News

POST TYPE

IT

တရုတ်နိုင်ငံတွင် ပြည်သူများကို ရုပ်ဖြင့်သာမက အသံကိုပါ ထောက်လှမ်းမည့်နည်းလမ်းများ လုပ်ဆောင်
25-Oct-2017

ဝါရှင်တန်၊ အောက်တိုဘာ ၂၄

တရုတ်အစိုးရသည် အသံနမူနာပေါင်းများစွာကို စုဆောင်းနေပြီး၊ အမျိုးသားအသံစုဆောင်းမှုအစီအစဉ်ဖြင့် ဒေတာဘေ့စ် တစ်ခုတည်ဆောက်ကာ ရုပ်ထောက်လှမ်းခြင်းသာမက၊ အသံကိုပါ ထောက်လှမ်းနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း Human Rights Watch အဖွဲ့၏ အစီရင်ခံစာကို Time သတင်းတွင် ဖော်ပြထားသည်။

ထိုအစီအစဉ်သည် နိုင်ငံအတွင်းရှိ ပြည်သူများ၏ဖုန်းများဖြင့် ပြောဆိုနေမှုများကို ထောက်လှမ်းမည့် အစီအစဉ် တစ်စိတ်တပိုင်းဖြစ်ပြီး အစိုးရအနေနှင့် ငွေကုန်ကြေးကျ များစွာခံကာ လုပ်ဆောင်နေသည့် အစီအစဉ် တစ်ခုဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

တရုတ်နိုင်ငံတွင် ဖုန်းဖြင့်ပြောဆိုနေသည့် အသံများကို ထောက်လှမ်းမည့်စနစ်အား အကောင်အထည် ဖော်ပေးနေသည့် ကုမ္ပဏီမှာ iFlytech ဖြစ်ပြီး လက်ဗွေရာကိုလည်းကောင်း၊ DNA နမူနာဖြင့် စစ်ဆေးခြင်းဖြင့်လည်းကောင်း တရုတ်ပြည်အတွက် ဆောင်ရွက်ပေးနေပြီး ပြည်သူပေါင်းများစွာ၏ ဒေတာပေါင်းများစွာကို စုစည်းသိမ်းဆည်းထားကြောင်း Time တွင် ရေးသားထားသည်။

Biometric မှတ်တမ်းတင်စနစ်ကို ဂျပန်နိုင်ငံတွင်လည်း အသုံးပြုနေပြီး လက်ဗွေစနစ်ဖြင့် နိုင်ငံခြားသားများကို စစ်ဆေးကာ ပြည်တွင်း၌ သောင်းကျန်းသူ အဖျက်သမား မဝင်နိုင်ရေးအတွက် လေဆိပ်များတွင် ဆောင်ရွက်လျက်ရှိသည်။ 

တရုတ်နိုင်ငံတွင် ယခုအခါ လူဦးရေ သန်း ၄၀ ခန့်၏ DNA ကိုလည်းကောင်း၊ မျက်နှာပြင်သန်း ၁၀ဝ၀ ခန့်ကိုလည်းကောင်း ရဲတပ်ဖွဲ့ဝင်များသည် ဒေတာဘေ့စ် တည်ဆောက်ကာ မှတ်တမ်း ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် အသံမှတ်တမ်းတင် အသိအမှတ်ပြုစနစ်ကို ၂၀၁၂ ခုနှစ်ကတည်းက စတင် ဆောင်ရွက်နေခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် အသံအမျိုးအစားပေါင်း ၇၀ဝဝဝ ခန့်ကို ရှေ့ပြေးအနေနှင့် တိုက်ဆိုင် စစ်ဆေးနိုင်ရန် ထုတ်ပြန်နိုင်ခဲ့သည်။

အသံဖြင့် ထောက်လှမ်းနိုင်မည့်စနစ်အတွက် တိုင်းရင်းသား မျိုးနွယ်စုဝင် ၁၁ သန်းခန့်၏ အသံများကိုလည်း မှတ်တမ်း တင်နိုင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များသည် အသံကို စစ်ဆေးခြင်းဖြင့် ရာဇဝတ်မှုများကို ဖော်ထုတ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း Time တွင် ရေးသားထားသည်။

E-01


  • VIA