News

POST TYPE

IT

ဂျပန်နိုင်ငံ ဘဏ်များတွင် J-Coin ဆိုသည့် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို အသုံးပြုရန် စီစဉ်
06-Oct-2017 tagged as ဂျပန်

တိုကျို၊ အောက်တိုဘာ ၅

ဂျပန်နိုင်ငံ ဗဟိုဘဏ်သည် ငွေသားကိုင်ဆောင်စရာ မလိုသည့် ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ရေးအတွက် ဒစ်ဂျစ်တယ်ငွေများကို လည်ပတ်စီးဆင်းစေမည့် နည်းတစ်ခု ဖြစ်သော J-Coin ဆိုသည့်စနစ်ကို အကောင်အထည်ဖော်နိုင်ရန် စီစဉ်လျက်ရှိကြောင်း Technology Review သတင်းတွင် ဖော်ပြထားသည်။ 

J-Coin ဆိုသည့် စနစ်သည် လက်ရှိဘဏ်များတွင် အသုံးပြုနေသည့် ငွေစက္ကူများနှင့် လည်ပတ်လုပ်ဆောင်နေရသော ဘဏ်စနစ်အပြင်၊ ငွေကိုင်ဆောင် လည်ပတ်နေရသည့် လုပ်ငန်းများကိုလည်း ပြောင်းလဲသွားစေနိုင်ကြောင်း ယင်းသတင်းက ဆိုသည်။
၂၀၂၀ ပြည့်နှစ်တွင် တိုကျို၌ ကျင်းပမည့် တိုကျိုအိုလံပစ်ပွဲက စတင်ပြီး ဂျပန်နိုင်ငံ၏ ငွေကြေးဆိုင်ရာ သုံးစွဲမှုစနစ်များကို ပြုပြင်ပြောင်းလဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း Financial Times သတင်းတွင်လည်း ရေးသားထားသည်။

ဂျပန်နိုင်ငံတွင် လက်ရှိ ငွေသားစက္ကူကို ကိုင်ဆောင်သုံးစွဲနေမှုသည် ၇၀ ရာခိုင်နှုန်းခန့်ရှိပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများကြား ထဲတွင် ငွေသားကိုင်ဆောင် သုံးစွဲနေမှု အများဆုံး ဖြစ်နေသေးသည်။

ငွေသားကိုင်ဆောင် သုံးစွဲမှုသည် ဖုံးကွယ်လုပ်ဆောင်ရန် အကောင်းဆုံး ဖြစ်နေသဖြင့် အိန္ဒိယနိုင်ငံတွင်လည်း ငွေသားကိုင်ဆောင်သုံးစွဲမှုကို ပိတ်ပင်နိုင်ခြင်းက မှောင်ခိုဈေးကွက်တစ်ခုကို ပပျောက်အောင် လုပ်ဆောင်ခြင်း ဖြစ်နိုင်မည်ဟု ခံယူပြီး ဒစ်ဂျစ်တယ် ငွေကြေးသုံးစွဲမှု စနစ်တစ်ခုကို အခြေကျစေရန် စီမံဆောင်ရွက်လျက်ရှိသည်။

ဂျပန်နိုင်ငံတွင် ယန်းငွေအစား J-Coin ကို ကိုင်တွယ်သုံးစွဲရန် စီစဉ်နေခြင်းမှာ ကြားခံဝန်ဆောင်မှု အခမဲ့ရမည့်အပြင်၊ ငွေကြေးလဲလှယ်မှု နှုန်းထားကိုလည်း ကွာဟမှု မရှိစေရန် ဖြစ်ကြောင်း၊ ထို့ပြင် ဘဏ်များ အနေနှင့်လည်း ပြည်သူတို့ ငွေကြေးမည်မျှ သုံးစွဲနိုင်ကြောင်း သက်သေခံချက်များကို ရရှိနိုင်ကြောင်း၊ ငွေကြေးသုံးစွဲမှု နောက်ကြောင်းခံလိုက်ရန် အကောင်းဆုံးစနစ် တစ်ခုလည်း ဖြစ်နိုင်ကြောင်း Financial Times တွင် ရေးသားထားသည်။ 

ဂျပန်နိုင်ငံတွင် Mitsubishi UFJ အဖွဲ့ကလည်း MUFG Coin စနစ်ကို စမ်းသပ်နေပြီး၊ ကုမ္ပဏီဝန်ထမ်း ၁၆၀ဝ ခန့်သည် ငွေပေးငွေယူ ကိစ္စများကို ဒစ်ဂျစ်တယ် ပေးချေမှုများနှင့် စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

MUFG Coin နှင့် J-Coin တို့သည် ဆက်စပ်မှုရှိ၊ မရှိနှင့် အနာဂတ်တွင် မည်သို့ ပူးပေါင်းဆောင်ရွက်မည်ကို တိကျစွာ ဖော်ပြထားခြင်း မရှိသေးကြောင်း Technology Review တွင် ဖော်ပြထားသည်။