News

POST TYPE

IT

ကင်ဆာပျောက်ဆေးကြက်ဥများ ဂျပန်တီထွင်
16-Oct-2017

တိုကျို၊ အောက်တိုဘာ ၁၅

ဂျပန်နိုင်ငံ မျိုးရိုးဗီဇဆိုင်ရာ ပညာရှင်များသည် ကင်ဆာအပါအဝင် အခြားလူသားတို့အား ဒုက္ခအပေးဆုံး ရောဂါဝေဒနာများ မဖြစ်ပွားစေရန် တိုက်ဖျက်ပေးနိုင်မည့် ဆေးဝါးများ ပါဝင်ပြီးဖြစ်သည့် ကြက်ဥများကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း The Japan News သတင်းတွင် ဖော်ပြထားသည်။

ကြက်ဥကို များများစားလျှင် ကိုလက်စထရော ဓာတ်များပြီး ဒုက္ခရောက်နိုင်သည်ဟု ပြောနေကြသော်လည်း ဂျပန်နိုင်ငံ National Institute of Advanced Industrial Science and Technology (AIST) အဖွဲ့က တီထွင်သည့်ကြက်ဥမှာ ကင်ဆာ၊ အသည်းရောင်နှင့် အခြား ရောဂါဝေဒနာများကို တိုက်ဖျက်ရာတွင် ကောင်းစွာ ထိရောက်စေနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။

AIST အဖွဲ့မှ သုတေသီများသည် ကြက်သုက်သွေးမှ ဆဲလ်များကို ထုတ်ယူပြီး (Interferon Beta) ဟု ခေါ်သည့်ရောဂါများကို တိုက်ဖျက်နိုင်သော ပရိုတိန်းတစ်မျိုးကို ကြက်ဥများအတွင်း ထည့်သွင်းပေးနိုင်ခဲ့ပြီဖြစ်သည်။

ကြက်များကတစ်ဆင့် ထုတ်ယူရရှိသည့် ပရိုတိန်းသည် လူတို့ကို ဒုက္ခပေးနိုင်သည့် အရေပြား ကင်ဆာနှင့် အသည်းဝေဒနာများကို ပျောက်ကင်းစေရန်အတွက် ကြက်အထီးကောင်များကို ကြိုတင်ပြီး မျိုးစိတ်များကို ပြုပြင်ကာ ဖန်တီးပေးထားသည်။

ကြက်ထီးများသည် ကြက်မများနှင့် ဆက်ဆံရာမှ ဖြစ်ပေါ်လာသည့် ကြက်ဥများတွင် (Interferon Beta) ဓာတ်များသည် အလိုအလျောက် ပါဝင်သွားသောကြောင့် ထိုဆေးကြက်ဥများကို စားသုံးရုံဖြင့် ဝေဒနာများ မဖြစ်စေရန် အလိုအလျောက် ကာကွယ်ပြီးသား ဖြစ်သွားစေနိုင်သည်။

တိုကျိုရှိ Cosmo Bio ကုမ္ပဏီသည် AIST သုတေသနအဖွဲ့နှင့်ပူးပေါင်းပြီး ကြက်မျိုးစိတ်များကို စမ်းသပ် ထုတ်လုပ်လျက်ရှိပြီး၊ ထိုကြက်များက ဥသည့် အဖြူရောင်ကြက်များတွင် (Interferon Beta) ဓာတ်များ အလိုအလျောက် ပါဝင်လာစေရန် စီစဉ်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း The Japan News တွင် ရေးသားထားသည်။

ယခုလိုကြက်ဥများထဲတွင် ဆေးဝါးများ စီစဉ်ထည့်ပေးရခြင်းမှာ ဆေးဝါး ထုတ်လုပ်ရသည့် စရိတ်များကို လျှော့ချနိုင်ရန် ဖြစ်ကြောင်း၊ တန်ဖိုးနည်းပြီး လူသားတို့ကို အကျိုးပြုစေနိုင်သည့် ရည်ရွယ်ချက်ဖြင့် ဆေးကြက်ဥများကို တီထွင်ရခြင်းဖြစ်ကြောင်း အိုဆာကာ တက္ကသိုလ်မှ ပါမောက္ခ ဟီရိုနိုဘူ ဟိုဂျိုကပြောကြားသည်။

ပညာရှင်များသည် ကြက်ဥတစ်လုံးကို စားလိုက်သည်နှင့် (Interferon Beta) ဓာတ် ၁၀ဝ မီလီဂရမ်အထိ ရစေနိုင်မည့် ကြက်မျိုး ဆက်တစ်ခုအထိ ရရှိစေရန် တီထွင် လုပ်ဆောင်နေကြောင်း The Japan News တွင် ဖော်ပြထားသည်။


  • VIA