News

POST TYPE

IT

ဆေးရုံဆေးပေးခန်းများအတွက် Mini Freezer တီထွင်သည့် ကျောင်းသူများနှင့် တွေ့ဆုံခြင်း
17-Oct-2017 tagged as

ပြည်တွင်း၌ နည်းပညာ တီထွင်မှုများကို ကျောင်းသားလူငယ်များက လုပ်ဆောင်လျက်ရှိနေပြီး ကွန်ပျူတာ တက္ကသိုလ်များ၊ နည်းပညာ တက္ကသိုလ်များကလည်း အထောက်အပံ့များပေးကာ လက်တွေ့ဆောင်ရွက်မှုများကို တွန်းအားပေးလျက် ရှိနေသည်။ နယ်မြို့များရှိ ကျောင်းသား လူငယ်များအနေနှင့် နည်းပညာ စမ်းသပ်တီထွင်မှုများအတွက် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူရန် အခက်အခဲများ၊ အင်တာနက် ဆက်သွယ်မှု အခက်အခဲများ ရှိနေသော်လည်း ကြိုးပမ်းပြီး တီထွင်မှုများ ပြုလုပ်နေကြသည်။ ယင်းသို့ ဖန်တီးတီထွင်မှုများအနက် ဆေးရုံဆေးပေးခန်းများတွင် အသုံးပြုနိုင်မည့် Mini Freezer ကို စမ်းသပ်တီထွင်ခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)မှ ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : ပထမဆုံးအနေနဲ့ Mini Freezer ပရောဂျက်ကို လုပ်ဖြစ်တဲ့စိတ်ကူးကို ပြောပြပေးပါဗျ။ ဒီပရောဂျက်က ဘယ်လိုနေရာတွေမှာ အသုံးဝင်နိုင်မလဲ။
MF : Mini Freezer ကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဈေးနှုန်း သက်သက်သာသာနဲ့ အသုံးပြုနိုင်ဖို့ပါ။ အိမ်သုံးရုံတင်မကဘဲ ကျေးလက်ဒေသ ဆေးပေးခန်းတွေနဲ့ အခြား လိုအပ်တဲ့ဆီမှာပါ သုံးနိုင်ဖို့ ရည် ရွယ်ပါတယ်။ လက်ရှိ သုံးနေတာတွေနဲ့ယှဉ်ရင် ဈေးနှုန်း သက်သာစွာနဲ့ အသုံးပြုနိုင်ပါတယ်ရှင့်။

Voice : ဒီ Mini Freezer ကို စမ်းသပ် တီထွင်တဲ့နေရာမှာ ကုန်ကျစရိတ်ကရော ဘယ်လောက်ကုန်ကျခဲ့သလဲ။ ဒါကို လက်တွေ့ နယ်ပယ်မှာ အသုံးဝင်ဖို့ဆိုရင် ဘယ်လို အဆင့်မြှင့်တင်မှုတွေ လုပ်လို့ရဦးမလဲ။ လက်တွေ့ အသုံးချနိုင်တဲ့အဆင့်အထိ ရောက်ဖို့ဆိုရင် ကုန်ကျစရိတ်က ဘယ်လောက်လောက် ဖြစ်သွားမယ်လို့ မှန်းထားသလဲ။
MF : ဒီ Project ကို လုပ်တာဆိုရင်တော့ ကုန်ကျစရိတ် နှစ်သောင်းကျော်ကျော်လောက် ကုန်ခဲ့ပါတယ်။ အပြင် Frame ပိုင်းရော ကျန်တဲ့လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံးအတွက်ပါ။ ကုန်ကျစရိတ်တွေ အကုန်လုံးကို ကျောင်းကပဲ ထောက်ပံ့ပေးခဲ့တာပါ။

