News

POST TYPE

IT

LAN Staff Management Mobile App နှင့် Web App ရေးသားသူများနှင့် တွေ့ဆုံခြင်း
07-Nov-2017

ပြည်တွင်း ကွန်ပျူတာ တက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များမှ ကျောင်းသား လူငယ်များက နည်းပညာ တီထွင်မှုများကို ကြိုးစားပြုလုပ်နေသည်။ မိုဘိုင်းလ်ဖုန်း နည်းပညာများဖြစ်သည့် မိုဘိုင်းလ် App များကိုလည်း ကျောင်းသားလူငယ်များက ကြိုးစားရေးသားနေကြသည်။ ဌာနဆိုင်ရာသုံး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းညွှန်၊ ဂိမ်း စသည့် မိုဘိုင်းလ် App များကိုလည်း အပြိုင်အဆိုင် ရေးသားနေသည်။ ယင်းသို့ တီထွင်မှုများ ပြုလုပ်နေချိန်တွင် ဌာနဆိုင်ရာများ၊ ရုံးများရှိ ဝန်ထမ်းများ၏ ရုံးတက်ရုံးဆင်းနှင့် အခြားရုံးတွင်း ဆောင်ရွက်ဖွယ်ရာများအတွက် အထောက်အကူပြု LAN Staff Management အမည်ရှိ Mobile App နှင့် Web App ကို ရေးသားခဲ့သည့် ကွန်ပျူတာ တက္ကသိုလ်(တောင်ငူ)မှ ကျောင်းသား၊ ကျောင်းသူများကို ၎င်းတို့၏ အတွေ့အကြုံများ၊ မိုဘိုင်းလ် App အကြောင်းနှင့် အခက်အခဲများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ပထမဆုံးအနေနဲ့ Lan Staff Management Mobile App နဲ့ Web App အကြောင်းကို အရင်ဆုံး မိတ်ဆက်ပေးပါဦး။ သူက ဘယ်လိုပုံစံမျိုး အလုပ်လုပ်တာလဲ။
LSM : Lan Staff  Management Product မှာ App ၂ ခုနဲ့ အလုပ် လုပ်ထားပါတယ်။ Server က Web App ကို အသုံးပြုထားပြီး Clients တွေဖြစ်တဲ့ Staffs တွေက ကိုယ်ပိုင် Username နဲ့ Password ကို ထည့်သွင်းပြီး Mobile App ကို အသုံးပြုရပါတယ်။ App ၂ ခုကို Wifi Connection ချိတ်ဆက်ပြီး Network တစ်ခုအတွင်းမှာ ရုံးတက်ချိန် ရုံးဆင်းချိန်တွေကို ပေးပို့ပြီး Server ကနေ ထိန်းချုပ်ပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ Server ဘက်ကနေ Staff တွေဘက်ကို Announcement တွေကိုလည်း ပေးပို့ အသိပေးနိုင်ပါတယ်။

Voice : ဒီ App နဲ့ တောင်ငူကွန်ပျူတာ တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ Product Show မှာ ဆုရခဲ့သေးတယ် နော်။ အဲ့ဒီအကြောင်း ပြောပြပါဦး။
LSM : ဟုတ်ကဲ့ခင်ဗျ တောင်ငူ ကွန်ပျူတာ တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ Product Show ၂၀၁၇ မှာလည်း လာရောက်တဲ့ ဧည့်သည်တွေကနေ ပေးတဲ့ Vote အများဆုံးနဲ့ လူကြိုက်အများဆုံးဆု (People Choice Award) ရရှိခဲ့ပါတယ်။

Voice : Lan Staff Management App အလုပ် လုပ်ဖို့အတွက် အခြေခံ လိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ။ အလုပ်ဌာနတွေမှာ ဒီလို အခြေခံ လိုအပ်ချက်တွေက ရှိနေရဲ့လား။
LSM : အခြေခံ လိုအပ်ချက် အနေနဲ့ကတော့ Server PC တစ်လုံးနဲ့ Network Router တစ်လုံး အနည်းဆုံး လိုအပ်ပါတယ်။ Client တွေအနေနဲ့ကတော့ Staff တစ်ယောက်ချင်းစီမှာ Android Mobile Phone တစ်လုံး အနည်းဆုံး လိုအပ်ပါတယ်။ အလုပ်ဌာနတွေမှာ အများစုမှာတော့ ယခုလို အခြေခံလိုအပ်တွေ ရှိနေပြီလို့ ယူဆရပါတယ်ခင်ဗျာ။ ဝန်ထမ်းတစ်ယောက်မှာလည်း အနည်းဆုံးတော့ Android Mobile Phone ရှိနေပြီလို့ ယူဆရပါတယ်ခင်ဗျ။

