News

POST TYPE

IT

အမျိုးသမီး ဟက်ကာသွန်ပြိုင်ပွဲ ဆန်ဟိုဆေတွင် ကျင်းပ
25-Oct-2017

ဆန်ဟိုဆေ၊ အောက်တိုဘာ ၂၄

အမေရိကအလယ်ပိုင်း မက္ကဆီကိုနှင့် ဒိုမီနီကန်သမ္မတနိုင်ငံများမှ အမျိုးသမီး ကွန်ပျူတာပညာရှင် ၂၀ဝ ကျော်တို့သည် ဆန်ဟိုဆေမြို့တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် အမေရိက အလယ်ပိုင်း အမျိုးသမီး ဟက်ကာသွန်ပြိုင်ပွဲ (Central American Women’s Hackathon) ကို အောက်တိုဘာ ၂၃ ရက်နေ့က ပါဝင် ဆင်နွှဲခဲ့ကြကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်နေ့က စတင် ကျင်းပခဲ့ပြီး အမျိုးသမီး ကွန်ပျူတာ ပညာရှင်များသည် ၂၃ ရက်နေ့အထိ သုံးရက်တိုင် ဆန်ဟိုဆေမြို့ရှိ Costa Rican Technological Institute (TEC) တက္ကသိုလ်တွင် ယှဉ်ပြိုင်ခဲ့ကြကြောင်း ယင်းသတင်းကဆိုသည်။

ပြိုင်ပွဲတွင် (30-hour Adventure) အနေနှင့် အဖွဲ့လိုက် ယှဉ်ပြိုင်ကြရခြင်းဖြစ်ပြီး ပေးထားသည့် ခေါင်းစဉ်မှာ (Urban Sustainability) ဖြစ်သည်။

အမျိုးသမီး ပညာရှင်အဖွဲ့များသည် နာရီပေါင်း ၃၀ ကန့်သတ်ထားသည့် အချိန်အတွင်း မြို့ပြများတွင် မိုဘိုင်းလ်ဖုန်းကို အသုံးပြုခြင်းဖြင့် အများပြည်သူတို့ သွားလာသည့်နေရာများတွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို နည်းပညာဖြင့် မည်သို့ဆောင်ရွက်နိုင်မည်နည်း ဆိုသည့်အချက်များကို ပူးပေါင်းပြီး အဖြေထုတ်ပြရခြင်းဖြစ်သည်။

ထိုပြိုင်ပွဲကို Inter-American Development Bank နှင့် Sulá Batsú Cooperative ကုမ္ပဏီများက အထောက်အပံ့ အကူအညီပေးကာ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး MIT Media Lab ကလည်း ပူးပေါင်း ပါဝင်ခဲ့သည်။

ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် Costa Rica USA Foundation for Cooperation,UN Development Programme, the Ministry of Science, Technology and Telecommunications, TEC, Universidad Cenfotec, Universidad Hispanoamericana and the Center for Urban Sustainabilit တို့ကလည်း ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် အကူအညီများ ပေးခဲ့ကြောင်း AFP သတင်းတွင် ရေးသားထားသည်။

Hackathon ဆိုသည်မှာ ပရိုဂရမ်ရေးသားသူ ပရိုဂရမ်မာများ စုဝေးပြီး၊ ဆော့ဖ်ဝဲဒီဇိုင်း တစ်ခုခုကို ဖန်တီးထုတ်လုပ်ကြခြင်း ဆိုသည့် အဓိပ္ပာယ်ဖြင့် သုံးစွဲခဲ့ကြသည်။

အမေရိကအလယ်ပိုင်းတွင် ပထမဆုံး ဤပွဲကို ကျင်းပပေးရခြင်းမှာ နည်းပညာတွင် အမျိုးသမီးများ၏ ဦးဆောင်မှု အခန်းကဏ္ဍကို တိုးမြှင့်ပေးလိုသောကြောင့်ဖြစ်ကြောင်း၊ အနာဂတ်တွင် အိုင်တီနည်းပညာ တီထွင်မှုဖြင့် အမျိုးသမီးများ၏ လုံခြုံအေးချမ်း၊ သာယာသည့်ဘဝကို ပေါ်ထွန်းလာစေရေးအတွက် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း အစီအစဉ် ကျင်းပရေးကော်မတီက ပြောကြားသည်။

E-01


  • VIA