News

POST TYPE

IT

မူလတန်းကလေးငယ်များအတွက် Kid's World မိုဘိုင်းလ် App ရေးသားသူများနှင့်တွေ့ဆုံခြင်း
24-Oct-2017 tagged as

ပြည်တွင်း ကွန်ပျူတာ တက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များမှ ကျောင်းသား လူငယ်များက နည်းပညာ တီထွင်မှုများကို ကြိုးစားပြုလုပ်နေသည်။ မိုဘိုင်းလ်ဖုန်းနည်းပညာများဖြစ်သည့် မိုဘိုင်းလ် App များကိုလည်း ကျောင်းသား လူငယ်များက ကြိုးစားရေးသားနေကြသည်။ ဌာနဆိုင်ရာသုံး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းညွှန်၊ ဂိမ်း စသည့် မိုဘိုင်းလ် App များကိုလည်း အပြိုင်အဆိုင် ရေးသားနေသည်။ ယင်းသို့ တီထွင်မှုများ ပြုလုပ်နေချိန်တွင် ကလေးငယ်များအတွက် သင်ကြားမှု အထောက်အကူပြု Kid's World အမည်ရှိ မိုဘိုင်းလ် App ကို ရေးသားခဲ့သည့် ကွန်ပျူတာ တက္ကသိုလ်(တောင်ငူ)မှ ကျောင်းသား၊ ကျောင်းသူများကို ၎င်းတို့၏ အတွေ့အကြုံများ၊ မိုဘိုင်းလ် App အကြောင်းနှင့် အခက်အခဲများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : KW မိုဘိုင်းလ် App က ကွန်ပျူတာ တက္ကသိုလ်မှာပြုလုပ်တဲ့ တီထွင်မှုစွမ်းရည်ပြပွဲမှာ အကောင်းဆုံး မိုဘိုင်းလ် App ဆုနဲ့ တက်ရောက်လာသူတွေ ရွေးချယ်တဲ့ မိုဘိုင်းလ် App ဆုရခဲ့တယ်လို့ သိထားတယ်ဗျ။ ဒီ App ကို စပြီး မိတ်ဆက်ပေးပါဦး။
KW : ကျွန်တော်တို့ Application အမည်က ပျော်ရွှင်လေ့လာ ကလေးတို့ကမ္ဘာ KW Mobile Apllication ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ Application ကို KG တန်းက ကလေးတွေနဲ့ မူလတန်းကလေးတွေ အသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ရေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ App မှာ အပိုင်း (၆) ပိုင်း ပါပါတယ်။ ပုံဆွဲ လေ့ကျင့်နိုင်မယ်၊ ပုံလေးတွေကို ဆေးရောင်ခြယ်နိုင်မယ်။ ကလေးတွေဉာဏ်ရည် ဖွံ့ဖြိုးမှုအတွက် သင်္ချာဉာဏ်စမ်းလေးတွေ ထည့်သွင်းပေးထားပါတယ်။ ကလေးပျော်ရွှင်ဖို့အတွက် ကဗျာ၊ သီချင်းတွေလည်း ပါဝင်ပါတယ်။ ပတ္တလား၊ ကီးဘုတ်၊ ဒရမ် စသော တူရိယာများ တီးခတ်နိုင်မယ်။ ကလေးတွေအတွက် ပျော်ရွှင်ဖွယ်ရာ အရုပ်ဆက်ခြင်းနဲ့ ဂိမ်းကစားနည်းတွေလည်း ပါဝင်ပါတယ်။ မြန်မာအက္ခရာ၊ အင်္ဂလိပ် အက္ခရာတွေကို ဖုန်းပေါ်မှ ရေးသား လေ့ကျင့်နိုင်ပါတယ်။

