POST TYPE

IT

ဟိုချီမင်းစီတီးဆေးရုံ အာဆီယံ နည်းပညာနှင့် သတင်းအချက်အလက် လုံခြုံမှုဆုရ
13-Oct-2017 tagged as

ဟိုချီမင်း၊ အောက်တိုဘာ ၁၂

အာဆီယံနိုင်ငံများအဖွဲ့က ကျန်းမာရေးဌာနတွင် နည်းပညာနှင့် သတင်း အချက်အလက် လုံခြုံမှုကို ထိန်းသိမ်း စောင့်ရှောက်နိုင်မှု အကောင်းဆုံး ဆေးရုံများကို ဆုချီးမြှင့်လျက်ရှိရာ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တော်၊ Thu Duc ဆေးရုံကြီးအား ၂၀၁၇ ခုနှစ်အတွက် ASEAN CIO/CSO Awards 2017 ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း Vietnam.net သတင်းတွင် ဖော်ပြထားသည်။ 

သူဒပ်ဆေးရုံကြီးသည် တစ်နေ့လျှင် ပြင်ပ လူနာပေါင်း ၂၀ဝ မှ ၅၀ဝ၀ အတွင်း ကုသမှု ပေးနေရသော်လည်း နည်းပညာဆိုင်ရာ ပစ္စည်းများကို အကောင်းဆုံး အသုံးချနိုင်ပြီး တီထွင်ဖန်တီး သုံးနိုင်စွမ်းရှိခြင်း၊ လူနာများကို ခေတ်မီပစ္စည်းများနှင့် စစ်ဆေး ကုသပေးနိုင်ခြင်း၊ လူနာများ၏ အချက်အလက်များကို ကွန်ပျူတာ စနစ်များဖြင့် အကောင်းဆုံး မှတ်တမ်းတင်ပေးနိုင်မှုများကြောင့် အာဆီယံ အဖွဲ့အစည်းက ယင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့ရခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

“လူတွေက နည်းပညာကို အသုံးပြုနေတာကြောင့် ရင်းနှီးမြှုပ်နှံရတဲ့ တန်ဖိုးတွေ ကြီးမားတယ်၊ ရနိုင်တဲ့ အကျိုးအမြတ်က နည်းမယ်လို့ ထင်ကြတယ်။ ဒါကြောင့် နည်းပညာကို စီမံခန့်ခွဲရေး လုပ်ငန်းတွေမှာပဲ သုံးကြတာ များတယ်”ဟု ဆေးရုံ၏ ညွှန်ကြားရေးမှူး ငုယင်မင်ကွမ်က ပြောကြားသည်။

ယခုအခါ သူဒပ်ဆေးရုံကြီးတွင် အီလက်ထရွန်နစ် ဆေးပညာမှတ်တမ်းစနစ်ကို စတင် အသုံးပြုနေပြီး မကြာသော ကာလတွင် တစ်နိုင်ငံလုံးရှိ ဆေးရုံများတွင်ပါ အသုံးပြုသွားမည်ဖြစ်ကြောင်း တွဲဖက် ညွှန်ကြားရေးမှူး တန်ချီသောင်းက ဆိုသည်။

ဗီယက်နမ်နိုင်ငံတွင် ဆေးရုံသို့ ရောက်လာသည့် လူနာတိုင်းကို ကိုယ်ပိုင်သက်သေခံ ကုတ်အမှတ်အသားတစ်ခု ပေးထားပြီး၊ နောင်တစ်ချိန်တွင် ထိုကုတ်နံပါတ်အား အသုံးပြု၍ မည်သည့်ဆေးရုံသို့ တက်ရောက်ကုသသည်ဖြစ်စေ လူနာ၏ ကျန်းမာရေး မှတ်တမ်းများကို ဖော်ထုတ်နိုင်ရန် စီစဉ်ထားသည်။

လူနာများတွင် ကိုယ်ပိုင်ကုတ်များ ရှိနေခြင်းကြောင့် ဆေးရုံများတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေစရာမလိုဘဲ ကုသရေးကို အမြန်ဆုံး ဆောင်ရွက်လာနိုင်ကြောင်း၊ လူနာများကို စမ်းသပ်ခြင်း၊ စစ်ဆေးခြင်း၊ ဆေးပေးခြင်း စသည့် ကိစ္စများတွင်လည်း ကွန်ပျူတာများနှင့် ချိတ်ဆက် အသုံးပြုနေခြင်းကြောင့် ပိုပြီးထိရောက်ကာ မြန်ဆန်လာခဲ့ကြောင်း၊ ဆရာဝန်များကိုလည်း (Digital Signature) များကို ပေးအပ်ထားပြီး၊ ကွန်ပျူတာများနှင့် စစ်ဆေး အဖြေရှာခြင်းများကို လုပ်ဆောင်ခွင့် ပေးထားသောကြောင့်လည်း မလိုအပ်သည့် စာရွက်စာတမ်းများ ဖောင်းပွနေခြင်းကို ရှောင်လွှဲနိုင်ခဲ့ကြောင်း Vietnam.net သတင်းတွင် ရေးသားထားသည်။

ဗီယက်နမ်နိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် VNPT, Viettel, FPT ကုမ္ပဏီများ ပူးပေါင်းပြီး ဗီယက်နမ်နိုင်ငံ၏ ဆေးပညာလောက တိုးတက်မြင့်မားရေးနှင့် နည်းပညာစနစ်များအား ကျန်းမာရေးဌာနများတွင် ခေတ်မီစွာ အသုံးပြုနိုင်ရေးများကို ဆောင်ရွက် လျက်ရှိသည်။

  • VIA
  • TAGS