Voice : ဆေးရုံဆေးခန်းတွေမှာ အသုံးချနိုင်မယ်လို့ ဆိုထားတော့ ညီမတို့တွေ တောင်ငူဒေသက ဆေးရုံ၊ ဆေးပေးခန်းတွေကို လေ့လာကြည့်ထားသေးသလား။ အဲ့ဒီနေရာတွေမှာ ဒီလိုအအေးပေး သိုလှောင်ရမယ့် ဆေးဝါးတွေကို ဘယ်လို ထိန်းသိမ်းထားသလဲ။
MF : ဆေးရုံ ဆေးပေးခန်းတွေအထိတော့ သွားပြီး လေ့လာမကြည့်ရသေးဘူး။ ညီမတို့ ဖန်တီးထားတာက Mini Freezer ဆိုတော့ ကျေးလက်ဆေးပေးခန်းတွေက ပိုသင့်တော်ပါတယ်။ သယ်ရတာ လွယ်ကူတဲ့အတွက် ကျေးလက်ဆေးပေးခန်းတွေက ဆေးတွေကို မြို့ပေါ်မှာသွားသိမ်းဖို့ မလိုတော့ဘူး။ ဆေးပေးခန်းတွေသာမက အလှပြင်ခန်းတွေမှာလည်း Cometics တွေကို သိမ်းဆည်းနိုင်ပါတယ်။ ကားပေါ်မှာလည်း အသုံးပြုနိုင်ပါတယ်ရှင့်။

Voice : ကွန်ပျူတာ တက္ကသိုလ်(တောင်ငူ) ရဲ့ တီထွင်မှု စွမ်းရည်ပြပွဲမှာလည်း ဝင်ပြီးပြခဲ့သေးတယ်။ ဒီပရောဂျက်နဲ့ ဆုရခဲ့သေးလား။
MF : ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) တီထွင်မှုစွမ်းရည်ပြပွဲမှာလည်း ဝင်ပြိုင်ခဲ့ပါတယ်။ လူအများရဲ့ စိတ်ဝင်စားမှုကို ခံရပေမယ့် လိုအပ်ချက် အနည်းငယ် ရှိခဲ့တာကြောင့် ဆုတော့ မရခဲ့ပါဘူး။

Voice : ဒီပရောဂျက်ကို လုပ်တဲ့အခါကျတော့ ဘယ်လို အခက်အခဲတွေ ရှိခဲ့သလဲဗျ။
MF : ဒီ Project ကိုလုပ်ရတာ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ မလုပ်ခင်ကတော့ အဆင်ပြေမယ်လို့ စိတ်ထဲမှာ ထင်ခဲ့ပါတယ်။ တကယ် လုပ်တဲ့အခါကျတော့ တော်တော် ခက်ခဲခဲ့ပါတယ်။ အပြင် Frame အတွက် အထပ်သားအစတွေကို ကိုယ့်ဘာသာကိုယ်ပဲ ဖြတ်ခဲ့ကြပါတယ်။ Peliter တွေကိုကျတော့ တောင်ငူမှာ ဝယ်လို့မရလို့ ရန်ကုန်ကနေတစ်ဆင့် မှာခဲ့ရပါတယ်။ ပိုက်ဆံလွှဲပြီး နောက်ရက်ဆို ပစ္စည်း ပို့ပေးပါတယ်။ မှာတဲ့ပစ္စည်းတွေမှာ တချို့ဟာတွေက အလုပ် မလုပ်တဲ့ဟာတွေ ရှိပါတယ်။ အဲ့ဒါတွေကို နောက်တစ်ခေါက် ထပ်မှာရပါတယ်။ အချိန်ကလည်း နည်းနည်းပဲ ရတဲ့အတွက် ပြီးအောင်လို့ မနည်းကြိုစားခဲ့ရပါတယ်။