Voice : ကလေးတွေ အတွက်ကို ရည်ရွယ်ပြီး မိုဘိုင်းလ် App တစ်ခု ထုတ်ပေးချင်တဲ့ ရည်ရွယ်ချက်ကရော။
KW : ကလေးလေးတွေဆိုတာက ဒီအချိန် သူတို့အတွက် ကောင်းတဲ့ အလေ့အထေတွေကို သင်ယူသင့် တဲ့အချိန်ပါ။ ဒါကြောင့် သူတို့တွေ အလွယ်တကူ လေ့လာလို့ရအောင်၊ သင်ယူလို့ရအောင် ရည်ရွယ်ပြီး ထုတ်ဖြစ်တာပါ။

Voice : ဒီ KW ကနေပြီး ကလေးတွေရဲ့ သင်ကြား မှု၊ သင်ယူမှုနဲ့ သူတို့ရဲ့ ဉာဏ်စွမ်းရည်ဖွံ့ဖြိုးမှုကို ဘယ်လောက်အထိ အထောက်အပံ့ ပေးနိုင်မလဲ။
KW : ကျွန်တော်တို့ Application ကနေ ကလေးတွေအတွက် သူတို့ အသုံးပြုပြီးပြီဆိုရင် နောက်ပိုင်း တကယ့်အပြင်မှာပါ စာလုပ်ချင်စိတ်တွေ ဖြစ်ပေါ်လာမယ်။ သင်္ချာဆိုရင် သူတို့ကျောင်းသင်ခန်းစာမှာတောင် လက်တွေ့ အသုံးချလာနိုင်မယ်။

ပြီးတော့ အနုပညာ ဝါသနာပါတဲ့ ကလေးတွေဆိုရင် သူတိုဝါသနာ ပန်းချီ၊ ဂီတ စတဲ့ အနုပညာတွေကို တကယ် လက်တွေ့ အကောင်အထည်ဖော်လာနိုင်မယ်။ ဒီ Application ကို အသုံးပြုခြင်းဖြင့် ကလေးတွေရဲ့ သင်ကြားမှု၊ သင်ယူမှုနဲ့ သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်စွမ်းတွေ တိုးတက်လာပါလိမ့်မယ်။

Voice : ရှေ့မှာ ပြောခဲ့လို့ App မှာပါဝင်တဲ့ ကဏ္ဍ ၆ ခုကိုတော့ သိရပါပြီ။ ဒီကဏ္ဍ ၆ ခုရဲ့ အသေးစိတ် လုပ်ဆောင်နိုင်တာလေးတွေကို ပြောပြပေးပါဗျ။
KW : KG တောင်မရောက်သေးတဲ့ ကလေးတွေအတွက်ဆို အရောင်လေးတွေကို ခွဲခြားပြမယ်။ နောက်ပြီး မြန်မာအသံပါထွက်ပြီး ဆိုပြထားပါတယ်။ ကလေးတွေ သူတို့လက်ကလေးတွေ လှုပ်နိုင်တာနဲ့ ပုံတွေ သူတို့စိတ်ကြိုက် ဆွဲနိုင်မယ်။ အရောင်တွေ ခြယ်နိုင်မယ်။ သင်္ချာနဲ့ပတ်သက်တာကတော့ အရေအတွက် အခြေခံလေးတွေ ပြီးတော့ အဲ့ဒါတွေ သိလာရင် ပေါင်းနုတ် သင်ပေးမယ်။ ပြီးတော့ က၊ ခတွေ၊ A, B, C တွေ စတာလည်း ရေးနိုင်မယ်။ ကလေး ကဗျာတွေလည်းပါ ပါသေးတယ်။ မြန်မာ၊ အင်္ဂလိပ်၊ ပုံပြင်တွေလည်း နားထောင်လို့ ရနိုင်တယ်။ အဲ့လိုမျိုး လုပ်ထားပေးတဲ့အတွက် သူတို့ဟာ သင်္ချာဂဏန်းတွေ သိနေတာမျိုး၊ ကဗျာလေးတွေ ဆိုတတ်တာမျိုး၊ အရောင်တွေ ခွဲခြားသိနိုင်တာမျိုးတွေ လုပ်နိုင်လာပါလိမ့်မယ်။

