News

POST TYPE

IT

မိုဘိုင်းလ်နည်းပညာ တော်လှန်ရေးတွင် တရုတ်ဦးဆောင်
23-Oct-2017

ဘေကျင်း၊ အောက်တိုဘာ ၂၂

တရုတ်နိုင်ငံသည် လာမည့် ၂၀၂၃ ခုနှစ်တွင် 5G ကွန်ရက်ဆက်သွယ်ရေးစနစ်ကို လူသန်း ၁၀ဝ၀ အသုံးပြုနိုင်ရန်စီစဉ်နေပြီး၊ ၂၀၂၂ တွင် မိုဘိုင်းလ်ဆက်သွယ်ရး စနစ်ဖြစ်သည့် 5G ကို သန်း ၅၀ဝ အထိ တိုးမြှင့်သုံးစွဲနိုင်စေရန် စီစဉ်နေသောကြောင့် မိုဘိုင်းလ်နည်းပညာ တော်လှန်ရေးတွင် ကမ္ဘာ့ရှေ့ဆောင်နိုင်ငံ တစ်နိုင်ငံဖြစ်လာကြောင်း CSS Insights  သတင်းတွင် ဖော်ပြထားသည်။

5G နည်းပညာစနစ်ကို ဆက်သွယ်ရေးစနစ်တွင် တိုးမြှင့်သုံးစွဲနိုင်စေရန် ဂျပန်နှင့် အမေရိကတို့က ကြိုးစားနေကြသော်လည်း 5G တော်လှန်ရေးတွင် တရုတ်တို့ကသာ ထိပ်တန်း ရောက်သွားနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။

အောက်တိုဘာ နောက်ဆုံးပတ်တွင် ထုတ်ပြန်သည့် CSS Insights သတင်းတွင် ကမ္ဘာ့ 5G ဆက်သွယ်ရေးစနစ်သုံးစွဲမှု၏ ၄၀ ရာခိုင်နှုန်းခန့်ကို တရုတ်တို့က စိုးမိုးထိန်းချုပ်ထားနိုင်ကြောင်း ဖော်ပြထားသည်။ 

တရုတ်နိုင်ငံအနေနှင့် 5G ကို သိမ်းပိုက် စိုးမိုးနိုင်ရေးသည် နိုင်ငံရေးနှင့်လည်း ပတ်သက်နေကြောင်း၊ နိုင်ငံခေါင်းဆောင်များ ကိုယ်တိုင်က နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးထားပြီး ဒေသအတွင်းရှိ Huawei ကုမ္ပဏီ၏ တီထွင် ဖန်တီးနေမှုများကိုလည်း မျက်နှာသာပေးထားသဖြင့် လက်ရှိ 4G စနစ်ဖြင့် သုံးစွဲနေမှုများကို မကြာမီ ကျော်ဖြတ်သွားမည်ဟု မျှော်လင့်ကြောင်း CNBC သတင်းတွင်လည်း ရေးသားထားသည်။ 

ယခုအခါ 5G ကွန်ရက် ဆက်သွယ် အသုံးပြုနိုင်ရေးကို တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကတို့ကလည်း အပြိုင် ကြိုးစားနေကြပြီး ဥရောပတွင် တစ်နှစ်ခန့် နောက်ကျကျန်နေလိမ့်ဦးမည်ဟု CSS Insights က ခန့်မှန်းထားသည်။

5G ကွန်ရက်ကို ဖြန့်ကြက် အသုံးပြုနိုင်ရေးအတွက် စခန်းများ တိုးချဲ့ခြင်း၊ ဖုန်းများ အဆင့်မြှင့်ခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်သော်လည်း တရုတ်နိုင်ငံအတွင်း မည်သူတို့ကို လုပ်ပိုင်ခွင့်ပေးပြီး၊ မည်သည့် အဖွဲ့အစည်းများက ဦးဆောင် လုပ်မည်ဆိုခြင်းကို ပွင့်လင်းစွာ ထုတ်ဖော်ခြင်း မရှိပေ။

ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံကဲ့သို့ 5G ကွန်ရက်ချိတ်ဆက် အသုံးပြုနိုင်ရေးကို အပြိုင်ကြိုးစားလျက်ရှိရာ အမေရိကတွင် AT&T နှင့် Nokia ကုမ္ပဏီတို့က ဧပြီလကတည်းက စတင် ဆောင်ရွက်နေပြီး၊ 5G နည်းပညာကို ဆောင်ရွက်နေသည့် ကုမ္ပဏီများထဲတွင် Qualcomm Technologies သည် အအောင်မြင်ဆုံးနှင့် စောင့်ကြည့်လေ့လာခြင်း အခံရဆုံး ကုမ္ပဏီတစ်ခုဖြစ်ကြောင်း CNBC သတင်းတွင် ရေးသားထားသည်။


  • VIA