News

POST TYPE

IT

အမေရိကန်တို့သည် တရုတ်အာကာသ ဒရုန်းနည်းပညာကို မယှဉ်နိုင်သေးဟုဆို
06-Nov-2017

ဝါရှင်တန်၊ နိုဝင်ဘာ ၅

လက်ရှိ အနေအထားတွင် တရုတ်တို့၏ ဒရုန်းနည်းပညာက အလွန် မြင့်မားနေသောကြောင့် အမေရိကန် ပြည်ထောင်စုအနေနှင့် တရုတ်တို့ကိုယှဉ်ရန် မလွယ်သေးကြောင်း The National Interest သတင်းတွင် ဖော်ပြထားသည်။ 

တရုတ်တို့ တီထွင်ထားသည့် စစ်သုံးမောင်းသူမဲ့ ဒရုန်းစစ် လေယာဉ်များသည် အာကာသအတွင်း ရောက်လုနီးပါး ပင်လယ်ရေမျက်နှာပြင်အထက် ၁၂ ဒသမ ၅ မိုင်အကွာအထိ ပျံသန်းနိုင်ပြီ ဖြစ်သောကြောင့် စံချိန်တင်နိုင်နေပြီဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

တရုတ်တို့ တီထွင်ထားသည့် မောင်းသူမဲ့ ဒရုန်းထောက်လှမ်းရေးယာဉ်များကို ရေဒါများဖြင့် အာရုံမခံနိုင်ရုံမက၊ လေကြောင်းတိုက်ခိုက်ရေး ပစ်ကွင်းများကလည်း လွတ်မြောက်သည့် နေရာတွင် ထောက်လှမ်းရေး လုပ်ငန်းများကိုပါ လုပ်ဆောင်နိုင်ရန် တီထွင်ထားသည်။

အမေရိကန်တို့တီထွင်ထားသည့် စစ်သုံး RQ-4 Global Hawk မောင်းသူမဲ့ ဒရုန်းယာဉ်သည် ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၆၀,ဝဝဝ အတွင်းသာ ပျံသန်းနိုင်သေးပြီး၊ တရုတ်တို့၏ ဒရုန်းများက အမြင့်ပေ ၈၂၀ဝ၀ အတွင်း ပျံသန်းနိုင်ပြီ ဖြစ်သည်။

တရုတ်တို့ တီထွင်ထားသည့် ဒရုန်းများသည် အသေးဆုံး လင်းနို့ အရွယ်အစားခန့်သာရှိပြီး အလေးချိန်မှာလည်း ဘောလုံး တစ်လုံးစာခန့်သာ ရှိသည်။ ထို့ပြင် တရုတ်တို့က ဒရုန်းများကို သံလိုက်စွမ်းအင်ဖြင့် မောင်းနှင်နိုင်စေရန် တီထွင်ထားသဖြင့် တစ်နာရီလျှင် မိုင် ၆၀ ခန့်နှုန်းနှင့် ပျံသန်းနိုင်ပြီး ထောက်လှမ်းဖမ်းမိရန်လည်း အလွန် ခက်ခဲအောင် စီစဉ်ထားသည်။

တရုတ်ဒရုန်းများသည် အလွန်သေးငယ်သောကြောင့် ထောက်လှမ်းခြေရာခံရန် မလွယ်ကူကြောင်း၊ ဆင်ဆာ စနစ်ပေါင်း များစွာ ထည့်သွင်းထားသောကြောင့်လည်း မြေပြင် အခြေစိုက်စခန်းများနှင့် ဆက်သွယ်ရာတွင် ပိုပြီး ထိရောက်မှုရှိကြောင်း၊ တရုတ် ဒရုန်းများတွင် ကင်မရာစနစ်များ မထည့်သွင်းထားသော်လည်း အင်တီနာများ ပါသွားသောကြောင့် ဓာတ်ပုံနှင့် မြေပြင်ဒေတာများကို (Aerodynamics) နည်းများဖြင့် ပေးဖို့ဖမ်းယူသိရှိနိုင် စေရန် စီစဉ်ထားကြောင်း၊ မိမိတို့ အနေနှင့် လိုအပ်လျှင် ရာပေါင်းများစွာသော ဒရုန်းယာဉ်လေးများကို ပျားကောင်များ၊ ပုရွက်ဆိတ်များလို တစ်ချိန်တည်း တစ်ပြိုင်တည်း စေလွှတ်ပြီး ထောက်လှမ်းနိုင်စွမ်း ရှိကြောင်း တရုတ်သိပ္ပံ အကယ်ဒမီမှ ပရောဂျက် အကြီးအကဲ ပါမောက္ခ ယန်ယန်ချူး၏ ပြောကြားချက်ကို South China Morning Post တွင် ရေးသားထားသည်။


  • VIA