News

POST TYPE

IT

ဒူဘိုင်းရဲတပ်ဖွဲ့ ဟိုးဗားလေပေါ်ဝဲယာဉ်များ အသုံးပြုမည်
13-Oct-2017 tagged as


ဒူဘိုင်း၊ အောက်တိုဘာ ၁၂

အာရပ်စော်ဘွားများနိုင်ငံမှ ဒူဘိုင်းတွင် ရဲတပ်ဖွဲ့ဝင်များသည် ရာဇဝတ်မှု နှိမ်နင်းရေးအတွက် လေပေါ်ဝဲပျံနိုင်သည့် ဟိုးဗား (Hoverbike) ဆိုင်ကယ်များကို အသုံးပြုသွားရန် စီစဉ်နေပြီး သရုပ်ပြ စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း The Mirror သတင်းတွင် ဖော်ပြထားသည်။ 

ဒူဘိုင်းရဲတပ်ဖွဲ့က အသုံးပြုမည့် Hoverbike များသည် မြေပြင်အထက် အမြင့် ၁၆ ပေအကွာမှ (လူမပါ) ပျံသန်းနိုင်မည် ဖြစ်သောကြောင့် ယဉ်ကြော ပိတ်ဆို့မှုများကိုလည်း စိုးရိမ်စရာ မလိုတော့ဘဲ လိုက်လံ ဖမ်းဆီးမှုများကို လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

အောက်တိုဘာ ၁၀ ရက်နေ့က ဒူဘိုင်းတွင် စမ်းသပ် မောင်းနှင်ပြသည့် Hoverbike သည် တစ်နာရီလျှင် ၄၃ မိုင် အမြန်နှုန်းဖြင့် ၂၅ မိနစ်အကြာ မောင်းနှင်ပြနိုင်ပြီး၊ အလေးချိန် ကီလိုဂရမ် ၃၀ဝ အထိ သယ်ဆောင်ပြနိုင်ခဲ့သည်။

ဒူဘိုင်းနိုင်ငံ ရဲတပ်ဖွဲ့တွင် အသုံးပြုမည့် Hoverbike များကို ရုရှားနိုင်ငံ ဒရုန်းယာဉ်များ ထုတ်လုပ်သည့် Hoversurf ကုမ္ပဏီက တီထွင် ထုတ်လုပ်ပေးထားခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့တွင် တပ်ဆင် အသုံးပြုရန်ဟုဆိုကာ တစ်ပတ်အကြာ ပြသသည့် Gulf Information Technology Exhibition (GITEX) ပွဲတွင် သရုပ်ပြသခဲ့ခြင်းဖြစ်ပြီး မောင်းသူမဲ့ကားများ မပေါ်မီ ရှေ့ပြေး အစီအစဉ်တစ်ခုအနေနှင့် လုပ်ဆောင်ပြသခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
 
လက်ရှိ အနေအထားတွင် တန်ဖိုး မြင့်မားလွန်းသောကြောင့် အရေအတွက် များစွာ ထုတ်လုပ် တပ်ဆင်နိုင်ဦးမည် မဟုတ်ဘဲ လာမည့် ၂၀၂၀ ပြည့်နှစ်မှသာ ရဲစခန်းတိုင်းတွင် တပ်ဆင် အသုံးပြုရန် စီစဉ်ထားသည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုသည်။

ဒူဘိုင်းနိုင်ငံတွင် မောင်းသူမဲ့ကားများ၊ တက္ကစီများကို အသုံးပြုရန်အတွက် ဂျာမနီနိုင်ငံ ကုမ္ပဏီများနှင့် လုပ်ဆောင်ခဲ့ပြီးနောက်၊ ပြစ်မှုကျူးလွန်သူများ၊ ဥပဒေချိုးဖောက်သည့်ယာဉ်များကို အမြန်ဆုံး အရေးယူရန်အတွက် ရဲတပ်ဖွဲ့ဝင်အနေနှင့် Hoverbike ကို မဖြစ်မနေ လိုအပ်လာကြောင်း၊ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများကိုလည်း ချက်ချင်း သွားရောက် စုံစမ်းနိုင်စေရန် လိုအပ်လာသဖြင့် ရဲတပ်ဖွဲ့က ခေတ်မီ Hoverbike များကို တပ်ဖွဲ့အတွက် အသုံးပြုရန် စီစဉ်နေကြောင်း The Mirror တွင် ရေးသားထားသည်။

  • VIA
  • TAGS