News

POST TYPE

IT

အာကာသထဲမှာ အနေကြာ လူတွေဘာဖြစ်သွားနိုင်သနည်း
12-Nov-2017

ကမ္ဘာသူ ကမ္ဘာသားများ အာကာသ ခရီးသွားရန် အားထုတ်မှုများ ပြုလုပ်လာကြသည်။ ပုဂ္ဂလိက သူဌေးကြီးများကလည်း အာကာသခရီးအတွက် သီးခြား တီထွင်မှုများ လုပ်လာကြသည်။ အီလန်မာ့စ် ဆိုသူက SpaceX ကိုလည်းကောင်း၊ ရစ်ချတ်ဘရန်ဆန်က Virgin Galactic တို့ကိုလည်းကောင်း ကုမ္ပဏီများ ထူထောင်ပြီး အာကာသကို ထိုးဖောက်နေကြပြီဖြစ်သည်။ အာကာသထဲတွင် နှစ်နှင့်ချီပြီး သွားရောက်နေထိုင်ကာ နိုင်ငံတော် အစီအစဉ်ဖြင့် လုပ်ဆောင်နေကြသူများလည်း ရှိပါသည်။ ထို့ကြောင့် အာကာသထဲတွင် ကြာရှည်စွာ နေထိုင်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော လူသားတို့၏ ဇီဝရုပ်သွင်များကို လေ့လာဆန်းစစ်ထားရန် လိုပါသည်။

အာကာသ သပ္ပာယရောဂါ

SAS (Space Adaptation Sydrome) ဟုခေါ်သည့် ရောဂါကို ခေါ်ဆိုခြင်းဖြစ်သည်။ လူသားသည် ကမ္ဘာမြေ၏ ဆွဲငင်အား မရှိသည့် အရပ်တွင် နေထိုင်ရသဖြင့် အာကာသ မအီမသာ ဝေဒနာကို စတင်ခံစားရသည်။ ယင်းကို အာကာသနှင့် လိုက်လျောစွာ ဖြစ်ပေါ်သောရောဂါ SAS ဟုခေါ်ဆိုသည်။ လေထုထဲတွင် ပေါလောမျောကာ နေရသဖြင့် ခေါင်းကိုက် မအီမသာဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အာရုံစူးစိုက်မရခြင်း၊ အော့အံခြင်း၊ မူးဝေခြင်းများကို စတင်ခံစားရမည်ဖြစ်သည်။ 

အာကာသထဲသို့ရောက်သူ ထက်ဝက်ခန့်လောက်မှာ ထိုဝေဒနာများကို ခံစားကြရသည်။ ကမ္ဘာမြေ၏ ဆွဲငင်အားမှ ဆန့်ကျင်ပြီး လွတ်ထွက်သွားသဖြင့် ထိုဝေဒနာများကို ခံစားရခြင်းဖြစ်သည်။ တစ်ကြိမ်ခန့် ခံစားပြီးလျှင် ပျောက်သွားတတ်သည်။ လေထဲတွင် အားလုံး ပေါလောပေါ်နေသည့် အရပ်တွင် အံထုတ်လိုက်လျှင်လည်း အစာဟောင်းတွေက လေထဲ၌ ဝဲပျံနေမည်မှာ မြင်မကောင်း ရှုမကောင်း ဖြစ်နိုင်သည်။ သို့သော် အာကာသ ဝတ်စုံကို ဝတ်ပြီး ထိန်းညှိထားသည့်အခန်းထဲတွင် အားလုံး ပြန်ကောင်းသွားနိုင်ပါသည်။

လက်သည်းတွေမရှည်

အာကာသထဲ ရောက်နေသူ ၂၂ ဦး၏ အစီရင်ခံစာတွင် သူတို့၏ ခြေသည်း လက်သည်းများ ရှည်ထွက်လာခြင်း မရှိတော့ကြောင်း သိရသည်။ ထို့ကြောင့် လက်သည်းညှပ်လည်း ဆောင်သွားစရာ မလိုတော့။ အာကာသ ဝတ်စုံကြီးကို ဝတ်ဆင်ထားရခြင်းကြောင့် ဝတ်စုံအတွင်း၌ လေဖိအားများ လျှော့ချထားခြင်းကို ခံထားရသည်။ ထို့ကြောင့် ခြေသည်း လက်သည်းများ မထွက်ဟု ယူဆကြသည်။ အထူးသဖြင့် အာကာသထဲ လမ်းထွက်လျှောက်သူများတွင် ပိုပြီး လက်သည်းများ ရှည်မထွက်တော့ကြောင်း တွေ့ရသည်။ 