Voice : ဝန်ထမ်း အရေအတွက် ဘယ်လောက်များများကို စီမံခန့်ခွဲနိုင်မလဲ။ ခန့်မှန်းလို့ရအောင် အခြေခံ အဆောက်အဦ ဘယ်လောက်ရှိရင်နဲ့ ဝန်ထမ်းအရေအတွက် ဘယ်လောက်ကို ခန့်ခွဲနိုင်မလဲ ဆိုတာလေး ချိန်ထိုးပေးပါဦး။
LSM : ဝန်ထမ်း အရေအတွက်ကတော့ အကန့်အသတ်တော့ မရှိသေးပါဘူးခင်ဗျ။ ရုံးရဲ့ သုံးစွဲနေတဲ့ Device တွေအပေါ် မူတည်ပြီး ကွဲပြားတာတွေပဲ ရှိနိုင်ပါတယ်ခင်ဗျာ။ အကယ်လို့ ဝန်ထမ်း အရေအတွက် များပြားလွန်းတဲ့ အလုပ်ဌာနတွေမှာတော့ Server PC High-end အမျိုးအစားတွေနဲ့ Router နိုင်နိုင်နင်းနင်း အသုံးပြုထားမယ် ဆိုရင်တော့ အသုံးပြုရတာ အဆင်ပြေလွယ်ကူနေမှာ ဖြစ်ပါတယ်ခင်ဗျာ။

Voice : ဒီ App အတွက်က အင်တာနက် အသုံးပြုဖို့ လိုအပ်သလား။
LSM : ဒီ App အတွက်က အင်တာနက် အသုံးပြုဖို့ မလိုအပ်ပါဘူး။ Network တစ်ခုအတွင်းမှာရှိတဲ့ Wifi ကိုပဲ ချိတ်ဆက်ထားရင် အသုံးပြုလို့ရနေပါပြီခင်ဗျာ။

Voice : ဒီ App ကိုသုံးတာနဲ့ လက်ရှိ လက်ဗွေနှိပ်ရတဲ့စနစ်တွေကို သုံးတာတွေလည်းရှိတော့ ဘယ်လိုမျိုး ကွာခြားသွားမလဲ။ ဘာတွေပိုပြီး သာလွန် ကောင်းမွန်သွားမလဲ။
LSM : ဒီ App ကို သုံးတာနဲ့ လက်ရှိ လက်ဗွေနှိပ်ရတဲ့စနစ်တွေကို အသုံးပြုနေတာတွေလည်း ရှိနေတော့ ကွာခြားမှုတွေတော့ ရှိနိုင်ပါတယ်ခင်ဗျ။ ဒီ App ကနေ Account log In လုပ်ပြီးတာနဲ့ ရုံးတက် ရုံးဆင်း သာမက ဌာနဆိုင်ရာ အကြီးအကဲတွေကနေ တစ်ခုခု အကြောင်းကြားတဲ့အခါ လွယ်ကူလျင်မြန်တဲ့ Notice Board လိုမျိုး ထည့်သွင်းပေးထားတဲ့အတွက် ဌာနတွင်း အလုပ်အကိုင်များကို လျင်မြန်စွာ လုပ်ဆောင်နိုင်ပါတယ်ခင်ဗျာ။

Voice : App ရဲ့ စွမ်းဆောင်ချက်အနေနဲ့ ရုံးတက် ရုံးဆင်းတွေကို စီမံခန့်ခွဲ မှတ်သားပေးနိုင်မယ်။ ပြီးတော့ ဒီအပေါ်မှာထပ်ပြီး လစာ တွက်ချက်ပေးတာတွေ ဘာတွေရော လုပ်နိုင်မလား။ ဒါကို ထပ်ပေါင်းလို့ရော ရမလား။ တကယ်လို့ ထပ်ပေါင်းလို့ ရတယ်၊ ပေါင်းမယ်ဆို ဘာတွေ လုပ်ဆောင်ဖို့ လိုအပ်မလဲ။
LSM : အဲ့ဒါတွေကတော့ ယခု Version မှာ မပါဝင်နိုင်သေးပေမယ့် ကျွန်တော်တို့ နောင်အခါထွက်ရှိ လာမယ့် Version မှာတော့ ထပ်မံ ထည့်သွင်းပေးနိုင်ဖို့ ကြိုးစားနေပါတယ်ခင်ဗျာ။ အကယ်လို့ ထပ်ပေါင်းခဲ့မယ်ဆိုရင်တော့ ရုံးတက် ရုံးဆင်း အချက်အလက်တွေရယ် အသိပေး ပြောကြားချက်တွေနဲ့အတူ ဌာနတွင်း Private mail ကဲ့သို့ အစီရင်ခံစာများပါ ပို့နိုင်တဲ့အထိ ထည့်သွင်းပေးဖို့ စဉ်းစားထားပါတယ်ခင်ဗျ။