Voice : နယ်ကျောင်းတွေက ကျောင်းသားအများစုက ဒီလို Hardware ထုတ်ကုန်တွေကို စမ်းသပ်တီထွင်ဖို့အတွက်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ယူတဲ့နေရာမှာ အခက်အခဲ ရှိတယ်လို့ ပြောကြပါတယ်။ ဒီပစ္စည်းတွေ ဝယ်ယူရတဲ့ အခက်အခဲအကြောင်းလည်း ပြောပြပေးပါဦး။
MF : ဟုတ်ကဲ့ နယ်ကျောင်းတွေက ပစ္စည်းတွေကို ရန်ကုန်က မှာရပါတယ်။ မှာယူတဲ့အခါ ကိုယ်တိုင် စမ်းသပ်ပြီး ယူရတာ မဟုတ်တဲ့အတွက် ပစ္စည်း မကောင်းတာတွေ ပါလာပါတယ်။ ဥပမာ - သမီးတို့က သုံးခု သုံးမယ်ဆို လေးခုလောက် မှာပါတယ်။ ဒါပေမဲ့ နှစ်ခုလောက်က မကောင်းတဲ့အခါ အတော်ကို ဒုက္ခ ရောက်ပါတယ်။ သမီးတို့ဆို ပစ္စည်းကို နှစ်ခါ ပြန်ဝယ်ရတဲ့အထိ အခက်အခဲကြုံရပါတယ်။ ပြပွဲက နီးလာတဲ့အတွက် ပြပွဲမှာ ကိုယ့် Project မမီမှာ အတော်လေးကို စိတ်ပူခဲ့ရပါတယ်။

Voice : ကွန်ပျူတာ တက္ကသိုလ်(တောင်ငူ) ရဲ့ စိတ်အားထက်သန်တဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်သတင်းကို ကျွန်တော်တို့ ကြားရ မြင်ရပါတယ်။ ဒီတွန်းအားတွေက ကျောင်းသားတွေရဲ့ တီထွင်နိုင်မှုနဲ့ ကြိုးစားလိုမှုတွေကို ဘယ်လောက်အထိ အထောက်အပံ့ပေးခဲ့သလဲဗျ။
MF : ကွန်ပျူတာတက္ကသိုလ် (တောင်ငူ)ရဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာ၊ ဆရာမတွေရဲ့ စိတ်အားထက်သန်မှုနဲ့ တွန်းအားပေးမှုတွေကြောင့် သမီးတို့ ဒီ Mini Freezer Project ကို ပထမဆုံး စလုပ်ဖြစ်ခဲ့တာပါ။ ပထမဆုံး လုပ်တာဖြစ်တဲ့အတွက် ဆရာ၊ ဆရာမတွေက ပစ္စည်းတစ်ခုချင်းဆီရဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ် ပြောပြပေးခဲ့ပါတယ်။ ဆရာ၊ ဆရာမတွေရဲ့ တိုက်တွန်းချက်ကြောင့် ခုလို တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်နှစ်တွေမှာလည်း ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။

Voice : အခုဆိုရင် ကျောင်းတွေမှာ သင်ကြားမှု၊ လေ့လာမှုတွေအတွက် အထောက်အကူပြုနိုင်မယ့် Lab တွေရှိလာပါတယ်။ ဒီ Lab တွေကိုရော အဆင့်မြှင့်တင်မှုတွေလုပ်ဖို့ လိုအပ်မလား။
MF : ဒီထက် ပိုအဆင့်မြင့်မယ် ဆိုရင်တော့ ပိုကောင်းတာပေါ့ရှင်။ ရန်ကုန်၊ မန္တလေးက ကျောင်းတွေလောက် ပစ္စည်းမစုံပေမယ့်လည်း သမီးတို့ကျောင်းက နယ်ကျောင်းတွေထဲမှာတော့ ပစ္စည်းစုံတဲ့ကျောင်းပါ။ Project လုပ်နေစဉ်အတွင်းမှာလည်း ကျောင်းက ပစ္စည်းတွေ ထောက်ပံ့ပါတယ်ရှင့်။ ဒီထက်ပစ္စည်းတွေ ပိုစုံလာရင် ပိုကောင်းတဲ့ Project တွေ ထွက်လာမှာပါရှင့်။ ဒါကြောင့် Lab တွေက အဆင့်မြှင့်တင်မှုတွေ လုပ်လေ အဘက်ဘက် ကောင်းကျိုးတွေ ပိုရှိလာလေ ဖြစ်မှာပါ။

