News

POST TYPE

IT

အမြင့် ၇ ပေကျော်သည့် စပါးပင်များ တရုတ်တီထွင်
20-Oct-2017 tagged as

ဘေဂျင်း၊ အောက်တိုဘာ ၁၉

အမြင့် ၇ ပေကျော်သည့် စပါးပင်မျိုးများကို မဟာစပါး အမည်ဖြင့် တရုတ်နိုင်ငံမှ ပညာရှင်များက အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း China’s People’s Daily Online သတင်းတွင်ဖော်ပြထားသည်။

Giant Rice စပါးမျိုးများသည် သာမန် စပါးမျိုးများထက်ပိုပြီး သန်မာထွားကျိုင်းစေရန် တီထွင်ထားပြီး အထွက်နှုန်းလည်း ကောင်းစေရန် ၁၀ နှစ်ခန့် ပျိုးထောင်ထားကြောင်း၊ အောက်တိုဘာ ၁၆ ရက်နေ့က စတင်ပြီး ဖြန့်ချိမည်ဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။ 

တရုတ်နိုင်ငံ သိပ္ပံပညာရှင်များအဖွဲ့  Institute of Subtropical Agriculture မှ ပညာရှင်များက အထူး အထွက်တိုး ရေလွတ်စပါးမျိုးများကို တီထွင်ခဲ့ခြင်းဖြစ်ပြီး ဟူနန်နယ်တွင် စမ်းသပ် စိုက်ပျိုးခဲ့ရာတွင် အထူးအတွက်တိုးပြီး အောင်မြင်စွာ ဖြစ်ထွန်းခဲ့ကြောင်း ဌငည့ကေ သတင်း တွင်လည်း ရေးသားထားသည်။ 

မဟာစပါးသည် တစ်ဟက်တာလျှင် ၁၁ ဒသမ ၅ တန်ခန့်အထိ အထွက်တိုးသဖြင့် သာမန် စပါးမျိုးများ စိုက်ပျိုးခြင်းထက် ထက်ဝက်ခန့် အထွက်တိုးအောင် ကြံဆောင် လာနိုင်ခြင်းဖြစ်ကြောင်း တီထွင်သည့်အဖွဲ့ခေါင်းဆောင် ရှာရှင်ကျိုင်းက ပြောကြားသည်။ 

စပါးတစ်နှံလျှင် အစေ့ပေါင်း ၅၀ဝ ခန့်ပါဝင်သည်အထိ သီးနှုန်းများသဖြင့် စိုက်ပျိုးရန် အထူးသင့်လျော်ကြောင်း၊ နေရာ ဒေသမရွေး ရေနက်ကွင်းများတွင်ပါ စိုက်ပျိုးဖြစ်ထွန်းသဖြင့် တရုတ်နိုင်ငံအတွင်း မဟာစပါးမျိုးများကိုသာ တိုးချဲ့စိုက်ပျိုးရန် စီစဉ်ထားကြောင်းလည်း ရှာရှင်ကျိုင်းကဆိုသည်။

တရုတ်နိုင်ငံတွင် လယ်ယာစိုက်ပျိုးသူဦးရေ နည်းပါးလာပြီး၊ လူဦးရေကလည်း အဆမတန် တိုးလာသောကြောင့် ဆန်စပါး စားသုံးမှုကို အဓိက ထားသည့်အတွက် တိုးချဲ့ မျိုးသစ်များကို စိုက်ပျိုးရန်လိုလာပြီဖြစ်သည်။

လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ၁၉၉၅ ခုနှစ်ကထက် ဆန်စပါး ၆၀ ရာခိုင်နှုန်းကျော်ကျော် ပိုထွက်စေရန် ကြံဆောင်နိုင်မှသာ ဖူလုံမည်ဖြစ်ကြောင်း၊ ယခုအခါ လယ်တစ်ဟက်တာလျှင် လူ ၂၇ ဦးစားသုံးနိုင်ရန် ထုတ်လုပ်နေရသော်လည်း လာမည့် ၂၀၅၀ ပြည့်နှစ်တွင် တစ်ဟက်တာကို လူ ၄၃ ဦးခန့် စားသုံးနိုင်သည်အထိ မတီထွင်လျှင် မဖြစ်နိုင်တော့ကြောင်း People’s Daily Online တွင်လည်း ရေးသားထားသည်။ 

တရုတ်နိုင်ငံတွင် ယင်းစပါးမျိုးကို Xiangliangyou 900 ဟု သတ်မှတ်ထားပြီး တရုတ်နိုင်ငံတွင် တီထွင်ခဲ့သမျှ ဆန်စပါးမျိုးများထဲတွင် အထွက်နှုန်း အများဆုံးဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။ 

  • VIA
  • TAGS