POST TYPE

IT

ကလေးတက္ကသိုလ် သိမ်းဆည်း လယ်ယာမြေ လျော်ကြေးပေးရန် တောင်းဆို
ကလေး၊ အောက်တိုဘာ ၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ကျောင်းဝင်းအတွက် သိမ်းဆည်းထားသည့် လယ်ယာမြေများ လျော်ကြေး ပြန်လည်ရရှိရေး တောင်သူများက တောင်းဆိုထားကြောင်း ကူညီဆောင်ရွက်ပေးသည့် အထက်ချင်းတွင်းလူငယ်ကွန်ရက်မှ ဒါရိုက်တာ ဦးကျော်သက်ဝင်းက ပြောကြားသည်။

တောင်သူ ၂၆ ဦးပိုင် လယ်ဧက ၇၃ ဒသမ ၄၅ ဧကအတွက် မြေယာလျော်ကြေး ရရှိရန် တောင်သူ ၂၆ ဦးက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီထံသို့ အောက်တိုဘာလ ၈ ရက်နေ့က စာတင် တောင်းဆိုထားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

၁၉၉၀ ပြည့်နှစ်အတွင်းက ကလေးတက္ကသိုလ်ကျောင်းမြေအတွက် အသုံးပြုရန် သိမ်းယူခံခဲ့ရခြင်းဖြစ်ပြီး ယခုအခါ တက္ကသိုလ် အဓိပတိလမ်းများ၊ စာသင်ဆောင်နှင့် အဆောက်အအုံများအဖြစ် အသုံးပြုထားပြီးဖြစ်သဖြင့် သိမ်းဆည်းခံရထားသည့် မြေယာအတွက် လျော်ကြေးငွေ ရရှိလိုခြင်းကြောင့် တောင်းဆိုခြင်းဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

“မြေယာတွေ အသိမ်းခံလိုက်ရတော့ သူများ စားရင်းငှားဘဝနဲ့ ကြုံရာကျပန်း လုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့ရတယ်။ အခုအစိုးရသစ်လက်ထက် ဥပဒေတွေလည်း ကောင်းလာပြီ။ နစ်နာဆုံးရှုံးသူတွေကိုလည်း ကူညီစောင့်ရှောက်ပေးတယ်ဆိုလို့ လျော်ကြေးရဖို့ တင်ခဲ့တာ”ဟု မြေယာ အသိမ်းခံခဲ့ရသည့် ကလေးမြို့နေ ဦးကျင်ဇထန်က ဆိုသည်။ 

တက္ကသိုလ်တည်ဆောက်ရန် သိမ်းဆည်းခံရသည့် မြေယာများအတွက် စတင်သိမ်းဆည်းချိန်မှစ၍ နစ်နာကြေး တစ်စုံတစ်ရာ မရခဲ့ဘဲ၂၀၁၂ ခုနှစ် ကလည်း နစ်နာကြေး ရလိုမှုအတွက် တစ်ကြိမ် လျှောက်ထားခဲ့သော်လည်း ယခုအချိန်ထိ မည်သည့် တုန့်ပြန်မှုမှ မရှိသည့်အတွက် ထပ်မံ တောင်းဆိုရခြင်းဖြစ်ကြောင်း မြေယာ အသိမ်းခံခဲ့ရသည့် ကလေးမြို့နေ ဦးတွမ်ဇခမ်က ပြောကြားသည်။

R-20