News

POST TYPE

IT

တပ်မတော်ကို အဆင့်မြင့် နည်းပညာလက်နက်များ တပ်ဆင်ထားရန် တရုတ်သမ္မတ ရှီကျင့်ဖျင် တိုက်တွန်း
06-Oct-2017 tagged as တရုတ်

ဘေကျင်း၊ အောက်တိုဘာ ၅

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က တရုတ်တပ်မတော်နှင့် ကာကွယ်ရေးဌာနများအား အဆင့်မြင့် နည်းပညာလက်နက်များ တီထွင်ထုတ်လုပ်ပြီး စွမ်းအားမြင့် တပ်မတော်ကြီးတစ်ခု ဖြစ်စေရေး ကြိုးပမ်းအားထုတ်ကြရန် အမိန့်ပေးထားကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။ 

သမ္မတကြီး၏ တိုက်တွန်းမှုတွင် ဆူပါကွန်ပျူတာစနစ်များ၊ ကာကွယ်ရေး ဒုံးကျည်လက်နက်များနှင့် ဂြိုဟ်တုဖြင့် တည်ရာဌာနများကို ထောက်လှမ်းနိုင်သည့် စနစ်များအား တိုးမြှင့်တပ်ဆင် လုပ်ဆောင်ထားကြရန် ပါဝင်ကြောင်း ယင်းသတင်းက ဆိုသည်။

တရုတ်နိုင်ငံက အောက်တိုဘာ ၂ ရက်နေ့တွင် ပြသသည့် CCTV ရုပ်သံသတင်းတွင်လည်း တရုတ်နိုင်ငံ လွတ်မြောက်ရေး တပ်မတော်တွင် နည်းပညာသစ်နှင့် ခေတ်မီလက်နက်များ တပ်ဆင်ထားမှုများကို အသားပေးကာ ထုတ်လွှင့်ပြသခဲ့သည်။

တရုတ်နိုင်ငံသည် စစ်ဆင်ရေးအတွက် အသုံးပြုရန် အထူးထုတ်လုပ်ထားသည့် ရေတပ်သင်္ဘော ဒါဇင်ပေါင်းများစွာကိုလည်း တရုတ်ပိုင် ပင်လယ်ရေပြင်များအတွင်း စေလွှတ်ထားပြီး၊ ယင်းသင်္ဘောများတွင် တပ်ဆင်ထားသည့် လက်နက်များအားလုံးသည် နောက်ဆုံးပေါ် လက်နက်ဆန်းများ ဖြစ်ကြောင်း South China Morning Post တွင် ရေးသားထားသည်။

သမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံ စစ်ရေးဗဟိုကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူဖြစ်ပြီး မိမိတို့နိုင်ငံမှ ပညာရှင်များ အနေနှင့် နည်းပညာတွင် အခြားနိုင်ငံများကို ကျော်လွန်စေရန် တီထွင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် သမ္မတက တပ်မတော်နှင့် ကာကွယ်ရေးဌာနတွင် အဆင့်မြင့်နည်းပညာဖြင့် တပ်ဆင်ထားသည့် လက်နက်များ လိုအပ်ကြောင်း၊ လက်နက်ဖြင့် ပြိုင်ဆိုင်တိုက်ခိုက်ရသည့် စစ်ပွဲများတွင် မိမိတို့ဘက်က ခေတ်နောက်ကျနေသည့် လက်နက်နှင့် နည်းပညာကို ကိုင်ဆွဲထားရန် မဖြစ်နိုင်ကြောင်းလည်း ပြောကြားခဲ့သည်။

CCTV မှတ်တမ်းတွင် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် ပဲ့ထိန်းဒုံးလက်နက်များ ထုတ်လုပ်မှုတွင် နည်းပညာအရ ကွာခြားခြင်း မရှိကြောင်း၊ ယခုအခါ တရုတ်နိုင်ငံ နည်းပညာဆိုင်ရာ တီထွင်ထုတ်လုပ်မှုများတွင် နည်းပညာဘွဲ့ရ ပညာတတ် လူငယ်ကျောင်းသားများ ပူးပေါင်း ပါဝင်လုပ်ဆောင်နေကြကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့အမြန်ဆုံး ကွန်ပျူတာကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ကြောင်း South China Morning Post တွင် ဖော်ပြထားသည်။