News

POST TYPE

IT

အသက် ၁၁ နှစ်သမီး ခဲဆိပ် ထောက်လှမ်းသည့် ကိရိယာတီထွင်
23-Oct-2017

မစ်ချီဂန်၊ အောက်တိုဘာ ၂၂

အမေရိကန်ပြည်ထောင်စု၊ မစ်ချီဂန်ပြည်နယ်၊ ဖလင့်မြို့တွင် သောက်သုံးရေများထဲ၌ ခဲဆိပ်များ ပါဝင်လာမှုကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခဲ့ပြီးနောက် အသက် ၁၁ နှစ်သမီး ကျောင်းသူလေးတစ်ဦးက ရေထဲတွင် ခဲဆိပ်များ ပါဝင်မှု ရှိ၊ မရှိကို အလွယ်တကူ ထောက်လှမ်းနိုင်သည့် ကိရိယာတစ်မျိုးကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း Business Insider သတင်းတွင် ဖော်ပြထားသည်။

၇ တန်းအဆင့်တွင် ကျောင်းတက်နေသည့် ဂီတန်ဂျလီ ရောင်းဆိုသည့် ကလေးမလေးသည် လွန်ခဲ့သည့် ၂ နှစ် ခန့်က ခဲဆိပ်ပြဿနာ ပေါ်ပြီးနောက် မိမိနေထိုင်သည့်အိမ်တွင် အန္တရာယ်ကင်းရေးအတွက် ကိုယ်တိုင်တီထွင်မှုတစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

မိဘများက ခဲဆိပ်သင့်ခြင်းကို စမ်းသပ်သည့် ပစ္စည်းတစ်ခု ဝယ်လာခဲ့သော်လည်း အပြည့်အဝ စိတ်ချရသည့် အနေအထားကို မတွေ့ရသောကြောင့် သူ့ကိုယ်ပိုင် တီထွင်မှုတစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ABC သတင်းတွင်လည်း ရေးသားထားသည်။

ရောင်းသည် သူတီထွင်ချင်သည့် ပစ္စည်းကိရိယာနှင့် ပတ်သက်ပြီး MIT အဖွဲ့က အွန်လိုင်းပေါ်တင်ထားသော Website တစ်ခု ဖြစ်သည့် Materials Science and Engineering ထဲသို့ ဝင်ကြည့်ပြီး လေ့လာခဲ့ကြောင်း၊ အန္တရာယ်ရှိသည့် ဓာတ်သတ္တုများကို မည်သို့ ထောက်လှမ်းနိုင်ကြောင်း လေ့လာဖတ်ရှုပြီးမှ ခဲဓာတ်ကို စမ်းသပ် သတိပေးသည့်ပစ္စည်းကို တီထွင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

မိဘများက ရောင်းကို အိမ်တွင် စမ်းသပ်ခန်းနှင့် စားပွဲတစ်လုံး ဖန်တီးပေးထားပြီး လက်တွေ့ စမ်းသပ်တီထွင်မှုများကို တီထွင်ရာတွင် သယ်ယူရ လွယ်ကူရေး၊ တန်ဖိုးနည်းစွာ ထုတ်လုပ်နိုင်ရေးနှင့် မြန်ဆန်စွာ စစ်ဆေး အဖြေရှာနိုင်ရေးကို အလေးထား လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။

ကာဘွန်နာနိုဖန်ပြွန်တစ်ခုထဲသို့ စမ်းသပ်လိုသည့်ရေကိုထည့်ပြီး ကက်ထရစ်ဘူး တစ်ခုအတွင်း၌ အီလက်ထရွန်ကို ဖြတ်သန်းစေခြင်းဖြင့် ခဲပါဝင်မှုကို အလွယ်တကူ စမ်းသပ်နိုင်ကြောင်း ရောင်းက တွေ့ရှိခဲ့သည်။

သူ၏တီထွင်နိုင်မှုကြောင့် ရောင်းသည် Discovery Education 3M Young Scientist Challenge ပြိုင်ပွဲတွင် အမေရိက၏ ထိပ်တန်းလူငယ် သိပ္ပံပညာရှင်အဖြစ် အသိအမှတ်ပြုခြင်း ခံလိုက်ရပြီး၊ ထူးခြားပြောင်မြောက်စွာ တီထွင်ဖန်တီးနိုင်မှုကြောင့် ဒေါ်လာ ၂၅၀ဝ၀ ကိုလည်း ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရသည်။ 

ရောင်းက ဆုရရှိသည့် ငွေများကို ကောလိပ်တက်ရန်အတွက် သိမ်းထားမည်ဖြစ်ကြောင်း၊ ထိုငွေထဲမှ အချို့ကို ထပ်ဆင့်တီထွင်မှုများ ပြုလုပ်ရန်အတွက် စမ်းသပ်ပစ္စည်း အနည်းငယ်ကို ဝယ်ယူရဦးမည်ဖြစ်ကြောင်း ပြောကြားသည်။


  • VIA