News

POST TYPE

IT

လူသားခန္ဓာကိုယ်အတွင်းခရီး
08-Oct-2017 tagged as

ယခင်က သိပ္ပံရုပ်ရှင်ဇာတ်ကားများထဲတွင် လူသား၏ ကိုယ်ခန္ဓာအတွင်း သွေးကြောကတစ်ဆင့် ခရီးနှင်ခြင်းများကို ရိုက်ပြခဲ့ကြသည်။ ယနေ့ခေတ်တွင် စိတ်ကူးက လက်တွေ့ဖြစ်လာသည်။ သွေးကြောအတွင်း အလွန်သေးငယ်သည့် ကြိုးမျှင်ကင်မရာလေးကိုသွင်းပြီး နှလုံးအထိ အသေးစိတ် လေ့လာကြည့်ရှုနိုင်ရန် ဒေါက်တာလော်ရာ မားကူး ဦးဆောင်သည့် ပညာရှင်အဖွဲ့က အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း Scientific Reports ဂျာနယ်တွင် ဖော်ပြထားသည်။ 

Intravascular ultrasound စနစ်များနှင့် ပေါင်းစပ်ကာ လူ့ကိုယ်ခန္ဓာအတွင်း ထည့်သွင်းပေးရမည့် ကြိုးမျှင်က နှလုံးအထိ ထိုးဖောက်ဝင်ရောက်ပြီး အခြေအနေများကို ပြင်ပရှိသူများအား မခွဲမစိတ်ရဘဲ ပြသပေးနိုင်သည့် ခေတ်ရောက်တော့မည် ဖြစ်သည်။ 

ဆေးထိုးအပ်ပြွန် အထောက်အကူဖြင့် သွေးကြောကတစ်ဆင့် သွင်းပေးလိုက်မည့် စက်လေးက နှလုံးအထိ စူးစမ်းပြီး ဖော်ပြပေးနေမည် ဖြစ်သောကြောင့် နှလုံးရောဂါများ စမ်းသပ်ကုသရာတွင် ပိုပြီး လွယ်ကူလာစေမည် ဖြစ်သည်။

Angiography ဟု အမည်ပေးထားသည့်စနစ်ကို လူ၏ အတွင်းပိုင်းတစ်ခုလုံးကို ဓာတ်မှန်မရိုက်မီ ဆေးထိုးထည့်ပေးလိုက်ပြီး သွေးကြောများ၏ အနေအထားအား စမ်းသပ်လေ့လာရာတွင် လက်ရှိအသုံးပြုနေပြီး၊ ယခုနောက်ဆုံး တွေ့ရှိထားသည့် သွေးကြောထဲသို့ ပို့လွှတ်နိုင်သည့်နည်းမှာ ပိုပြီးတိကျကာ အန္တရာယ် ဖြစ်စေနိုင်သည့် အစိတ်အပိုင်းများ၊ ပိတ်ဆို့မှုများကို ပိုပြီး ထိရောက်စွာ ကုသနိုင်မည် ဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။ 

သွေးကြောအတွင်းက တစ်ဆင့် လူ့ကိုယ်ခန္ဓာအတွင်းပိုင်း လေ့လာရေးစနစ်ကို ကာလီဖိုးနီးယား မှ UC Davis အဖွဲ့က ဒေါက်တာလော်ရာ ဦးဆောင်ကာ တီထွင်စမ်းသပ်နေခြင်း ဖြစ်သည်။ ယင်းအဖွဲ့တီထွင်ထားသည့် စနစ်မှာ Intravascular ultrasound အကူအညီဖြင့် အလင်းလွှတ်ထားသော နန်းကြိုးမျှင်ကို သွေးကြောများအတွင်း သွင်းပြီး အထူးစီစဉ်ထားသည့် စက်ပစ္စည်းလေးဖြင့် စမ်းသပ်ကုသသွားမည် ဖြစ်သည်။ 

ယင်းနန်းကြိုးမျှင်သည် (optical fiber) ကြိုးမျှင်ဖြစ်ပြီး လေဆာရောင်ခြည်ကိုလည်း ပစ်လွှတ်နိုင်စွမ်း ရှိသဖြင့် တစ်သျှူးများ၊ အဆီများ၊ သွေးခဲများကိုလည်း ချေဖျက်ပေးနိုင်စွမ်းရှိမည် ဖြစ်သည်။ 

ကိုယ်ခန္ဓာကို ခွဲစိတ်စရာ မလိုဘဲ လိုအပ်သည့်နေရာများကို အလွယ်တကူ လေ့လာထောက်လှမ်းပြီး ကုသနိုင်မည့် နည်းပညာဖြစ်သဖြင့် အားတက်စရာတစ်ခု ဖြစ်ကာ FDA ၏ ခွင့်ပြုချက်ကို ရယူပြီး ဆေးပညာအတွက် တိုးချဲ့လုပ်ဆောင်သွားမည်ဟု ဒေါက်တာလော်ရာက ပြောကြားသည်။ 

  • TAGS