News

POST TYPE

IT

ဉာဏ်ရည်တုက လူသားထက်သာသည့် ဘဝတစ်ခုကို တည်ဆောက်တော့မည်ဟုဆို
06-Nov-2017

လန်ဒန်၊ နိုဝင်ဘာ ၅

ကမ္ဘာကျော် ရူပဗေဒပညာရှင်ကြီး စတီဖင် ဟော့ကင်းက AI (Aitificial Intelligence) ခေါ် လူသားတို့အတိုင်း တုပလိုက်လံ လုပ်ဆောင်နိုင်သည့် ဉာဏ်ရည်တု တပ်ဆင်ထားသော စက်ရုပ်များသည် လူသားတို့နေရာတွင် အစားထိုး ဝင်ရောက်လုဆဲဆဲ ဖြစ်လာပြီး ပုံစံသစ်တစ်ခုဖြင့် လောကသစ်တစ်ခု တည်ဆောက်ကာ လူသားတို့ကို ခြိမ်းခြောက်စိုးမိုးနိုင်သော အနေအထားကို ရောက်သွားနိုင်ကြောင်း သတိပေး ပြောကြားခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ပါမောက္ခ ဟော့ကင်းနှင့် Wired မဂ္ဂဇင်းကြီးမှ တွေ့ဆုံဆွေးနွေးခန်းတွင် ပါမောက္ခ ဟော့ကင်းက လူသားတို့နေရာတွင် စက်ရုပ်များက အစားထိုး ရောက်ရှိလာပြီး၊ လူသားတို့အတိုင်း ဖြစ်လာမည်ကို စိုးရိမ်မိကြောင်း ပြောကြားသွားသည်ဟု ယင်းသတင်းက ဆိုသည်။

ဟော့ကင်းက လူသားတို့ကို ကွန်ပျူတာဗိုင်းရပ်စ်ကို တီထွင်ပြီး လုပ်ဆောင်ခိုင်းသကဲ့သို့ စက်ရုပ်များကိုလည်း အစားထိုး မလုပ်ဆောင်ခိုင်းနိုင်စရာ အကြောင်းမရှိကြောင်း သူက ထောက်ပြခဲ့သည်။

လူသားတို့သည် သိပ္ပံပညာကို စိတ်ဝင်စားကြသော်လည်း တီထွင်မှု၏ နောက်ဆက်တွဲ ဖြစ်ရပ်များကို စိတ်ကူးထဲ သိပ်ထည့်လေ့မရှိကြောင်း၊ လူသားတို့အတွက်လည်း နေထိုင်နိုင်မည့် အခြားဂြိုဟ်တစ်ခုခုကို ရှာဖွေသင့်ကြောင်း ထပ်လောင်း သတိပေးသွားသည်။

အနေအထားမှာ နောက်ပြန်လှည့်မရနိုင်သည့် အခြေအနေကို ရောက်နေပြီး၊ ကမ္ဘာကြီးသည် လူသားများအတွက် ပိုပြီးသေးငယ်လာကြောင်း၊ ကမ္ဘာ့လူဦးရေက တိုးသည်ထက် တိုးလာနေပြီး သတိပေးနေသည့် အနေအထားကို ရောက်ရှိလာကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ပြန်ဖျက်ဆီးရမည့် အန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့လာရကြောင်းလည်း ဟော့ကင်းက ဆိုသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလကတည်းက ပါမောက္ခ ဟော့ကင်းသည် AI နည်းပညာကြောင့် ကွန်ပျူတာ စက်ပစ္စည်းများနှင့် လူသားများကြားတွင် ပဋိပက္ခများ ဖြစ်ပွားနိုင်ကြောင်း ကြိုတင် ပြောကြားခဲ့ပြီးဖြစ်သည်။

ကင်းဘရစ်ခ်ျ တက္ကသိုလ်တွင် ပြောကြားသွားသည့် မိန့်ခွန်းတွင် ဟော့ကင်းက လူသားစစ်စစ်၏ ဦးနှောက်နှင့် လူသား ဖန်တီးထားသည့် စက်ဦးနှောက်တို့သည် ကွဲပြားခြားနားမှု မရှိနိုင်တော့ကြောင်း၊ AI နည်းပညာကို တီထွင်နိုင်ခြင်းမှာ လူ့သမိုင်းတွင် အကြီးမားဆုံးသော မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

ပါမောက္ခကြီးက လူသားများအနေနှင့် တီထွင်မှုကို နောက်ပြန်လှည့်ရန် မဖြစ်နိုင်တော့ဘဲ၊ အန္တရာယ်ကို မည်သို့ရှောင် ရှားရမည်ကိုသာ တွေးရန်ရှိတော့ကြောင်း ပြောကြားသည်။

  • VIA