Voice : ကလေးတွေအတွက် KG တန်းနဲ့ မူလတန်းအရွယ်က စမတ်ဖုန်းသုံးဖို့ မစောဘူးလား။ ဘယ်လို သက်ရောက်မှု ရှိစေနိုင်မလဲဗျ။ တချို့မိဘတွေလည်း မျက်လုံး ထိခိုက်နိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိတာကိုး။
KW : စမတ်ဖုန်းသုံးဖို့က သိပ်မစောဘူးလို့တော့ ထင်ပါတယ်။ ပြီးတော့ ဘယ်အရွယ်တွေမှာ စမတ်ဖုန်း သုံးရမယ်ဆိုတဲ့ စံသတ်မှတ်ချက် ရှိပါတယ်။ မိဘတွေ အနေနဲ့လည်း ဒါကို သိထားသင့်ပါတယ်။ ကလေးဆိုတာကတော့ ဖုန်းတွေ့ရင် ကိုင်ချင်မယ် ပူဆာနေတာပဲ။ သူက ဆော့စရာမြင်ရင် ဆော့ချင်မှာပဲလေ။ အခြား အကျိုးမရှိမယ့်ဟာတွေ ဆော့နေမယ့်အစား ဒီလိုမျိုး စာတွေလည်း ရေးလို့ရမယ်၊ ပုံတွေလည်း ဆွဲလို့ရမယ်။ အနုပညာ စိတ်ဝင်စားတဲ့ ကလေးဆို ဒရမ်တောင် တီးလို့ ရပါသေးတယ်။ အဲ့ဒါကြောင့် သူတို့ကို အကျိုးရှိစေမယ်ထင်တဲ့ App လေး လုပ်ဖြစ်သွားတာပေါ့။

မိဘတွေဘက်က ကလေးတွေ ကျန်းမာရေးအတွက် စိုးရိမ်တယ်ဆိုရင် ကလေးတွေကို သုံးရမယ့်အချိန်ရယ်၊ အချိန် အကြာကြီး အသုံးမပြုဖို့ သေချာမှာထားပြီး ပြောပြပေးထားဖို့ လိုအပ်ပါတယ်။

Voice : ကျောင်းက လုပ်တဲ့ပြပွဲမှာ ဝင်ပြနိုင်ဖို့အတွက်ရော ဘယ်လို အခက်အခဲတွေ ရှိခဲ့သလဲ။
KW : ကျောင်းကပြပွဲတွေမှာ ဝင်ပြနိုင်ဖို့အတွက် ကျွန်တော်တို့ တီထွင်မှုတွေက အမှန်တကယ် ပြင်ပမှာ အသုံးဝင်နိုင်အောင် ကြိုးစားရပါတယ်။ သုံးတဲ့ကလေးတွေ လွယ်လွယ်နဲ့ နားလည်နိုင်အောင် ဘယ်လိုရေးရမလဲဆိုတာ နည်းလမ်း အမျိုးမျိုး စဉ်းစားရပါတယ်။ပြီးတော့ ဒီ Project ကို ကောင်းကောင်းနဲ့ ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်ဖို အချိန်မီ ပြီးအောင်လည်း ကြိုးစားရပါတယ်။