Voice : ဒီ App ကို အဖွဲ့နဲ့ လုပ်ခဲ့တာဆိုတော့ အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ တစ်ဦးချင်း စွမ်းဆောင်မှုက ဘာတွေ ကွာခြားမှုရှိမလဲ။ အဖွဲ့လိုက် လုပ်ဆောင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပေးပါဦး။
LSM : ဟုတ်ကဲ့ဗျ အဖွဲ့လိုက် လုပ်ဆောင်တဲ့အခါမှာတော့ အပိုင်းတစ်ခုစီခွဲပြီး သီးခြား တစ်ဦးချင်း စွမ်းရည်နဲ့ပေါင်းစပ် လုပ်ကိုင်တဲ့အထိ ကျွန်တော်တို့ ကြိုးစားခဲ့ရပါတယ်ခင်ဗျ။ တစ်ဦးချင်း သီးသန့် စွမ်းဆောင်ရည်လိုမျိုးတော့ သက်သက် ခွဲဝေမထားပါဘူးခင်ဗျ။ ဒါ့ကြောင့်မို့ အဖွဲ့လိုက် လုပ်ဆောင်မှုဟာ ပိုမိုမြန်ဆန် ပြီးတိကျတဲ့ Result တွေကို ရရှိခဲ့ပါတယ်။ Teamwork သဘောတရားတွေကြောင့် ကျွန်တော်တို့ ကျောင်းသားတွေအပေါ်မှာ တာဝန်ယူမှုနဲ့ တာဝန်ယူစိတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိလာပြီး လက်တွေ့ လုပ်ငန်းခွင်ထိ အထောက်အကူ ဖြစ်စေပါတယ်ခင်ဗျာ။

Voice : ဒီ App ကို လုပ်နိုင်ဖို့ကျတော့ ဘယ်လို အခက်အခဲတွေ ရှိခဲ့သလဲ။ နည်းပညာအရရော အခြား အခက်အခဲတွေရောပေါ့။ ဒါတွေကိုရော ဘယ်လိုဖြေရှင်းခဲ့သလဲ။ အတွေ့အကြုံကို မျှဝေပေးပါဦး။
LSM : အခက်အခဲတွေ အနေနဲ့ကတော့ စပြီးလုပ်ဆောင်ရာကနေ သီတင်းပတ် ၁၂ ပတ်ကြာမြင့်ခဲ့ပြီး နည်းပညာဆိုင်ရာ အတွေ့အကြုံ အားနည်းသေးတဲ့ ကျွန်တော်တို့ကို Internship ဆင်းပေးတဲ့ ဆရာတွေကနေပြီး ကူညီ သင်ကြားပေးခဲ့ပါတယ်ခင်ဗျ။ အခက်အခဲကတော့ ထူးထူးခြားခြားရယ်လို့ မရှိပါဘူး။ အကယ်လို့ ရှိလာတဲ့အခါလည်း ဘေးက Trainer ဆရာတွေကနေ အမြဲကူညီ ဖြေရှင်းပေးလို့ အကုန် အဆင်ပြေ ချောမွေ့ခဲ့ပါတယ်။

Voice : ဆက်ပြီး ဒီ App ကို ဘယ်လိုနေရာတွေမှာ ပြသသွားဖို့ရှိမလဲ။ ဒီ App ကို တကယ် အသုံးချတဲ့ နယ်ပယ်ထဲမှာ အသက်ဝင်ဖို့ ဘာတွေ ဆက်ပြီး လုပ်ဆောင်သွားမလဲ။
LSM : ဆက်လက်ပြီးတော့ နည်းပညာပြပွဲတွေမှာ အခွင့်ရေးရှိရင် ရှိသလို ပြသသွားမယ်လို့ စိတ်ကူးထားပါတယ်ခင်ဗျာ။ ယခုလက်ရှိလည်း တောင်ငူ ကွန်ပျူတာတက္ကသိုလ်မှာ ထားရှိပြီး ဆက်လက် အဆင့်မြင့် လုပ်ဆောင်ပေးဖို့ အစီစဉ်တွေ ရှိပါတယ်ခင်ဗျာ။ လိုအပ်တဲ့ ဌာနဆိုင်ရာတွေကတော့ တောင်ငူကွန်ပျူတာ တက္ကသိုလ်ကို ချိတ်ဆက်ပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

မောင်မန်း

  • VIA