News

POST TYPE

IT

Apple နှင့် Facebook အကြီးအကဲများ တရုတ်သမ္မတနှင့်တွေ့ဆုံ
01-Nov-2017 tagged as


ရှန်ဟိုင်း၊ အောက်တိုဘာ ၃၁

ကမ္ဘာကျော် ကုမ္ပဏီကြီးများဖြစ်ကြသည့် Apple မှ တင်မ်ကွတ် နှင့် Facebook မှ မာ့ခ်ဇပ်ကာဘတ်တို့သည် တရုတ်နိုင်ငံ သမ္မတကြီး ရှီကျင့်ဖျင်နှင့် အောက်တိုဘာ ၃၀ ရက်နေ့က ဘေဂျင်းမြို့၊ ဆင်ဟွာတက္ကသိုလ်၊ စီးပွားရေးကျောင်းတွင် ကျင်းပပြုလုပ်သည့် နှစ်ပတ်လည်ပွဲ၌ တွေ့ဆုံခဲ့ ကြကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ရှီကျင့်ဖျင်က စီးပွားရေးကျောင်းတွင် ကျင်းပပြုလုပ်သည့် နှစ်ပတ်လည်ပွဲတွင် စီးပွားရေး ခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ဆွေးနွေးမှာကြားမှုများ ပြုလုပ်ခဲ့ကြောင်း တရုတ် CCTV သတင်းဌာနကလည်း ထုတ်ပြန်ကြေညာခဲ့သည်။ 

ကွတ်နှင့် ဇပ်ကာဘတ်တို့သည် ဆင်ဟွာ စီးပွားရေးနှင့် စီမံခန့်ခွဲရေးကျောင်း၏ အကြံပေးအဖွဲ့တွင် ပါဝင်သူများ ဖြစ်သောကြောင့် အခမ်းအနားကို တက်ခွင့်ရခြင်းဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

Apple မှ တင်မ်ကွတ်အနေနှင့် သမ္မတကြီးနှင့် တွေ့ဆုံချိန်သည် နိုဝင်ဘာ ၃ ရက်နေ့တွင် ဖြန့်ချိမည့် iPhone X ဖြန့်ချိချိန်နှင့် တိုက်ဆိုင်ကာ ပြင်ဆင်တွေ့ဆုံခြင်း ဖြစ်နိုင်သလို၊ တရုတ်နိုင်ငံတွင်လည်း ရောင်းအားများ မြှင့်တင်နိုင်ရေးအတွက် အထောက်အကူ ဖြစ်နိုင်ကြောင်း Reuters တွင် ရေးသားထားသည်။

ဆင်ဟွာ စီးပွားရေး ပညာသင်ကျောင်းသည် ၁၉၈၄ ခုနှစ်ကတည်းက ထူထောင်ထားခဲ့ပြီး တရုတ်နှင့် နိုင်ငံတကာမှ လုပ်ငန်းရှင် ခေါင်းဆောင်များကို ဘုတ်အဖွဲ့တွင် ထည့်သွင်း ဂုဏ်ပြုထားသည်။

ယင်းကျောင်းဘုတ်အဖွဲ့တွင် တရုတ်ဗဟိုဘဏ်မှ ဇောင်ရှောင်ချွမ်း၊ Goldman Sachs ကုမ္ပဏီမှ အကြီးအကဲ လွိုက်ဖလန့်ဖိန်း တို့လည်း ပါဝင်ကြသည်။ 

Facebook မှ ဇပ်ကာဘတ်သည် တရုတ်နိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင်ရန် စိတ်အားထက်သန်လျက်ရှိပြီး၊ လက်ရှိ အနေအထားတွင် သူ၏ Facebook ကို တရုတ်နိုင်ငံတွင် သုံးစွဲခွင့် မရရှိစေရန် ပိတ်ဆို့ထားခဲ့သည်။

သုံးစွဲသူ အများဆုံး အရေအတွက် ရှိနိုင်သည့် တရုတ်နိုင်ငံတွင် Facebook ကို ၂၀ဝ၉ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့ပြီး၊ Great Firewall နှင့် ထိန်းချုပ်ခြင်း ခံထားရသည်။ 

တင်မ်ကွတ်နှင့် ဇပ်ကာဘတ်တို့ ဘေဂျင်းတွင် တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများကို ကုမ္ပဏီ၏ တာဝန်ရှိသူများက တရားဝင် ထုတ်ပြန်ခြင်း မပြုသေးပေ။

အောက်တိုဘာ ၂၈ ရက်နေ့က ဇပ်ကာဘတ်သည် သူ၏ Facebook စာမျက်နှာ၌ သူသည် ဘေဂျင်းတွင် ရောက်နေကြောင်း၊ နှစ်စဉ် ဤပွဲကို တက်ရောက်ခဲ့ရခြင်းကြောင့် တီထွင်မှုအတွက်လည်းကောင်း၊ လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန်အတွက်လည်းကောင်း နည်းလမ်းကောင်းများ ရစေခဲ့ကြောင်း ရေးသားထားသည်။

  • VIA
  • TAGS