Voice : နယ်တွေမှာက အများစု ပြောကြတာတော့ အင်တာနက် အခက်အခဲပေါ့။ ဒါတွေက ညီလေးတို့ အတွေ့အကြုံအရ ဘယ်လို အခြေအနေရှိသလဲ။
KW : အင်တာနက် အခက်အခဲကတော့ ခုဆိုရင် သိပ်မရှိတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူတွေ သုံးနိုင်အောင် Wifi အခမဲ့ ပေးထားပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာကျောင်းသား၊ ကျောင်းသူတိုင်းအတွက် အင်တာနက်က မရှိမဖြစ် အမှန်တကယ် လိုအပ်တဲ့အရာပါ။ ဒါကြောင့် တာဝန်ရှိသူတွေက ကျွန်တော်တို့ ကျောင်းသားတိုင်းကို အင်တာနက် အခမဲ့လိုမျိုး အသုံးပြုနိုင်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားတွေဘက်ကလည်း အမှန်တကယ် အကျိုးရှိမယ့်နေရာတွေမှာ အသုံးချဖို့ လိုအပ်ပါတယ်။ အဲ့ဒါဆိုရင် ကျွန်တော်တို့ Project လုပ်တဲ့အခါ မသိတာတွေကို Online မှာ မြန်မြန် ရှာဖွေနိုင်ပါတယ်။

Voice : ကွန်ပျူတာတက္ကသိုလ် တောင်ငူ နည်းပညာ တီထွင်မှုပြပွဲမှာ ပြခဲ့တဲ့ထုတ်ကုန်တွေ အများစုက တောင်ငူဒေသအတွက် အထောက်အပံ့ပေးမယ့် ထုတ်ကုန်တွေ အများဆုံးပါပဲ။ ဒီထဲကနေ ကွဲထွက်နေတဲ့ App တစ်ခုကို ပြဖို့အတွက် လိုအပ်တဲ့အချက်အလက်တွေကို ဘယ်လိုစုစည်းခဲ့သလဲ။
KW : အရင်ဆုံး ကျွန်တော်တို့က တခြား Application တွေနဲ့ မတူတဲ့ခေါင်းစဉ်တစ်ခုကို အရင် စဉ်းစားရပါတယ်။ ခေါင်းစဉ်ရပြီဆိုရင် ကျွန်တော်တို့ လိုအပ်တဲ့ အချက်အလက်တွေကို ဘယ်နေရာတွေမှာ ရနိုင်လဲ စဉ်းစားရပါတယ်။ ကျွန်တော်တို့ Application က ကလေးလေးတွေအတွက် ရည်ရွယ်ပြီး ရေးထားတာဆိုတော့ ကလေးတွေကို လိုက်မေးရပါတယ်။ သူတို့တွေ ဖုန်းမှာ အသုံးပြုချင်တာလေးတွေကို မေးပြီး အချက်အလက်တွေကို စုစည်းခဲ့ရပါတယ်။

ပြီးတော့ သူတို့မိဘတွေကိုလည်း မေးမြန်းရပါတယ်။ ကလေးတွေအတွက် တကယ် အသုံးဝင်ပြီး သူတို့ အကျိုးရှိမယ့် ဘယ်အရာလေးတွေကို ထည့်သင့်လဲဆိုတာကို အသေးစိတ် မေးမြန်းခဲ့ရပါတယ်။

Voice : အဖွဲ့လိုက် လုပ်ဆောင်ရတဲ့ အတွေ့အကြုံကိုလည်း နည်းနည်း မျှဝေပေးပါဦး။ တစ်ဦးချင်းလုပ်တာနဲ့ အဖွဲ့လိုက် စုစည်းလုပ်ဆောင်တာက ဘယ်လိုကွာဟမှုရှိမလဲ။
KW : အဖွဲ့လိုက်လုပ်ရတာက တစ်ဦးတည်း လုပ်ဆောင်ရတာထက် ပိုကောင်းပါတယ်။ ဘာလိုလဲဆိုတော့ တစ်ဦးနဲ့တစ်ဦးက စဉ်းစားပုံလေးတွေက မတူညီပါဘူး။ ဒါကြောင့် Application ရေးတဲ့အခါ အချက်အလက် အသစ်အဆန်းလေးတွေ များများ ထည့်နိုင်ပါတယ်။ တစ်ဦးတည်း လုပ်တဲ့အခါ အချိန် အခက်အခဲတို့၊ အချက်အလက် ကောက်တဲ့အခါမှလည်း တစ်ဦးတည်း ကောက်တာထက် ပိုမိုမြန်ဆန်စေပါတယ်။

