News

POST TYPE

IT

ကမ္ဘာကြီးသည် မီးသင့်လုံးကြီးတစ်လုံး ဖြစ်သွားနိုင်ကြောင်း စတီဖင်ဟော့ကင်း ပြောကြား
08-Nov-2017


လန်ဒန်၊ နိုဝင်ဘာ ၇

ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး တစ်ဦးဖြစ်သည့် စတီဖင် ဟော့ကင်းက လာမည့်နှစ်ပေါင်း ၆၀ဝ အတွင်း ကမ္ဘာကြီးသည် ချစ်ချစ်တောက် ပူကာ မီးလောင်နေသည့် အလုံးကြီးတစ်လုံး ဖြစ်သွားနိုင်ပြီး လူသားတို့သည် ပျက်စီးသွားတော့မည်ဟု ပြောကြားခဲ့ကြောင်း New York Post သတင်းတွင် ဖော်ပြထားသည်။
 
နိုဝင်ဘာလ ၅ ရက်နေ့က တရုတ်နိုင်ငံ ဘေဂျင်းတွင် ကျင်းပသည့် Tencent WE Summit တွင် ဟော့ကင်းက ညီလာခံတက်လာသူ အပေါင်းကို ဗီဒီယိုကွန်ဖရင့်နည်းဖြင့် မိန့်ခွန်း ပြောကြားရာ၌ လူသားတို့ နှစ်ပေါင်းသန်းချီပြီး မျိုးဆက်များ ဆက်လက် ပြန့်ပွားစေလိုလျှင် ကမ္ဘာကို စွန့်ခွာရန်သာ ရှိကြောင်း ပါမောက္ခကြီးက တိုက်တွန်း ပြောကြားသွားသည်။

ကမ္ဘာသည် ယခုအခါ အလွန်ပြည့်ကျပ်လာပြီး စွမ်းအင် သုံးစွဲနေမှုကလည်း အဆမတန် ဖြစ်လာကြောင်း၊ ထို့ကြောင့် လူဦးရေ များလာပြီး စွမ်းအင်ကို ပိုမိုသုံးစွဲလေ၊ ကမ္ဘာသည် လောင်မီးကျသလို ဖြစ်လာမည်ဖြစ်ကြောင်း ယင်းကဆိုသည်။

ကမ္ဘာ့ ရင်းနှီးမြှုပ်နှံသူများအနေနှင့် ယခုလောက်ကတည်းက ကမ္ဘာ့အပြင်ဘက် ကြယ်နှင့် ဂြိုဟ်များဆီသို့ ခရီးဆက်ပြီး နယ်ပယ်သစ်များ ရှာဖွေထားရန် လိုအပ်ကြောင်း၊ နေစကြဝဠာအတွင်း လူသားမျိုးနွယ်တို့ နေထိုင်နိုင်သည့် နေရာများ ရှိနိုင်သဖြင့် ကြိုတင်ရှာဖွေ ပြင်ဆင်ထားကြရန်လည်း တိုက်တွန်းသွားသည်။ 

Alpha Centauri ဟုခေါ်သည့် အလင်းနှစ် သန်း ၄၀ဝ၀ အကွာမှ ကြယ်ကြီး တစ်လုံးသည် ကမ္ဘာနှင့် အနီးဆုံးဖြစ်ပြီး ယင်းကြယ်ပေါ်တွင် ကမ္ဘာမြေမှ သက်ရှိများ နေထိုင်နိုင်မည့် အကောင်းဆုံး နေရာတစ်ခုဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များကလည်း ခန့်မှန်းထားကြသည်။ 

ဟော့ကင်းက လူသားတို့တွင် အလင်းနှစ် အမြန်နှုန်းအတိုင်း သွားလာနိုင်သည့် ယာဉ်လေးများ ရှိလာနိုင်ပြီး နှစ်ပေါင်း ၂၀ အတွင်း လူနေနိုင်သည့် Alpha Centauri ဆီသို့ ခရီးပေါက်နိုင်ကြောင်း၊ Nano နည်းပညာက လူသားတို့ကို အင်္ဂါဂြိုဟ်ဆီသို့လည်း တစ်နာရီအတွင်း ရောက်ရှိစေရန် ကြံဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပလူတိုဂြိုဟ်ဆီသို့ပင် ရက်ပိုင်းအတွင်း ရောက်နိုင်ကြောင်း ပြောကြားသည်။

ဘေဂျင်းကလည်း Starshot Breakthrough ဆိုသည့် ဂြိုဟ်များဆီသို့ ခရီးဆက်နိုင်ရေး အစီအစဉ်ကို ယခင် NASA အဖွဲ့ Ames Research Center တွင် ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးအား ဦးဆောင်ခိုင်းပြီး တီထွင်မှုများကို လုပ်ဆောင်လျက်ရှိသည်။ 

ညွှန်ကြားရေးမှူးအဖြစ် တာဝန် ထမ်းဆောင်နေသူက လာမည့် ရာစုနှစ်ဝက်အတွင်း ဂြိုဟ်များဆီတွင် နေထိုင်နေကြပုံများကို သတင်းဓာတ်ပုံများ ထုတ်ပြန်နိုင်ရန် မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားသည်။

  • VIA