News

POST TYPE

IT

မောင်းသူမဲ့ထရပ်ကား စင်ကာပူတွင် စတင်ပြေးဆွဲ
27-Oct-2017

စင်ကာပူ၊ အောက်တိုဘာ ၂၆

ဘယ်လ်ဂျီယံ စက်မှုလုပ်ငန်းသုံးပစ္စည်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် Katoen Natie သည် စင်ကာပူ နိုင်ငံတွင် Exxon Mobile ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ပစ္စည်းများကို မောင်းသူမဲ့ ထရပ်ကားများဖြင့် စတင် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကို စတင်ခဲ့ကြောင်း Kyodo News သတင်းတွင် ဖော်ပြထားသည်။

အောက်တိုဘာ ၂၄ ရက်နေ့ စတင်ခဲ့သည့် ထိုဝန်ဆောင်မှုတွင် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ၌ ကားမောင်းသူများ လျှော့ချနိုင်ရေးအတွက် မောင်းသူမဲ့ ထရပ်များကို စတင်စမ်းသပ် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း Katoen Natie စင်ကာပူလုပ်ငန်းမှ စီအီးအို ကိုရင်ကာဒန်က ပြောကြားသည်။

မောင်းသူမဲ့ ကုန်တင်ထရပ်ကားကို စင်ကာပူနိုင်ငံတွင် ပထမဆုံး အသုံးပြုခဲ့ခြင်းဖြစ်ပြီး ကုန်ရုံမှပစ္စည်းများကို ၃ ကီလိုမီတာ ခန့်ကွာဝေးသည့် ဂျူရွန်ကျွန်းရှိ ရေနံထုတ်လုပ်ရေး စက်ရုံသို့ စတင် ပေးပို့ခဲ့ခြင်းဖြစ်သည်။

ရှေ့ပြေးထရပ်ကားသည် အမြန်နှုန်း တစ်နာရီလျှင် ၂၅ ကီလိုမီတာခန့်နှင့် အလေးချိန် တန် ၂၅၀,ဝဝဝ ခန့်ကို တင်ဆောင်ပြီး စတင် ပြေးဆွဲသွားခဲ့သည်။

Katoen Natie စင်ကာပူလုပ်ငန်း ကုမ္ပဏီအနေနှင့် လုပ်ငန်းတည်ဆောက်မှု ၃ လမှ ၆ လတာ ကာလအတွင်း မောင်းသူမဲ့ ထရပ်ကား ၁၂ စီးမှ ၁၈ စီးအထိ အသုံးပြုကာ ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

မောင်းသူမဲ့ ထရပ်ကားများတွင် ကြိုတင် လမ်းကြောင်း ထည့်သွင်းထားသည့် ပရိုဂရမ်စနစ်ကို အသုံးပြုပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံ၌ အများပြည်သူသုံး ဘတ်စ်ကားများကို မောင်းသူမဲ့ကားများအဖြစ် အသုံးပြုနိုင်ရန်အတွက် GPS စနစ်များ တပ်ဆင်ရန် စီစဉ်လျက်ရှိကြောင်း Katoen Natie က ပြောကြားသည်။

ယခုအခါ Katoen Natie စင်ကာပူလုပ်ငန်း ကုမ္ပဏီသည် သယ်ယူပို့ဆောင်ရေး ဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး အများ ပြည်သူလမ်းမများပေါ်တွင် မောင်းသူမဲ့ ထရပ်ကားများကို ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိသည်။

စင်ကာပူနိုင်ငံတွင် မောင်းသူမဲ့ ထရပ်ကားများကို အသုံးပြုရန်စီစဉ်နေခြင်းမှာ လူ့စွမ်းအားရင်းမြစ်များကို လုံးဝ ဖယ်ရှားရန် မရည်ရွယ်သေးကြောင်း နည်းပညာ စွမ်းရည်နှင့် လုပ်ဆောင်နိုင်စွမ်းများကို စမ်းသပ်နေခြင်းသာဖြစ်ကြောင်း Katoen Natie စင်ကာပူ လုပ်ငန်းမှ စီအီးအို မစ္စတာကာဒန်က ပြောကြားသည်။                                                                                                          
E-01


  • VIA