News

POST TYPE

IT

ဇွန်လအကုန်ပိုင်းမှာ ပြည်တွင်းဈေးကွက်ကို မိတ်ဆက်ခဲ့တဲ့ Huawei P9
12-Jul-2016
ပြည်တွင်း မိုးရာသီ စမတ်ဖုန်း ဈေးကွက်ကို အမှတ်တံဆိပ် အများအပြားက စမတ်ဖုန်းသစ်တွေ တင်သွင်း မိတ်ဆက်ပြီး ဈေးကွက်ဝေစု ရယူဖို့ ကြိုးစားလာကြပါတယ်။ ဒီအချိန်မှာ ပြည်တွင်းဈေးကွက်မှာ နာမည်ရပြီးဖြစ်တဲ့ Huawei တို့ကလည်း ထိပ်တန်း စမတ်ဖုန်း တစ်လုံးကို ဇွန်လ အကုန်ပိုင်းမှာ ဈေးကွက်တွင်းကို မိတ်ဆက်ခဲ့ပါတယ်။ Huawei ရဲ့ စမတ်ဖုန်းသစ် P9 မှာ ဘယ်လို စွမ်းဆောင်ရည်တွေ ပါဝင်လာမလဲဆိုတာ လေ့လာကြည့်ရအောင်။

မျက်နှာပြင် အရွယ်အစားနဲ့ အရည်အသွေး

မျက်နှာပြင် အရွယ်အစား ၅ ဒသမ ၂ လက်မ ရှိပါတယ်။ IPS-NEO LCD မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ မျက်နှာပြင် အရည်အသွေးက 1080 x 1920 ရှိပါတယ်။ ပုံရိပ် သိပ်သည်းဆက 423 ppi ဖြစ်တဲ့အတွက် နေရောင်အောက်မှာ အသုံးပြုမှုအတွက်လည်း ကောင်းမွန်တဲ့ ရုပ်ထွက် အရည်အသွေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ မျက်နှာပြင် အရည်အသွေးပိုင်းမှာတော့ စိတ်တိုင်းကျမှာပါ။

ကင်မရာစွမ်းဆောင်ရည်

ကင်မရာပိုင်းကို အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ဖို့အတွက် Dual 12 MP ကင်မရာကို တပ်ဆင် ပေးထားပါတယ်။ Lecia Optic, phase detection auto-focus, dual-LED စတဲ့ စွမ်းဆောင်ချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် Geo-tagging, toch focus, face/ smile detection, Panorama, HDR စတဲ့ ကင်မရာ စွမ်းဆောင်ချက် ကောင်းတွေနဲ့မို့ အသုံးပြုသူတွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ ရှေ့ကင်မရာက 8 MP ဖြစ်ပါတယ်။

ဘက်ထရီအရည်အသွေး

ဘက်ထရီက Li-ion 3000 mAh ဘက်ထရီကို အသုံးပြုထားပါတယ်။ ဘက်ထရီကို ဖြုတ်လို့တော့ရမှာ မဟုတ်ပါဘူး။ တစ်နေ့စာ အသုံးပြုမှုအတွက်တော့ လုံလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။

အခြားစွမ်းဆောင်ရည်များ

Huawei တို့က သူတို့ရဲ့ P9 ကို Android ဗားရှင်း 6.0 (Marshmallow) နဲ့ ပွဲထုတ်လာခဲ့ပါတယ်။ CPU က Quad-Core 2.5 GHz Cortex- A72 & Quad core 1.8 GHz Cortex – A53 ကို အသုံးပြုထားပါတယ်။ ဖုန်းအတွင်း သိုမှီးနိုင်မှု ပမာဏက 32 GB ဖြစ်ပါတယ်။ ဖုန်းအတွင်း သိုမှီးနိုင်မှုကို 256 GB အထိ မြှင့်တင် အသုံးပြုနိုင်ပါတယ်။ ဖုန်းအတွင်း သိုမှီးမှုကို မြှင့်တင်မယ်ဆိုရင်တော့ Sim 2 မှာ ထည့်သွင်း အသုံးပြုရမှာ ဖြစ်တဲ့အတွက် ဆင်းမ်ကတ် နှစ်ကတ် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ သိုမှီးမှုကို ထပ် မထည့်ဘူးဆိုရင်တော့ ဆင်းမ်ကတ် နှစ်ကတ် အသုံးပြုနိုင်မှာပါ။ 32 GB ပါဝင်တယ်ဆိုတော့ ဒီအတိုင်း သုံးမယ်ဆိုလည်း လုံလောက်တဲ့ ပမာဏပါ။ အာရုံခံစနစ်တွေ အနေနဲ့ Accelerometer, Gyro, Proximity, Compass စတဲ့စနစ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် လုံခြုံရေးစနစ် အနေနဲ့ လက်ဗွေလုံခြုံရေး စနစ် ပါဝင်ပါတယ်။ Blutooth, NFC, USB စတဲ့ နည်းပညာတွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။

ဈေးနှုန်းအနေနဲ့ ကျပ် ၅၅၉,ဝဝဝ သတ်မှတ်ထားပါတယ်။ Huawei ဟာ ပြည်တွင်းဈေးကွက်မှာ ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းတွေနဲ့ ဈေးကွက်ဝေစုကို ချုပ်ကိုင်ထားနိုင်တဲ့အပြင် ထိပ်တန်းစမတ် ဖုန်းတွေနဲ့လည်း ဈေးကွက်ကို ထိုးဖောက်နေပါတယ်။ Huawei P9 က ပေးရတဲ့ ဈေးနှုန်းအပေါ်မှာ သင့်တော်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ပြည်တွင်းဈေးကွက်မှာ ၂ဝ၁၆ ရဲ့ မိုးရာသီဈေးကွက်ကို ဘယ်လောက်အထိ ရယူသွားနိုင်မလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


  • VIA