Voice : အစ်ကိုသိထားတာက ကျောင်းကနေ အလုပ်သင်အဖြစ် လွှတ်ပေးတယ်။ အဲ့ဒီကနေ ပြီးလာတဲ့အခါ ဒီလိုထုတ်ကုန်တွေကို ပြသနိုင်အောင် ကျောင်းက ပွဲကျင်းပပေးတယ်ပေါ့။ ဒီအတွေ့အကြုံတွေလည်း မျှဝေပါဦး။
KW : ကျွန်တော်တို့က ကျောင်းမှာ စာတွေ့ကော၊ လက်တွေ့ကော သင်ကြားရပါတယ်။ ဒါတွေကို တကယ့် လက်တွေ့မှာ အသုံးချနိုင်ဖို့ ကြိုးစားရပါတယ်။ တကယ့် လက်တွေ့မှာ ဘယ်သူတွေ ဘာတွေလုပ်နေလဲဆိုတာကိုသိအောင် အလုပ်သင်အနေနဲ့ သွားရောက် လေ့လာရပါတယ်။ လေ့လာတဲ့အခါမှာလည်း သေချာဂရုတစိုက်နဲ့ မှတ်သားသင့်တာတွေ မှတ်သားပြီး သင်ယူသင့်တာတွေကိုလည်း သင်ခဲ့ရပါတယ်။

Voice : နောက်ဆုံးအနေနဲ့ တခြားနည်းပညာ တီထွင်မှုတွေ လုပ်နေတဲ့သူတွေကိုရော ဘာတွေမျှဝေချင်လဲ။ ဝေဖန်မှုတွေလည်း အမျိုးမျိုး ကြုံရတာတွေလည်းရှိမယ်။ ဒီအပေါ်မှာရော ဘယ်လို သဘောထားသလဲ။
KW : ဟုတ်ကဲ့ တခြား နည်းပညာ တီထွင်မှုတွေ လုပ်နေတဲ့ ညီအစ်ကို၊ မောင်နှမတွေလည်း မိမိလုပ်နေတဲ့ Project အပေါ် ယုံကြည်ချက်ထားပါ။ ကိုယ် အခု လုပ်နေတဲ့ Project က မအောင်မြင်ဘူးဆိုရင်တောင် စိတ်ဓာတ်မကျပါနဲ့။ ဆက်လက် လုပ်ဆောင်သွားပါ။ ဘာလို့လဲဆိုတော့ အရင်လုပ်ခဲ့တဲ့ Project  တွေက နောက် Project အတွက် အထောက်အကူပြုပါတယ်။ နောက်ပိုင်း ပိုကောင်းတဲ့ Project  တွေကို စဉ်းစားတွေးခေါ်တတ်လာမယ်။ မိမိရဲ့ အရည်အချင်းတွေလည်း သိသိသာသာ မြင့်တက်လာတာကို တွေ့လာပါလိမ့်မယ်။ ဝေဖန်မှုတွေကတော့ ဘာပဲလုပ်လုပ် နေရာတိုင်းမှာ ရှိပါတယ်။ အဲ့ဒါကို ကိုယ်က အကောင်းမြင်တတ်ဖို့ပါပဲ။ သူတို့တွေဝေဖန်တဲ့အတွက် ကိုယ်မှားနေရင်လည်း မှန်အောင် ပြန်လုပ်နိုင်မယ်။ ကိုယ်မှန်နေရင်လည်း ဒီထက်ပိုကောင်းအောင် လုပ်နိုင်တဲ့အတွက် ဝေဖန် အကြံပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

မောင်မန်း

  • VIA
  • TAGS