ဟောက်လည်း မဟောက်

အာကာသအတွင်း အိပ်စက်လျှင် တခေါခေါနှင့် မဟောက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အသက်ရှူ လမ်းကြောင်းစနစ်များ ပုံစံသည် ဆွဲငင်အားမှ လွတ်ထွက်သွားသဖြင့် ပြောင်းလဲသွားသောကြောင့်ဟုဆိုသည်။ အိပ်စက်လျှင် အသက်ရှူခြင်း ခက်ခဲမှု ပြဿနာလည်း အာကာသအတွင်း မရှိပေ။ ထို့ကြောင့် ကိုယ့်ဘေးနားရှိ လူများကိုလည်း အနှောင့်အယှက် မဖြစ်နိုင်တော့ပေ။ ဆွဲငင်အား လျော့နည်းခြင်းက လျှာပေါ်တွင် သက် ရောက်မှုလည်း ရှိသွားနိုင်သည်။ အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စရာ မရှိနိုင်သောကြောင့်ဖြစ်သည်။

အမြင်တွေဝေ၀ါး

အာကာသထဲတွင် အနေကြာလျှင် အမြင်တွေ ဝေဝါးသွားနိုင်သည်။ မျက်လုံးအတွင်းရှိ မျက်ဆန်က အနည်းငယ် ပြန့်ကားသွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မျက်ကြည်အလွှာ၏ အမြင်က အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် အနေ ကြာလာလျှင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ အာကာသယာဉ်မှူး ၃၀ဝ ကို စစ်ဆေးကြည့်ရာတွင် ၂၃ ရာခိုင်နှုန်းခန့်သာ အမြင်ဝေဝါးသည့် ပြဿနာကို ခေတ္တ ရင်ဆိုင်ကြရပြီး ၄၉ ရာခိုင်နှုန်းခန့်မှာ ရေရှည် ခံစားကြရသည်။ အာကာသထဲတွင် အလေးချိန်မဲ့နေသဖြင့် ခန္ဓာကိုယ် အထက်ပိုင်း၌ အရည်ဓာတ်များ လျော့နည်းနေတတ်သည်။ လေဖိအားကြောင့်လည်း အမြင်ပိုင်းဆိုင်ရာ အာရုံကြောများကို ဖိစီးမှုများဖြစ်ကာ အမြင်ဝါးခြင်းဖြစ်သည်။ သို့သော်ကြာရှည်စွာ ကျင့်လျှင် ပုံမှန် ဖြစ်သွားတတ်သည်။

အကြောနှင့်ကြွက်သား

အာကာသထဲတွင် ဖိအားမဲ့ ပေါလော မျောကာ နေထိုင်ရသည်က များသည်။ ကိုယ်ခန္ဓာ အောက်ပိုင်းတွင် အရိုးများ ခံစားမှုမဲ့သလိုဖြစ်ပြီး ဆုံးရှုံးသလို ခံစားရသည်။ ကြွက်သားများ ကြာလာလျှင် နာကျင်ခြင်း ဖြစ်တတ်သည်။ နှလုံးကလည်း အနည်းငယ် သေးသွားသည်။ ပြင်းထန်စွာ လှုပ်ရှားလုပ်ကိုင်မှုများ မလုပ်ရတော့သောကြောင့် ဖြစ်သည်။ အာကာသအတွင်း လေ့ကျင့်ခန်းများကို မပြတ်ပြန်လှုပ်ရှားလိုက်လျှင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်သည်။

အာကာသထဲ နေသူများသည် အရပ်အနည်းငယ် ပိုရှည်ထွက်လာကြသည်။ ကျောရိုး အဆစ်များ ပိုပြီး ရှည်ထွက်လာသည်။ ထို့ကြောင့် မြေပြင်သို့ ပြန်လာလျှင် ဆတ်တောက်တောက်ကြီးတွေ သွားနေတတ်သည်။ သို့သော် မြေပြင်ဆွဲငင်အားကို ပြန်ရလျှင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားတတ်သည်။ မူလ အရပ်ထက် ၃ ရာခိုင်နှုန်းခန့် ရှည်ထွက်သွားသည်ဟုဆိုသည်။ 

Ref: The Human Body In Space, Sara Mossman

  • VIA