနိုင်ကြောင်း Japan Today တွင် ရေးသားထားသည်။

Mitsubishi Fuso ကုမ္ပဏီသည် ယခုအခါ 7-Eleven ဂျပန်ကုမ္ပဏီနှင့် Yamato ပို့ဆောင်ရေး ကုမ္ပဏီအတွက် ထရပ်ကား ၂၅ စီးကို ထုတ်လုပ်ပေးရန် အမှာ လက်ခံထားပြီး နိုဝင်ဘာ လမကုန်မီ ပြေးဆွဲနိုင်မည်ဖြစ်သည်။

ထရပ်ကား အစိတ်အပိုင်းများကို ဂျပန်နှင့် တူရကီတို့တွင် ထုတ်လုပ်ပြီး ၂၀၁၇ အတွင်းစင်းရေ ၁၅၀ ခန့် ထုတ်လုပ်သွားရန်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

လျှပ်စစ်ထရပ်ကားများသည် လေထု ညစ်ညမ်းစေမည့် မီးခိုးများထုတ်ခြင်း မရှိဘဲ၊ မောင်းသူများကို ဒီဇယ်ကား မောင်းရသလောက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေကြောင်း၊ ထို့ပြင် ဒီဇယ်ကားများထက်လည်း ကုန်ကျစရိတ် သက်သာစေကြောင်း၊ ကီလိုမီတာ ၁၀ဝ၀ဝ ပြေးတိုင်း ယူရို ၁၀ဝ၀ ပိုပြီး သက်သာကြောင်း၊ ယခုလအတွင်း ဂျပန်နိုင်ငံတွင် လျှပ်စစ်ကားများကို စတိုးဆိုင် ၁၀ ခန့်တွင် စတင် အသုံးပြု ပြေးဆွဲမည်ဖြစ်ကြောင်း Mitsubishi Fuso က ဆိုသည်။

Mitsubishi Fuso ကုမ္ပဏီသည် eCanter လျှပ်စစ်ထရပ်ကားများကို ထုတ်လုပ်ပြီး ဈေးကွက်ကို ဦးစွာ သိမ်းပိုက် လိုက်ရုံမက၊ လျှပ်စစ် ထရပ်ကား အရွယ်အစားအမျိုးမျိုးကို အဖိုးနှုန်းချိုသာစွာ ရောင်းချနိုင်ရန် ပြင်ဆင်နေကြောင်း Japan Today တွင် ရေးသားထားသည်။

  • TAGS