News

POST TYPE

IT

စမတ်ဖုန်းတွေ အများကြီးထဲက ဘယ်လိုရွေးချယ် ဝယ်ယူမလဲ
10-Oct-2017

စမတ်ဖုန်းသစ်တွေ အများအပြား ထွက်ရှိလာတဲ့အပြင် ပြည်တွင်း ဈေးကွက်မှာလည်း အလွယ်တကူနဲ့ ရွေးချယ်စရာတွေ အများကြီး ရှိလာပါတယ်။ ဒီတစ်ပတ်မှာတော့ ကိုယ်နဲ့သင့်တော်တဲ့ စမတ်ဖုန်းတစ်လုံးကို ဘယ်လို ရွေးချယ်ဝယ်ယူမလဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။

မျက်နှာပြင် အရွယ်အစား

ကိုယ်က သယ်ဆောင်ရ လွယ်ကူတာကို ကြိုက်တာလား၊ မျက်နှာပြင် ကျယ်ကျယ်ပြန့်ပြန့်ကို သဘောကျတာလားဆိုတာ ထည့်တွက်သင့်ပါတယ်။ ၅ ဒသမ ၅ လက်မလောက်ဆိုရင် သင့်တော်လောက်ပါတယ်။ သိပ်ကြီးမားကျယ်ပြန့်တဲ့ ဖုန်းတွေက ကိုင်ဆောင်ရတာ နည်းနည်း သက်သောင့်သက်သာ မဖြစ်ဘူးလားလို့ပါ။ ဒါပေမဲ့လည်း ကိုယ်က ဂိမ်းတွေ ဆော့မယ်၊ စာဖတ်မယ် စသည်ဖြင့် သုံးမယ်ဆိုရင်တော့လည်း မျက်နှာပြင် ကြီးကြီးမားမား သုံးဖို့ လိုအပ်တာပေါ့လေ။

ဘက်ထရီ အရည်အသွေး

3000 mAh လောက်တော့ ပါသင့်ပါတယ်။ ပေးရတဲ့တန်ဖိုးအပေါ် မူတည်ပြီးတော့တော့ တချို့ဖုန်းတွေက နည်းတာရှိရင် ရှိမယ်။ ပါဝါ အသုံးပြုမှုကို မျှတအောင် လုပ်ဆောင်ပေးနိုင်မှုတွေ ဘာတွေရှိရင်တော့ ဒီထက် လျော့နည်းပေမယ့်လည်း အဆင်ပြေနိုင်ပါတယ်။ ကိုယ်က အသေးစိတ် မသိဘူးဆိုရင်တော့ 3000 mAh လောက်ပါတာကို ရွေးဝယ်ပေါ့။

ဖုန်းအတွင်း သိုမှီးနိုင်မှု

ထပ်တိုးမြှင့်လို့ ရတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ဖုန်းအတွင်းသိုမှီးနိုင်မှု 32 GB လောက်ကိုတော့ ရွေးချယ်သင့်ပါတယ်။ ဘာမှမထည့်ဘူးဆိုရင် တောင် ဖုန်းထဲမှာ ဓာတ်ပုံတွေနဲ့ အခြားအခြားတွေ သိမ်းထားတတ်ကြတယ် မဟုတ်လား။

တန်ဖိုး

ဒါကတော့ ကိုယ့်စိတ်ကြိုက်အပေါ် မူတည်သွားပါပြီ။ ပျမ်းမျှ တွက်ချက်ကြည့်ချင်ရင်တော့ ဖုန်းတစ်လုံးကို အနည်းဆုံး ၂ နှစ်လောက်တော့ သုံးဖြစ်လိမ့်မယ် ထင်ပါတယ်။ ၂ နှစ်တာ အသုံးပြုမှုအတွက် ကိုယ် ဘယ်လောက် အသုံးပြုနိုင်မလဲ။ နောက်တစ်ခုက ကိုယ်ဘယ်လောက် သုံးမယ်ဆိုတာကို ကြိုတင် သတ်မှတ်ထားစေချင်ပါတယ်။ ကိုယ်က ဘယ်လောက် သုံးနိုင်မယ်၊ ဘာဖုန်း ဝယ်သင့်တယ် ဆိုတာကို နားလည်သူတွေကို မေးမြန်းတာပဲဖြစ်ဖြစ်၊ ကိုယ်တိုင် လေ့လာကြည့်တာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ အလယ် အလတ်တန်း Android ဖုန်းတစ်လုံးကို ကျပ် ၂၅၀,ဝဝဝ ဝန်းကျင်လောက် သုံးမယ်ဆို သင့်တော်လောက်ပါတယ်။ တတ်နိုင်တဲ့သူကတော့ ထိပ်တန်း စမတ်ဖုန်းတွေ ရွေးချယ်ပေါ့လေ။

အထက်ပါ အချက်တွေက စမတ်ဖုန်းတစ်လုံး ရွေးချယ်ဝယ်ယူမယ့်သူတွေအတွက် အထောက်အပံ့ ဖြစ်စေမှာပါ။ ကိုယ်အသုံးပြုချင်တဲ့ အနေအထားအလိုက် ကွာဟမှုလေးတွေတော့ ရှိနိုင်ပေမယ့် အခြေခံထည့် စဉ်းစားသင့်တဲ့ အချက်တွေဖြစ်တဲ့အတွက် ဒီတစ်ပတ်အတွက် ဖော်ပြပေးလိုက်ပါတယ်။


  • VIA