News

POST TYPE

IT

မောင်းသူမဲ့ Nissan ကားများကို တိုကျိုလမ်းများပေါ်တွင် စမ်းသပ်
30-Oct-2017 tagged as


တိုကျို၊ အောက်တိုဘာ ၂၉

ကမ္ဘာကျော် Nissan ကုမ္ပဏီသည် မောင်းသူမဲ့ကားများကို ၂၀၂၀ ပြည့်နှစ်တွင် စတင် ထုတ်လုပ်ပြေးဆွဲရန် ရည်ရွယ်ပြီး ရှေ့ပြေး အစီအစဉ် တစ်ရပ်အနေနှင့် တိုကျိုမြို့ပေါ်ရှိ အများပိုင် လမ်းမကြီးများပေါ်တွင် စတင် ပြေးဆွဲစမ်းသပ်လျက်ရှိကြောင်း Japan Times သတင်းတွင် ဖော်ပြထားသည်။

ProPILOT အစီအစဉ်အနေနှင့် မြို့ပြလမ်းမများပေါ်တွင် ပြေးဆွဲနေသော Nissan ကားများ၌ Sonars စနစ် ၁၂ ခု၊ ကင်မရာ ၁၂ လုံး၊ ၉ မီလီမီတာအရွယ် ရေဒါ၊ လေဆာ စကင်နာ ၆ ခုအပြင် ကားထဲ၌လည်း HP မြေပုံဖတ်စနစ်များကို ထည့်သွင်းပေးထားသည်။ 

ProPILOT ကားများကို ၂၀၂၀ ပြည့်နှစ်တွင် အသုံးပြုခွင့်ရမည်ဖြစ်ပြီး၊ လက်ရှိ စမ်းသပ်မှုသည် အောင်မြင်ပြီး အနာဂတ်အတွက် အလားအလာကောင်းကြောင်း Nissan ကုမ္ပဏီ ဒုဥက္ကဋ္ဌ တာကာအို အာဆာမီက ပြောကြားသည်။

ယခုစမ်းသပ်နေသည့် ကားများမှာ ယခင်ပြိုင်ကားများအဖြစ် အသုံးပြုနေသည့် Q50 ဆီဒင်ကားများအား ပြန်လည် မွန်းမံထားခြင်းဖြစ်သည်။ 

Nissan ကုမ္ပဏီသည် လေထု ညစ်ညမ်းမှုကို အကာအကွယ်ပေးသည့်အနေဖြင့် လျှပ်စစ်ကားများကို ထုတ်လုပ်လျက်ရှိပြီး မောင်းသူမဲ့ ကားများကိုလည်း လျှပ်စစ်ကားများအဖြစ်သာ ထုတ်လုပ်ကာ တစ်နာရီလျှင် ၃၇၃ မိုင်နှုန်းအထိ မောင်းနှင်နိုင်စေရန် စီစဉ်ထားသည်။ 

ဂျပန်နိုင်ငံ Tokyo Motor Show တွင် ပြသထားသည့် မောင်းသူမဲ့ Nissan ကားများသည် ယခင်ကလည်း Leaf ကားများအနေဖြင့် ထုတ်လုပ်ခဲ့ပြီး၊ ယခုထုတ်လုပ်ထားသော ProPILOT ကားများကို အဝေးပြေး လမ်းမကြီးများပေါ်တွင် လိုင်းတစ်လိုင်းတည်းသာ မောင်းနှင်နိုင်စေရန် အစီအစဉ်များ ပြုလုပ်ပေးထားသည်။ 

Nissan က နောက်ထုတ်မည့် Imx မောင်းသူမဲ့ကားများကို all-whell-drive ပုံစံဖြင့် မောင်းနှင်နိုင်ရန် စီစဉ်ထားကြောင်း၊ လာမည့် ရက်သတ္တပတ်အတွင်း အမေရိကန် ပြည်ထောင်စုအတွင်းရှိ လမ်းမကြီးများတွင်လည်း စမ်းသပ် မောင်းနှင်ရန် စီစဉ်နေကြောင်း ကုမ္ပဏီတာဝန်ရှိ အကြီးအကဲက ပြောကြားသည်။

  • VIA
  • TAGS