News

POST TYPE

IT

Facebook မှ Like ကို တီထွင်သူ Facebook ကို မသုံးတော့ဟုဆို
09-Oct-2017 tagged as Facebook

ဝါရှင်တန်၊ အောက်တိုဘာ ၈

ယခင်က Facebook ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး Like ဆိုသည့် ခလုတ်နှင့် သူ၏အကျိုးဆက်များကို တီထွင်ခဲ့သူ ဂျပ်စတင် ရိုဆန်စတိန်းဆိုသည့် ဆော့ဖ်ဝဲ အင်ဂျင်နီယာသည် ဆိုရှယ်မီဒီယာမှ Like ဆိုသည့် ခလုတ်သဘောတရားကို မုန်းလွန်းသောကြောင့် Facebook သုံးခြင်းကို ရပ်ဆိုင်းလိုက်ကြောင်း The Guardian သတင်းတွင် ဖော်ပြထားသည်။ 

Like ဆိုသည့် သဘောတရားသည် မိမိကို အာရုံနောက်လာစေပြီး မကြာခဏ စိတ်အနှောင့်အယှက် ပေးနေသောကြောင့် ယခုအခါ ဖုန်းထဲတွင် ဆောဖ့်ဝဲ အားလုံးကို ဖြုတ်လိုက်ပြီး သီးခြား ပြောဆို ဆက်သွယ်မှု တစ်ခုကိုသာ ပြုလုပ်တော့ကြောင်း ယင်းသတင်းကဆိုသည်။

ဂျပ်စတင်က မိမိအနေနှင့် Post တစ်ခုကို တင်လိုက်သူအား မည်မျှ တုံ့ပြန်မှုများရှိကြောင်း၊ သူ၏ Post သည် မည်မျှ လူကြိုက်များကြောင်း သိစေချင်သောကြောင့် ယခုကဲ့သို့ Like ကို တီထွင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် ဂျပ်စတင်က ဆီလီကွန်တောင်ကြားရှိ တီထွင်မှုရပ်ဝန်းကြီးတစ်ခုကို သတိပေးထားသည်မှာ အောင်မြင်နေပါသည်ဆိုသည့် လုပ်ငန်းရှင်တိုင်းသည် မိမိတို့ အောင်မြင်မှုတွင် သာယာမနေကြစေလိုကြောင်း၊ တစ်နေ့တွင် ထိုအောင်မြင်မှုကပင် မိမိတို့ကိုပြန်ပြီး ဖျက်ဆီးနိုင်ကြောင်း သတိပေးသွားသည်။ 

ဂျပ်စတင်က ဆိုရှယ်မီဒီယာ ဆိုသည်မှာ ဘိန်းဖြူကဲ့သို့ စွဲလမ်းတတ်ကြောင်း၊ ထို့ကြောင့် ဆိုရှယ်မီဒီယာကို တီထွင်သူများက သုံးစွဲသူများကို ဖြတ်မရသည့်နည်းများဖြင့် တုပ်နှောင်ထားရန် ကြိုးစားလေ့ရှိကြောင်းကိုလည်း သတိပေးသွားသည်။ 

ဆိုရှယ်မီဒီယာကို စွဲလမ်းလာပြီဆိုလျှင် ကုမ္ပဏီများသည် ကြော်ငြာများဖြင့် အစားထိုးပြီး အကျိုးအမြတ် ရှာရန်သာရှိတော့ကြောင်း၊ ထို့ကြောင့် မိမိအနေနှင့်လည်း အသုံးပြုနေသည့် လက်ပ်တော့တွင်ပါ ဆိုရှယ်မီဒီယာဆိုင်ရာ Reddit နှင့် Snapchat တို့ကအစ ပိတ်ထားလိုက်ပြီး အချိန်မဖြုန်းတော့ကြောင်း ယခင်က Facebook တွင် Like ကို တီထွင်ခဲ့သူ ဂျပ်စတင်က ပြောကြားသည်။

ဂျပ်စတင်သည် ယခုအခါ iPhone ကို ကိုင်နေသော်လည်း ဆော့ဖ်ဝဲများ download လုပ်ခြင်းကို ပိတ်ထားသည့်အပြင်၊ မိဘများကိုယ်တိုင် ထိန်းချုပ်ပြီး ဆိုရှယ်မီဒီယာကို လိုသလောက်သာ အသုံးပြုစေနိုင်မည့် ဆော့ဖ်ဝဲတစ်မျိုးကို တီထွင်လျက်ရှိကြောင်း၊ လူတိုင်း မရည်ရွယ်ဘဲ လုပ်လိုက်သည့်ကိစ္စတိုင်းကို စီးပွားရေးသမားများကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ထားသည်ကို သတိထားစေလိုကြောင်း အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။

Norttingham Trent တက္ကသိုလ်မှ သုတေသီများကလည်း NitiMind ဆိုသည့် ဆော့ဖ်ဝဲကိုတီထွင်ပြီး ဆိုရှယ်မီဒီယာ အသုံးပြုမှုနှင့် Like ပေးမှုကို ဆန်းစစ်ရာတွင် သုံးစွဲသူများအနေဖြင့် စိတ်ပျက်၊ ဝမ်းနည်း၊ ကြောက်ရွံ့၊ ဒေါသထွက်၊ အရှက်ရမှုများ ဖြစ်နေရကြောင်း The Telegraph သတင်းတွင် ရေးသားထားသည်။