Voice : နယ်က ကျောင်းသား ကျောင်းသူတွေရဲ့ အခက်အခဲတွေကြားက တီထွင်ဖန်တီးမှုတွေကို အမျိုးမျိုး ဝေဖန်နေကြတာတွေ ညီမတို့လည်း ကြားရမြင်ရမှာပါ။ ဒီအပေါ်တွေမှာ ဘယ်လို အမြင်ရှိသလဲဗျ။
MF : သမီးတို့်က နယ်က ကျောင်းသားတွေဖြစ်တဲ့အတွက် ရန်ကုန်၊ မန္တလေးကျောင်းတွေလောက် ပစ္စည်း မစုံတော့ Project က မသေသပ်တာ အမှန်ပါရှင်။ သမီးတို့ တီထွင်ဖန်တီးထားတဲ့ ပစ္စည်းကို ဝေဖန်အကြံပေးလို့ လိုအပ်ချက်တွေကို သိလာရပါတယ်။ ကျောင်းချင်း မတူရင်တောင် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားချင်း အတူတူပဲမို့ ဖေးမကူညီကြရင် ပိုအဆင်ပြေတာပေါ့။

Voice : ပြည်တွင်း နည်းပညာနယ်ပယ်မှာ နိုင်ငံတကာ အဆင့်ပြိုင်ပွဲတွေ သွားရောက် ယှဉ်ပြိုင်ကြတယ်။ ရလဒ်ကောင်းတွေလည်း ရလာကြပါတယ်။ ပြည်တွင်းက ကွန်ပျူတာ တက္ကသိုလ်တွေ၊ နည်းပညာတက္ကသိုလ်တွေက ဒီလို တီထွင်ဖန်တီးမှုတွေ လုပ်ကိုင်နေတဲ့ လူငယ်တွေအတွက် ဘယ်လို အထောက်အပံ့တွေ လိုအပ်ဦးမလဲ။
MF : ပြည်တွင်းက ကွန်ပျူတာ တက္ကသိုလ်တွေ၊ နည်းပညာ တက္ကသိုလ်တွေက ဖန်တီးမှုတွေ လုပ်ကိုင်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ကျောင်းက ထောက်ပံ့မှုတွေ၊ ဆရာ၊ ဆရာမတွေရဲ့ အားပေးမှုနဲ့ Project လုပ်ရန် အချိန်လုံလုံလောက်လောက်ရယ် လိုအပ်ပါတယ်။ အလိုအပ်ဆုံးကတော့ ကိုယ်တိုင် ကြိုးစားချင်စိတ်ပါ။ ကိုယ် တာဝန် ယူထားတဲ့အပိုင်းကို အကောင်းဆုံး လုပ်မယ်၊ အဖွဲ့လိုက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ဆောင်ကြမယ်ဆိုရင် နည်းပညာ ဖန်တီးမှုတွေက အကောင်းဆုံး ဖြစ်နေမှာပါ။

Voice : ဒီအင်တာဗျူးရဲ့ နောက်ဆုံးအနေနဲ့ အနယ်နယ် အရပ်ရပ်က ကွန်ပျူတာ တက္ကသိုလ်တွေက နည်းပညာ တီထွင်မှုတွေ လုပ်နေတဲ့ ကျောင်းသား ကျောင်းသူတွေကို ဘာပြောဖို့ရှိမလဲ။
MF : အစပိုင်းမှာတော့ Project လုပ်ဖို့ကို ကြောက်ရွံ့ခဲ့ပါတယ်။ ငါတို့ အဆင်ပြေပါ့မလား၊ ဒီ Project ကို အောင်မြင်ပါ့မလားလို့ တွေးမိပါတယ်။ တကယ် လုပ်တဲ့အခါမှာလည်း အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေရဲ့ အကူညီနဲ့ရော Internet ကနေ ရှာပြီးတော့ရော လေ့လာပြီးလုပ်ခဲ့တဲ့အချိန်မှာ အဆင်ပြေစွာနဲ့ပဲ အောင်မြင်ခဲ့ပါတယ်။ နည်းပညာ တီထွင်မှုတွေ လုပ်ရင်တော့ အခက်အခဲတွေက ရှိမှာပဲလေ။ ဒါကြောင့် အားမလျှော့ဘဲ စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ လေ့လာတီထွင်ကြပါလို့ ပြောချင်ပါတယ်။               

မောင်မန်း

  • VIA
  • TAGS